နေပြည်တော် ဇန်န၀ါရီ ၁၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း
အပါအ၀င် ဥပဒေကြမ်း ၅ ခုကို ဖတ်ကြားအတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့်
အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဥပဒေ အကြောင်းအရ တစ်ပိုဒ်ချင်းစီအလိုက်
ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ သည်။
ထိုသို့ အဆုံးအဖြတ်ရယူရာတွင် လယ်ယာ၊ စက်မှု၊ ၀န်ဆောင်မှု ကဏ္ဍကြီးများ အလိုက်
ပါဝင်မှုအချိုး အစားပြောင်းလဲရန် ဂွမဲဆန္ဒနယ်မှ ဦးကြည်သာ၏ အဆိုပြုချက်ကို အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က စီးပွားရေးအသွင်သဏ္ဍာန်
ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာ နိုင်ငံနှင့် အိမ်နီးနားချင်းအာဆီယံနိုင်ငံများဖြစ်သည့်
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုသည် ၃၆ ရာခိုင်နှုန်းမှ ၂၀၁၄
ခုနှစ်တွင် ၃၀ ဒသမ ၄ ရာခိုင် နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ပါဝင်မှုအချိုးအစားသည်
၂၃ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုသည်
၄၀ ဒသမ ၇ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၆ ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့ပါကြောင်း။
လာအိုနိုင်ငံတွင် လယ်ယာကဏ္ဍကြီး၌ ၃၂ ဒသမ
၇ ရာခိုင်နှုန်းမှ ၂၇ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး၌ ၃၁ ဒသမ ၈ ရာခိုင်နှုန်းမှ ၃၁ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍကြီး၌ ၃၅
ဒသမ ၅ ရာခိုင်နှုန်းမှ ၄၀ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် လယ်ယာကဏ္ဍကြီး၌
၁၈ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၈ ဒသမ ၁ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး၌ ၃၈ ဒသမ ၂ ရာခိုင်နှုန်းမှ
၃၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍကြီး၌ ၄၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၄၃ ဒသမ ၄ ရာခိုင်နှုန်းသို့
လည်းကောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် လယ်ယာကဏ္ဍကြီး၌ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊
စက်မှုကဏ္ဍကြီး၌ ၃၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍကြီး၌ ၅၂ ဒသမ ၇ ရာခိုင်နှုန်းသို့
လည်းကောင်း ပြောင်းလဲလာပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့
တင်ပြခဲ့သည့် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရ နိုင်ငံ၏ကာလရှည် ရည်မှန်းချက်တွင်
ကမ္ဘာ့အသိုက်အ၀န်း သို့ ၀င်ဆံ့လာမည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်သစ်ကို
ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်
အတွက် စက်မှု နိုင်ငံအဖြစ်ကို နှစ်တိုအတွင်း ပြောင်းလဲနိုင်မည်မဟုတ်ဘဲ နှစ်ရှည်ကာလမှသာ
စက်မှုနိုင်ငံ အဖြစ်ပြောင်းလဲရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင်
စိုက်ပျိုးရေး ကဏ္ဍကို ပိုမိုတိုးတက်စေခြင်းမှ တစ်ဆင့် လယ်ယာအခြေခံ စက်မှုလက်မှုကုန်စည်များ
ထုတ်လုပ်မှုကို အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယခု နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို
လျော့ချသည့်တိုင်အောင် ဂျီဒီပီတိုးတက်မှုနှုန်း လျော့နည်းမှုမှာ အများဆုံး ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်သာ
ကျဆင်းသွားမည်ဖြစ်ပါ ကြောင်း၊ တစ်ဖက်မှလည်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုနှင့်
ထုတ်လုပ်မှုတိုးတက်လာ ပါက လျော့နည်းသွားသည့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုပမာဏကို
အစားထိုးနိုင် မည်ဖြစ်ပြီး ဂျီဒီပီ အနေဖြင့်လည်း မျှော်မှန်းထားသော ရည်မှန်းချက်အတိုင်း
ပြည့်မီနိုင်မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍများနှင့် ၎င်းတို့ပါဝင်ဖွဲ့စည်းထားသော
ကဏ္ဍကြီးများ၏ ထုတ်လုပ်မှု တန်ဖိုး၊ တိုးတက်မှုနှုန်းများကို ပြောင်းလဲရန်မလိုအပ်ပါကြောင်းနှင့်
ပါဝင်မှု အချိုးအစားများကိုလည်း ပြောင်းလဲရန် မလိုအပ်ဘဲ မူလအဆိုပြုထားသည့် ဥပဒေမူကြမ်း
၏ ရည်မှန်းချက်များအတိုင်းသာ ထားရှိသင့်ပါကြောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် ၂၀၁၆ -
၂၀၁၇ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း တစ်ခုလုံးအား အတည်ပြု
ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဆိုတင်သွင်းရာ
လွှတ်တော်က အတည်ပြု ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ကြေညာသည်။
ထို့နောက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ ရငွေသုံးငွေများ၊ ဥပဒေအကြောင်း အရာများနှင့်စပ်လျဉ်း၍
တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
၂၀၁၆
ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း
တစ်ခုလုံးအား အတည်ပြုပေးနိုင်ပါရန် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က
အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်
ပြန်လည်ပေးပို့လာ သည့် ပိုးသတ်ဆေးဥပဒေကြမ်း၊
အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း၊
ရာဇ၀တ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
တို့နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့ကို ဇန်န၀ါရီ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment