ရွာငံ
ဇန်နဝါရီ ၁
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်ရှိ
မြို့ကြီးဘက်စုံရေလှောင်တမံ စီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးဝင်းထွန်း၊
ဒေါက်တာမြင့်အောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊
မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ် စိုးထွဋ်တို့နှင့်အတူ ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် မြို့ကြီးဘက်စုံ
လှောင်တမံ စီမံကိန်းသို့ ရောက်ရှိကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်
ဝန်ကြီးများ၊ ဓနုနှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌများ၊ လူမှုရေး
အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
အဆိုပါ ရေလှောင်တမံဖွင့်ပွဲအခမ်းအနားတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ဖွင့်ပွဲအထိမ်းအမှတ်စကား
ပြောကြားရာတွင် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းသည် မိမိတို့ အစိုးရကာလအတွင်း
(၁၀)ခုမြောက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့် စီမံကိန်း ဖြစ်ပါကြောင်း၊ မန္တလေးတိုင်း
ဒေသကြီးရှိ ဇော်ဂျီ ဆည်ရေသောက် ဧရိယာ ဧက (၈၂၀၀၀)အား စိုက်ပျိုးရေ လုံလောက်စွာ ဖြည့်တင်း
ပေးဝေနိုင်မည် ဖြစ်ပြီး ပူပြင်း ခြောက်သွေ့သည့် မိတ္ထီလာ လွင်ပြင်ဒေသ အတွင်းရှိ မြေဧရိယာ
ဧက (၃၃၀၀၀)ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း။
ထို့ပြင် တပ်ဆင် အသုံးပြုမည့် (၁၅)မဂ္ဂါဝပ် လျှပ်စစ်
ဓာတ်အားပေးစက် (၂)လုံးမှ နေ့စဉ် ပို့လွှတ်မည့် လျှပ်စစ် ဓာတ်အားကို ရှမ်းပြည်နယ်နှင့်
ဆက်စပ် ဒေသများအား မဟာ ဓာတ်အားလိုင်းမှ တစ်ဆင့် ပို့လွှတ်ဖြန့်ဖြူး အသုံးပြု နိုင်တော့မည်
ဖြစ်ကြောင်း။
စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းများ၊ အသေးစားနှင့်
အလတ်စား စက်မှု လုပ်ငန်းများ ထူထောင်လာနိုင်ကြမည် ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်
ဆင်းရဲ နွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်
ဖြစ်ပါကြောင်း။
နောင်ဖြစ်ပေါ်လာမည့် အစိုးရသစ် ကာလတွင် နိုင်ငံတော်နှင့်
နိုင်ငံသားတို့၏ ရေရှည် အမျိုးသားရေး အကျိုးစီးပွားကို
သားစဉ်မြေးဆက် လက်ဆင့်ကမ်း ဖော်ဆောင် သွားနိုင်ရေး အတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ်များအား
လက်တွေ့ ကြိုးပမ်း ဆောင်ရွက် နိုင်ခဲ့သည့် ရလဒ် ဖြစ်ပါကြောင်း။
နိုင်ငံသား အားလုံး၏ ရေရှည် အမျိုးသား အကျိုးစီးပွားအတွက်
ရင်းနှီးမြှုပ်နှံ တည်ဆောက် အကောင် အထည်ဖော်ခဲ့သည့် ဤဘက်စုံ စီမံကိန်းကြီးအား ဝိုင်းဝန်း
ထိန်းသိမ်း စောင့်ရှောက် သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က မြို့ကြီး ရေလှောင်တမံနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး
ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စီမံကိန်းတွင်
ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ဝန်ထမ်းများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအား ဂုဏ်ပြုလက်ဆောင်များပေး
အပ်သည်။
ထို့နောက် နိုင်ငံတော် သမ္မတသည် အခမ်းအနားသို့
တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် မြို့ကြီးရေလှောင်တမံ
ကမ္ဗည်းကျောက်စာ တိုင်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖြန်းပေးသည်။
ထို့နောက် မြို့ကြီး ရေလှောင်တမံ မုခ်ဦးအား
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊ ဦးခင်မောင်စိုး၊ ဝန်ကြီးချုပ် ဦးရဲမြင့်နှင့်
ဦးစဝ်အောင်မြတ် တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ကာ နိုင်ငံတော် သမ္မတနှင့် အတူ မှတ်တမ်းတင်
ဓါတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် တမံနှင့် ရေယူ
အဆောက်အဦး (Power Intake Gate)အား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၀၆
ခုနှစ် စက်တင်ဘာ ၂၂ ရက် တွင် ကျင်းပခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏
အစည်း အဝေးအမှတ်(၁/၂၀၀၆)မှ အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံနှင့် တည်ဆောက်ပြီး
ဇော်ဂျီ ရေလှောင်တမံတို့မှ ထုတ်လွှတ်သည့် ရေများနှင့် ရေလှောင်တမံ နှစ်ခုအကြား စီးဆင်း
လာသည့် ရေများကို စုပေါင်းသိုလှောင်၍ ရေအားလျှပ်စစ် (၃၀)မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည် ဖြစ်သည့်အပြင်
သိုလှောင်ပြီးရေများကို ကျောက်ဆည် ခရိုင်အတွင်းရှိ ဇော်ဂျီဆည် ရေသောက် ဧရိယာဧက (၈၂၀၀၀)အား
ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပြီး ခြောက်သွေ့ ဒေသဖြစ်သည့် မိတ္ထီလာ လွင်ပြင်အတွင်းရှိ မြေဧရိယာ
ဧက (၃၃၀၀၀)ကို စိုက်ပျိုးရေ ပေးဝေနိုင်မည် ဖြစ်သည်။
မြို့ကြီးရေလှောင်တမံသည် အလျား ၂၄၆၁ ပေ၊ အမြင့်
၂၅၈ ပေရှိပြီး မြေသား တမံ(ဇုန်အမျိုးအစား) ဖြစ်သည်။ ရေပိုလွှဲအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး
အကျယ် ၂၉၅ ဒသမ ၃ ပေ ဖြစ်သည်။ တမံတွင် ရေလွှဲဥမင်နှင့် ရေအားလျှပ်စစ် ဥမင်တို့ပါဝင်ပြီး
ရေအားလျှပ်စစ် ဥမင်မှာ အချင်းပေ ၂၀ ၊ အလျား ၁၆၄၄ ပေ ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် မြို့ကြီးရေလှောင်တမံ
ဘက်စုံစီမံကိန်း ရေအား လျှပ်စစ် ဓါတ်အားပေးစက်ရုံ ကမ္ဗည်း ကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး
အမွှေးနံ့သာရည် ပက်ဖြန်းပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရေအားလျှပ်စစ်
စက်ရုံ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကာ စက်ရုံအတွင်း
လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြို့ကြီး ရေလှောင်တမံ
ဘက်စုံစီမံကိန်းတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ YMEC ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ကွမ်ယူကွန်းနှင့်
တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ ရေအားလျှပ်စစ် စက်ရုံသည် အလျား ၁၃၅ ပေ၊
အနံ ၈၄ ပေ၊ အမြင့် ၈ ပေ ရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။ ရေအား လျှပ်စစ်တာဘိုင်မှာ
ဖရန့်ဆစ် တာဘိုင် အမျိုးအစားဖြစ်ပြီး ရေအားလျှပ်စစ် တပ်ဆင်အား ၃ဝမဂ္ဂါဝပ်၊ ၁၅ မဂ္ဂါ ဝပ်
၂ လုံးဖြင့် တည်ဆောက် ထားသည်။ အဆိုပါ လျှပ်စစ် တာဘိုင်များမှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်
ဓါတ်အား ၁၃၅ ဒသမ ၇၀ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်ပေးနိုင်မည် ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြို့ကြီး
ရေလှောင်တမံ ဘက်စုံ စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး
တို့က မြို့ကြီးဘက်စုံ ရေလှောင်တမံ စီမံကိန်း တည်ဆောက်ခဲ့မှု အခြေအနေ၊ လက်ရှိ တည်ဆောက်ပြီး
ရေလှောင်တမံများကို အထောက်အကူ ဖြစ်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်ရမည့် စီမံကိန်းများ၏
အခြေအနေကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်း တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက
မိတ္ထီလာလွင်ပြင် စိမ်းလန်း စိုပြေရေးနှင့် စိုက်ပျိုးရေရရှိရေး အတွက် အထောက်အကူ ပြုမည့်
မြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်းကို ပြည်သူများအတွက် ၂၀၁၆ ခုနှစ် နှစ်သစ်ကူး
လက်ဆောင်အဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျိုင်းခမ်း၊ ဆည်တော်ကြီး ရေကူ၊ မဏိပူရနှင့်
အထက်ဗူး ရေလှောင်တမံ စီမံကိန်းများသည် သဘာဝ ဘေးဒဏ်ဖြစ်သည့် ရေကြီး နစ်မြုပ်မှုဒဏ်မှ
ကာကွယ်ရန် ဖြစ်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အဓိကကျသည့် ဆည်ရေသောက် စိုက်ပျိုးမြေများကို
တိုးချဲ့နိုင်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား
တိုးချဲ့ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ဦးစားပေး မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
လိုအပ်ပါက အခြား စီမံကိန်းများကို လျှော့ချပြီး ယခု စီမံကိန်း လေးခုကို အမြန်ပြီးစီးအောင်
ဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ကြီးဌာန တာဝန် လွှဲပြောင်းရာတွင်လည်း ယခု စီမံကိန်းများနှင့်
ပတ်သက်ပြီး အသေးစိတ်လွှဲပြောင်းရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် မြို့ကြီး ရေလှောင်တမံ
ပုံစံငယ်အား ကြည့်ရှုပြီး တမံရှုရပ်မှ ရေလှောင်တမံအား ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။




No comments:
Post a Comment