Friday, January 1, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဇန်နဝါရီ  ၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဉာဏ်ထွန်းအောင်၊ ဦးတင့်ဆန်း၊ ဒေါက်တာသန်းအောင်၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင်  ယနေ့အစည်းအဝေးသည် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်နိုင်ရန် ပြုလုပ်သည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း(၈)ဖွဲ့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ(၁၅)ရက်တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ပါကြောင်း။
NCA ၏သဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး(JICM)ကို ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတက ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ JICM အောက်တွင်ရှိသည့် ပူးတွဲကော်မတီ တစ်ခုဖြစ်သော (UPDJC) ကိုဖွဲ့စည်းပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်(မူကြမ်း) (The Framework for Political Dialogue)ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှ ပူးပေါင်း ရေးဆွဲခဲ့ကြပြီးဖြစ်ပါ ကြောင်း။
ယင်း Framework ကို NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၆၀) အတွင်း ရေးဆွဲပြီးစီးပြီးဖြစ်ရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ရေးဆွဲပြီးသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၁၅)ရက်တွင် MICC-2 ၌ နိုင်ငံတော်သမ္မတထံသို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ NCA စာချုပ်အရ ယင်းမူဘောင်ကိုအခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲစတင်ရန် ရက်ပေါင်း (၉၀) အတွင်း ခေါ်ယူရမည်ဖြစ်သည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော်သမ္မတက လာမည့် ဇန်နဝါရီ (၁၂)ရက်တွင် ကျင်းပမည်ဟု ကြေညာခဲ့ပါကြောင်း၊ ယင်းညီလာခံကို အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ၊ အခြားဖိတ်ကြားသင့်သည့် တိုင်းရင်းသားကိုယ်စားလှယ်၊ တတ်သိပညာရှင် အစုအဖွဲ့ (၅)ဖွဲ့၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်၊ အကျိုးဆောင် များနှင့် လေ့လာသူများ အပါအဝင် လူပုဂ္ဂိုလ်(၈၇၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး ဇန်နဝါရီ(၁၂)ရက်မှ (၁၆)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း။
ဖွင့်ပွဲအခမ်းအနားကို MICC 2 တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ အပါအဝင် အထူးဖိတ်ကြားထားသူ (၂၆၆)ဦးခန့် တက်ရောက်ကြမည်ဖြစ်သည့်အတွက် စုစုပေါင်း လူဦးရေ(၁၁၀၀)ခန့်ရှိမည်ဟု သိရှိကြောင်း၊ ထို့ကြောင့် ညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ကျန်သည့် လုပ်ငန်းအဝဝကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများကိုလည်း ထပ်မံ ဖွဲ့စည်းထားပြီး ဗဟိုကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း ဆောင်ရွက်သွားမည့် အခြေအနေ၊ ညီလာခံကျင်းပမည့်နေရာ သတ်မှတ်ထားမှုအခြေအနေ၊ ညီလာခံသို့ တက်ရောက်မည့် တာဝန်ရှိသူများအား ဖိတ်ကြားသွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်း လင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖွင့်ပွဲနှင့် အစည်းအဝေးအခမ်းအနားကျင်းပရေး၊ ပြန်ကြားရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး စသည့် ကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ဒုတိယသမ္မတက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ  ပေါင်း စပ်ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စဖြစ်သည့်အတွက် လိုအပ်ချက် မရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

No comments:

Post a Comment