Saturday, January 2, 2016

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး “အတ္တရဲ့ အခြားတဖက်”

ဆူဒိုနင်
အတ္တကို ဖွင့်ဆိုကြည့်ခြင်း
“အတ္တ”ကို လူအတော်များများက တစ်ကိုယ်ကောင်းဆန်တာလို့ ထင်ကြပါ တယ်။ အတ္တကြီးတာနဲ့ တစ်ကိုယ်ကောင်းဆန်တာကို အမြဲတစေရော သုံးတာမို့ အဲလို ထင်မြင်ယူဆတာလည်း မလွန်ပါဘူး။

ဒါပေမယ့် အတ္တဆိုတာက “ငါစိတ်”၊ “ငါဆိုတဲ့ အစွဲ”ကို ပြောတာသာ ဖြစ်ပါ တယ်။ ဒါ့ကြောင့် အတ္တကြီးတဲ့သူဟာ အမှန်တော့ တစ်ကိုယ်ကောင်း ဆန်တာထက် “ငါစိတ်ကြီးလွန်းတဲ့သူ၊ ငါဆိုတဲ့အစွဲကြီးလွန်းတဲ့သူ”ပါ။
ပတ်ဝန်းကျင်မှာ မြင်ဖူးကြမှာပါ။ ပိုက်ဆံတော်တော် သုံးနိုင်တယ်။ သည်အခါမှာ အသစ်အဆန်း ပေါ်သမျှ ဝယ်တယ်၊ သုံးတယ်။ သည်ထဲမှာမှ ဘယ်တံဆိပ်ကိုမှ သုံးတာ၊ ဘယ်တံဆိပ်ကိုမှ ဝတ်တာဆိုတာမျိုးအထိ သတ်သတ်ခတ်ခတ် သုံးနေတဲ့သူတွေရှိပါတယ်။ အဲဒီ့လူတွေကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောလို့မရတာအမှန်ပါပဲ။ ဒါပေမယ့် ကိုဘယ်သူက သည်တံဆိပ်မှ သုံးတာ၊ မဘယ်သူက သည်လိုမျိုးမှ ဝတ်တာ အစရှိတဲ့ စကားမျိုးလေးများ ပြန်ကြားရရင် မနောခွေ့သွားတတ်ပါတယ်။ သူ့စိတ်ထဲမှာ ထုတ်ဟ မကြွေးကြော်သည့်တိုင် “အဲဒါ ငါကွ” ဆိုတာလေး ဖြစ်လာတာပါပဲ။ အဲဒါလေးကို အတ္တလို့ ပြောတာပါ။
သည့်ထက် တစ်ဆင့်တက်လိုက်ရင် ပိုရှင်းပါတယ်။ အများအကျိုး ဆောင် ရွက်နေတယ်၊ ဒုက္ခရောက်တဲ့သူတွေကို ကူညီပေးတယ်၊ ကိုယ်ကျိုးတောင် စွန့်ပေးတယ်၊ အနစ်နာလည်း ခံပေးတယ်။ အဲဒါကျတော့ တစ်ကိုယ်ကောင်း မဆန်တာ တအားသိသာပါတယ်။ ဒါပေမယ့် အဲလို အများအကျိုးဆောင်နေ တဲ့သူ၊ အနစ်နာခံနေတဲ့သူ တွေဆီမှာလည်း အတ္တဆိုတာ ရှိပါတယ်။
သူတို့က သူများထက်ပိုပြီး အတ္တကြီးသွားတယ်။ ငါ့လိုဘယ်သူ စွန့်လွှတ်နိုင် သလဲ၊ ငါ့လို ဘယ်သူ အနစ်နာခံနိုင်သလဲ၊ ငါကသာ မွန်မြတ်တယ်၊ ငါကသာ လူအများရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်စွမ်းရှိတယ် ဆိုတာတွေက သူ့ရင်ထဲမှာ အုံနဲ့ ကျင်းနဲ့၊ ထုနဲ့ ထည်နဲ့ ရှိနေပါတယ်။ ဒါပေမယ့် အဲဒါကို ဘယ်သူမှ မမြင်သာဘူး။ ပတ်ဝန်းကျင်ကလည်းမြင်မှာ မဟုတ်သလို သူ့ကိုယ်သူလည်း သတိထားမိမှာ မဟုတ်ဘူး။ သူ့ကိုယ်သူ သတိမထားမိဆို အဲဒီ့အတ္တ စိတ်ကလေးက သိစိတ်လိပ်ပြာရဲ့ အောက်မှာ ပါးပါးလေး ကိန်းဝပ်နေတတ်တာကိုး။
ဆရာတော်တစ်ပါး မိန့်ကြားဖူးတာ
ဘုရားရှင်ဟာ အတ္တကိုသာ ရှာမတွေ့ခဲ့ရင် အနတ္တကို တွေ့မှာမဟုတ်ပါဘူး လို့ ကြားနာဖူးပါတယ်။ တစ်ခါသားမှာ ဓမ္မဘေရီ အရှင်ဝီရိယဆိုတဲ့ တောင် စွန်းဆရာတော်က မိန့်ကြားဖူးပါတယ်။ အတ္တနဲ့ အနတ္တက အဆက်အစပ် ရှိနေတဲ့ တစ်သားတည်း အရာ၊ ပါဠိလိုတော့ သန္တာန် (continuum) တဲ့။ စက်ဝိုင်း၊ ဒါမှမဟုတ် စက်ဝန်း တစ်ခုရဲ့ ဆန့်ကျင်ဘက် အစွန်းတစ်ဖက်စီမှာ ရှိနေတာပေမယ့် တစ်သီးတခြား မဟုတ်ဘဲ ဆက်စပ်နေပါတယ်တဲ့။ အားလုံးကတော့ အတ္တနဲ့ စကြတာပါပဲ။ ငါစိတ်၊ ငါဆိုတဲ့ အစွဲလေးနဲ့ စကြ တာပဲ။ ဒါပေမယ့် အတ္တတွေ သိပ်ဖောင်းပွလာတဲ့အခါမှာ ပရဟိတဘက်ကို တဖြည်းဖြည်း ကူးလာတယ်တဲ့။ ပရဟိတ သိပ်ဖောင်းပွလာချိန်မှာ အနတ္တဆီ ကို ကူးသွားတတ်ပါတယ်လို့ ဆရာတော်က မိန့်ဖူးပါတယ်။
အင်္ဂလိပ်လို ego လို့ ခေါ်ပါတယ်။ bolster/boost somebody's ego လို့ ဆိုတာဟာ မိမိရဲ့ အတ္တကို ခိုင်မာလာအောင်၊ ပိုကြီးလောအောင် လုပ်တာ လို့ သိုးဆောင်းဘာသာစကားမှာ သုံးပါတယ်။ ကျွန်တော်ကတော့ မြန်မာလို လွယ်လွယ်ပဲ အတ္တကို ပြောင်လက်အောင် တိုက်ချွတ်တာလို့ သုံးဖူးပါတယ်။
တကယ်တော့ အဲဒီ့စိတ်က တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ငါမို့ သည်လိုဆိုင်မျိုးမှာ စားတတ်တာ၊ ငါမို့ သည်လို လူမြင်တင့်တယ်အောင် ဝတ်ဆင်တတ်တာ၊ ငါမို့ သည်လို ဖုန်းမျိုးကို သုံးနိုင်တာ၊ ငါမို့ ဒါမျိုး သိတာ၊ ငါမို့ ဒါမျိုး ဆွေးနွေးနိုင်တာ၊ ငါမို့သည်လို မှတ်ချက်မျိုးရေးနိုင်တာဆိုတဲ့ ရင်ထဲမှာ ကျိတ်အောင်းနေတဲ့ စိတ်ကလေးကို ဆိုလိုတာပါ။
လူတိုင်းနဲ့ မကင်းတဲ့အရာ
စာအစမှာ ပြောခဲ့သလို လူအတော်များများက တစ်ကိုယ်ကောင်းဆန်တာနဲ့ အတ္တကြီးတာကိုရောပြီး သုံးကြတာမို့ တစ်ဖက်သားကို သိပ်အတ္တကြီးတာပဲ လို့ အလွယ်တကူ တံဆိပ်ကပ်ဖို့၊ ဝေဖန်ဖို့ နှုတ်လွယ်နေကြပါတယ်။ တကယ်တော့ အဲဒီ့ အတ္တဆိုတာ ဘုရား ရဟန္တာ မဖြစ်သေးသမျှ သံဃာတော်များအပါအဝင် ပုထုဇဉ် လူသားတိုင်းမှာ ရှိနေတဲ့ အရာသာဖြစ် ပါတယ်။
သူများကို အတ္တကြီးတယ်လို့ အလွယ်တကူ ပြောတတ်သူကိုယ်တိုင်မှာ အတ္တမကင်းတာကြီးကို သတိထားမိနေတဲ့အခါ အဲလို စကားသံကြားမိရင် ပြုံးမိနေရတာချည်းပါပဲ။
အတ္တရဲ့ အန္တရာယ်
အတ္တဟာ လူတိုင်းနဲ့ မကင်းတာမို့ အတ္တကြီးခြင်းဟာ ပြဿနာမရှိပါဘူး။ သို့ပေ မယ့် သူ့အတ္တနဲ့ ကိုယ့်အတ္တသွား ထိပ်တိုက်တွေ့ရင်တော့ ဆိုးပါတယ်။ ငါမှန်တယ်၊ သူမှားတယ်ဆိုတာဟာ အတ္တချင်း ထိပ်တိုက်တွေ့ကုန်တော့ တာပါ။
ပရဟိတ လုပ်တာချင်းအတူတူတောင် ပူးပေါင်းလို့ မရတော့တာ၊ နိုင်ငံ အကျိုးဆောင်ရွက်နေကြသူချင်းအတူတူ ရန်သူတွေလို ဖြစ်ကုန်ကြတာများ ဟာ အတ္တက ပွားလာတဲ့ ပြဿနာအထွေထွေပါ။ သည်အတွက် ကမ္ဘာအရပ်ရပ် မှာ စစ်ပွဲတွေ ဖြစ်ကြတယ်၊ ပဋိပက္ခတွေ ဖြစ်နေကြရပါတယ်။
အဲဒီ့အတ္တမှာမှ ကိုယ်ကျိုးစီးပွားတွေ ထပ်ပေါင်းလိုက်ပြီဆိုရင်တော့ ပြဿနာတွေ က ပိုကြီးထွားလာတတ်တာလည်း ဓမ္မတာပါပဲ။ သည်အခါမှာ တရားတာ၊ မတရားတာ၊ သင့်လျော်တာ၊ မသင့်လျော်တာ ဘေးချိတ်ပစ်လိုက်ကြပြီး ငါအနိုင်ရရေးဘက်ကို ဇောင်းပေးဖြစ်ကုန်တတ်ပါတယ်။
လူဖြစ်နေတဲ့အတွက် မိမိမှာ ရှိနေတဲ့ အတ္တကို ပယ်ခွာဖို့ဆိုတာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ပြဿနာတွေ နည်းသွားအောင် အတ္တတွေ ကို ပယ်ခွာကြပါလို့ သွားတိုက်တွန်းတာလောက် အဆင်ခြင်မဲ့တာ ရှိမယ် မထင်မိဘူးခင်ဗျ။
အတ္တကို အသုံးချရအောင်
အဲသလို ပယ်ခွာမယ့်အစား အဲဒီ့ အတ္တလေးကို လမ်းလွှဲပေးလိုက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုတာ စဉ်းစားနေမိပါတယ်။
ကျွန်တော်တော့ ကလေးကတည်းက ခဏခဏ လုပ်ဖူးတယ်။ လုပ်ဖူးဆို ကျွန်တော်က အတ္တသိပ်ကြီးတာကိုး။ အတန်းထဲမှာ သိပ်နေရာလိုချင်တဲ့သူ၊ သိပ်ထင်ပေါ်ချင်တဲ့သူတွေ တွေ့လာရင် ကျွန်တော်က ထိပ်တိုက်တွေ့မနေ၊ ယှဉ်မနေတော့ဘူး။ နိုင်လိုသူကို အသာတကြည် အရှုံးပေးတဲ့နည်းနဲ့ ကျွန်တော့် အတ္တက ပိုပြောင်လက်လာပါတယ်။
ကျွန်တော့်လို အလျှော့ပေးနိုင်တဲ့ စိတ်မျိုး လူတိုင်း ထားနိုင်တာကျလို့၊ နိုင် ချင်သူကို အလျှော့ပေးလိုက်တယ်ဆိုတာ တော်တော်တန်တန် သတ္တိမျိုးမှ မဟုတ်တာလို့ ခံယူထားတဲ့အတွက် ကျွန်တော့် အတ္တက ပိုပြီး ပြောင်လက် လာပါတော့တယ်။
နောက်တစ်ချက်က တူတာတွေကို တွေးပြီး အမြတ်ထုတ်ခြင်းနဲ့ အတ္တကို တိုက်ချွတ်တာ ဖြစ်ပါတယ်။ လူချင်းတူပေမယ့် အသက်ရှူချင်းကွဲတယ်ဆိုတဲ့ စကားလိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ မတူဘဲ ကွဲလွဲနေတာ သောင်းခြောက်ထောင်မက ရှိသလို ကွဲပြားတာကို လူတိုင်း မြင်သာပါတယ်။
အဲဒီ့မတူတာတွေကြားမှာပဲ တူတာလေးတွေကိုမှ ကတ်ကတ်သတ်သတ် ရှာတတ်၊ မြင်တတ်၊ အသုံးချတတ်ဖို့ကျတော့ လူတိုင်း မလုပ်နိုင်တော့ပါဘူး။ အဲဒါကို မြင်တတ်၊ အသုံးချတတ်တဲ့သူက ငါပါလားဆိုတာဖြစ်အောင် အားထုတ်ခြင်းဖြင့်လည်း မိမိတို့မှာရှိနေပြီး ဘယ်လိုမှ ချွတ်မရနိုင် တဲ့ ရွှေအတ္တကို ပိုမို အရောင်တင်ပေးနိုင်ပြန်ပါလိမ့်မယ်။
စာဖတ်သူလူကြီးမင်းများခင်ဗျား
သည်တစ်ပတ် ကျွန်တော်ဆွေးနွေးတင်ပြလိုက်တာလေးကို တစိမ့်စိမ့်တွေး ပြီး ဆင်ခြင်ပေးကြမယ်ဆိုရင် ကျွန်တော်ကဖြင့် သိပ်ကျေးဇူးတင်မိမှာပါ။ ကျွန်တော်ပြောတိုင်း လက်ခံရမယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတိုက်တွန်းဝံ့ပါဘူး။ တိုက်လည်း မတိုက်တွန်းအပ်ပါဘူး။ သို့သော် ကျွန်တော့်ဆွေးနွေးချက်ကို သေချာ ပြန်ဆင်ခြင်ကြည့်ပြီးတဲ့နောက် မိမိတို့ရဲ့ ဘ၀မှာ၊ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ အသုံးတည့်တယ်ဆိုတော့ လည်း ကောက်နုတ်သုံးစွဲကြပေါ့ ခင်ဗျာ။ အသုံးမတည့်ဘူးဆိုတော့လည်း ကျွန်တော့်ဆွေးနွေးချက်ကို ပစ်ပယ်လိုက်ပေါ့ ခင်ဗျာ။ ဘာမှ မခက်ပါဘူး။

ကျွန်တော်ကတော့ လူ့ဘောင်မှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခအထွေထွေ ၊ ပြဿနာအရပ်ရပ်ကို တတ်နိုင်သမျှ ပြေလည်စေချင်တဲ့ အတ္တလေးမဖြစ် ညစ်ကျယ်နဲ့ သည်အကြောင်းကို မပြောရဲ ပြောရဲနဲ့ ပြောကြည့်လိုက်တာပါ။ အားလုံးအတွက် တွေးဆ ဆင်ခြင်စရာ တစ်ခုခုတော့ ရသွားတန်ကောင်း ရဲ့လို့ မျှော်လင့်မိပါတယ် ခင်ဗျား။

No comments:

Post a Comment