သထုံ ဇန်န၀ါရီ ၁၄
မွန်ပြည်နယ်၊
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် သထုံမြို့နယ် အစားအသောက်နှင့်
ဆေးဝါး စီမံခန့်ခွဲမှု ကော်မတီဝင်များတို့ ပူးပေါင်း၍ ဇန်န၀ါရီလ ၁၃ ရက်၊ ညနေက သထုံမြို့မဈေး
အတွင်းရှိ ရောင်းချနေသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများကို စားသုံးသူ
အကာအကွယ်ပေးနိုင်ရေး လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အများပြည်သူ
အန္တရာယ် ကင်းရှင်းစေရေး အတွက် အစားအသောက်များတွင် အန္တရာယ်ရှိ ဆိုးဆေးများ၊ မှိုများ
ပါဝင်ခြင်း ရှိမရှိနှင့် ဘေးအန္တရာယ် သင့်နိုင်သော ဓါတုပစ္စည်းများ ပါဝင်နေမှုတို့ကို
လိုက်လံ စစ်ဆေးရခြင်း ဖြစ်ကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန
လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။
“စားသုံးရန်မသင့်တဲ့ အစားအသောက်တွေကို (FDA) က ထုတ်ပြန်ထားပြီးတော
မီဒီယာတွေမှာလည်း ကြေငြာ ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို ရောင်းချခြင်းရှိ/မရှိ လိုက်လံ
စစ်ဆေးတယ်။ ရောင်းချနေတာတွေ့ရင် သိမ်းဆည်း ပြီးတော့ မြို့နယ် ကော်မတီက အများရှေ့မှာ
ဖျက်ဆီးသွားမှာပါ။ သက်ဆိုင်ရာ အမျိုးသား ဆေးဝါး ဥပဒေ၊ အမျိုးသား အစားအသောက် ဥပဒေတွေနဲ့
အရေးယူဖို့ ကြေငြာထားပေမယ့် ဒီကာလမှာတော့ ပြည်သူ တွေက အသိနည်း သေးတာကြောင့် ပညာ ပေးမယ်၊
သိမ်းဆည်းမယ်၊ ဒီလိုအဖွဲ့နဲ့ လိုက်စစ်ဆေးတဲ့ အတွက် ပြည်သူတွေကလည်း စိတ်ဝင်စားမှု မြင့်တက်
ပြီးတော့ ဒါတွေက တားမြစ် ထားပါလားဆိုတဲ့ အသိမျိုး ရရှိစေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
သံသယရှိသည့်
အစားအသောက်များကိုလည်း နမူနာဝယ်ယူကာ နေပြည်တော်နှင့် ရန်ကုန်သို့ ပေးပို့ဓါတ်ခွဲပြီး
ရရှိသည့် စစ်ဆေးချက် အဖြေများအား သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် အစားအသောက်နှင့် ဆေးဝါး
စီမံခန့်ခွဲမှု ကော်မတီထံ အကြောင်းကြားကာ အန္တရာယ်ရှိ ပစ္စည်းဖြစ်ပါက ဈေးကွက်မှ ရုပ်သိမ်း
သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါနေ့တွင်
ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်
အစား အသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှု ကော်မတီဝင်များတို့က သထုံမြို့အတွင်းရှိ စည်ပင်
သာယာဈေးများမှ ဈေးကော်မတီဝင် များ၊ ဆိုင်ရှင်များနှင့် ခရိုင်ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌
တွေ့ဆုံကာ စားသုံးသူ ကာကွယ် ပေးရေး အတွက် သတ်မှတ်ထားသော အစားအသောက်နှင့် အလှကုန် ပစ္စည်းများကို
ရောင်းချနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး မြို့မဈေး အတွင်း လိုက်လံ စစ်ဆေးခဲ့ကြသည်။
မွန်ပြည်နယ်
၁၀ မြို့နယ်အနက် မြို့နယ် ၉ ခုတို့တွင် ယခုကဲ့သို စားသုံးသူ အကာအကွယ်ပေးရေး လိုက်လံ
စစ်ဆေးမှုများကို ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး
ဦးစီးဌာနမှ သိရသည်။


No comments:
Post a Comment