ရန်ကုန် ဇန်နဝါရီ
၂၃
နိုင်ငံတော်အတွင်း
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးသည် အရေးကြီးပြီး
လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းမှန်လမ်းမှန်
အသုံးပြုမည်ဆိုပါက နယ်ပယ်စုံ၌ အလွန်အသုံးတည့်လှသော လူသားများအား အကျိုးပြုနိုင်သည့်
စွမ်းအင်ဖြစ်သော်လည်း စနစ်တကျ နည်းလမ်းမှန်ကန်စွာ မသုံး စွဲဘဲ ပေါ့ဆစွာ အသုံးပြုမည်ဆိုပါက
များစွာ အန္တရာယ် ကြီးမားကြောင်း စက်မှုဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
“စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ရာမှာ လျှပ်စစ်ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရေး ဟာ အရေးကြီးပါတယ်။ လျှပ်စစ်ဟာ
စနစ်တကျ နည်းလမ်းမှန်ကန်စွာမသုံးစွဲဘဲ ပေါ့ဆစွာ ကိုင်တွယ်သုံးစွဲမည်ဆိုပါက များစွာအန္တရာယ်ကြီးမားလှ
ပါတယ်”ဟု ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌
သောကြာနေ့ နံနက်ပိုင်းက ကျင်းပသော လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၁၅)
ဆင်းပွဲအခမ်းအနား၌စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက
ပြောသည်။
လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍
ပြည်သူများ သတိပြုသုံးစွဲ ရန် လိုအပ်လျက်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ
ကိုးလအတွင်း ဓာတ်လိုက်မှုပေါင်း ၁၅၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၄၀ သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊
ထို့အရင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး ဓာတ်လိုက် မှုပေါင်း ၂၄၄ မှု ဖြစ်ပွားခဲ့ပြီး
၂၀၅ ဦး အသက်ဆုံးရှုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။
ဓာတ်လိုက်မှုဖြစ်ပွားရခြင်း၏
အဓိကအကြောင်းအရင်းများမှာ ဗို့အားမြင့် ကောင်းကင်ဓာတ်အားလိုင်းမှ ဓာတ်လိုက်မှု ဖြစ်ပွာခြင်း၊
အလတ်စားဗို့အားနှင့် အနိမ့်စားဗို့အားမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်း၊ အိမ်သွယ် ဆားဗစ်ကြိုးမှ
ဓာတ်လိုက်မှုဖြစ်ပွားခြင်း၊ အိမ်တွင်းဝိုင်ယာကြိုးသွယ်တန်းမှုနှင့် အိမ်တွင်းလျှပ်စစ်ပစ္စည်းများမှ
ဓာတ်လိုက်မှုဖြစ်ပွားခြင်း၊ စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် ဓာတ်လိုက်မှုဖြစ်ပွားခြင်းစသည့်နေရာစုံ
နယ်ပယ်စုံတို့၌ ဓာတ်လိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေးဌာနက လျှပ်စစ်ကျွမ်းကျင်မှု
အခြေခံသင်တန်းကို နှစ်စဉ်နှစ်ကြိမ်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ
၁၄ ရက်မှ ယခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ သင်တန်းကာလ ရက်သတ္တပတ်ခြောက်ပတ်အတွင်း သင်တန်းသား၉၄
ဦး တက်ရောက်ခဲ့သည်။
ယခုသင်တန်းအပါအဝင်
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း (၃၅)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၂၈၂၁ ဦး
မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြင့်မောင်စိုး
No comments:
Post a Comment