Friday, January 15, 2016

စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလားအလာကောင်းများ ပေါ်ထွန်းနေပြီဖြစ်

နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က (၆၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာ
 
၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါ ခင်ဗျား။

ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျရောက်သော (၆၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေး ပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၈ဝ၊ ပုဒ်မခွဲ (၁) အရ ကရင်နီပြည်နယ်ကို ကရင်ပြည်နယ်အတွင်း ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေ (၁၉၅၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၂)ပုဒ်မ ၈ အရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ''ကရင်နီပြည်နယ်'' ဆိုသည့်စကားရပ်ပါရှိသည့် နေရာတိုင်း၌ ထိုစကားရပ် အစား''ကယားပြည်နယ်'' ဆိုသည့်စကားရပ်ကို ထည့်သွင်းရမည် ဟု ပြဋ္ဌာန်းခဲ့ပါသည်။ ထိုကဲ့သို့ ကရင်နီပြည်နယ်မှ ကယားပြည်နယ် သို့ ပြောင်းလဲ ခေါ်တွင်သည့် ပထမဦးဆုံးသော ''ကယားပြည်နယ်နေ့'' အခမ်းအနားကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် (၆၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ် ပါသည်။

အတိတ်ကာလက ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို အချင်းချင်း သဘောထားမညီမျှမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရသည့်အတွက် ပြည်နယ်၏ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရသော်လည်း ယနေ့အချိန်တွင် ပြည်နယ် အတွင်း ငြိမ်းချမ်းရေး အသီးအပွင့်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ရရှိနေပြီဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ ကလည်း ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေး စသည့်ကဏ္ဍများအပါအဝင် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့နှင့်အတူ လက်တွဲဖော်ဆောင်သွားကြ ရန် တိုက်တွန်းလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နှစ်ပေါင်း ၆ဝ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ညှိနှိုင်းဆွေးနွေး မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးရလဒ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေအနေကောင်းများ၊ အလားအလာကောင်း များ ပေါ်ထွန်းနေပြီဖြစ်ရာ တိုင်းရင်းသားပြည်သူများ အားလုံးက ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။
သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ရန် အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့ကို ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူ အပေါင်းကလည်း စည်းလုံးညီညွတ်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့လိုက်ပါသည်။

No comments:

Post a Comment