Sunday, January 31, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၃၀ ကေဗွီ ပုသိမ်(ကန်ကြီးထောင့်) ပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



ရန်ကုန် ဇန်န၀ါရီ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးရဲထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်ကျော်ဇော၊ ဒုတိယ၀န်ကြီး ဦးခင်ဇော်နှင့် တာဝန် ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိကြရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တေဇကျော်နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။



















ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပုသိမ်မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ ကန်ကြီးထောင့် မြို့သို့ရောက်ရှိပြီး ၂၃၀ ကေဗွီ ပုသိမ်(ကန်ကြီးထောင့်) ပင်မဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဆန်စပါးစိုက်ပျိုးရေး ကောင်းမွန် မှုကြောင့် စီးပွားရေး ဖွံ့ဖြိုးလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆပွားတိုးတက်စေရန်၊ စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန်နှင့် ဒေသခံပြည်သူများ၏ လူနေမှု ဘ၀မြင့်မား တိုးတက်စေရန် အတွက် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှုဖြင့်ပုသိမ် ၂၃၀ကေဗွီပင်မ ဓာတ်အား ခွဲရုံကို ဖွင့်လှစ်ပြီး ဓာတ်အားများ ပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ် ပါကြောင်း။
ဧရာဝတီတိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု သမိုင်းတွင် မြန်အောင် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ ပထမအဆင့်ကို ၁၉၇၅ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအဆင့်ကို ၁၉၈၄ ခုနှစ်တွင်လည်းကောင်း တည်ဆောက်ခဲ့ပါကြောင်း၊ ထိုစဉ် ကာလက ဧရာဝတီတိုင်းတစ်ခုလုံးတွင် လျှပ်စစ်ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင် ခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ရန်ကုန်-လှိုင်သာယာမှ အသုတ်မြို့ကို ၂၃၀ ကေဗွီဓာတ်အား လိုင်း တည်ဆောက်ခဲ့ပြီး တိုးချဲ့ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့သည့် အတွက် ၂၀၁၀ခုနှစ်တွင် ဧရာဝတီတိုင်း၏ ဓာတ်အား သုံးစွဲမှုမှာ ၆၀ မဂ္ဂါဝပ်ရှိရာမှ တဖြည်းဖြည်းဓာတ်အား တိုးတက်သုံးစွဲလာမှုကြောင့် ၂၀၁၅ ခုနှစ်တွင် ၉၀ မဂ္ဂါဝပ်ကျော် ရှိလာပြီဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသည့် ဓာတ်အား လိုအပ်ချက် ကို အသုတ်ဓာတ်အားခွဲရုံ တစ်ရုံတည်းဖြင့် မလုံလောက်သည့် အတွက် အသုတ်-ပုသိမ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ယခု ၂၃၀ကေဗွီ ပုသိမ်(ကန်ကြီးထောင့်) ပင်မဓာတ်အား ခွဲရုံကို နိုင်ငံခြားငွေယူရို(၁၂ဒသမ ၈၅၃)သန်း၊ မြန်မာငွေ ကျပ်သန်းပေါင်း (၅ဒသမ၃၅၀) အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထို့ပြင် ပုသိမ်မှ ငပုတော၊ ငရုတ်ကောင်း၊ ငပြေမဒေသများကိုလည်း ၆၆ ကေဗွီ ဓာတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်ပေးခဲ့သဖြင့် ငရုတ်ကောင်းတောင်၊ ကျုံကူး၊ ရဲခေါင်ကြီးတောင်၊ ရေကျော်၊ ရေတွင်းကုန်း၊ ပျဥ်းမကွင်း၊ ငပြေမ၊ ငပြေမအပေါ်စု၊ ငပြေမ အောက်စု၊ ကမ်းနားစုစသည့် ကျေးရွာများကိုလည်း ထပ်မံဓာတ် အားဖြန့်ဖြူး ပေးနိုင်ခဲ့ သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၇၃၉ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီး အရှေ့ခြမ်းကိုဓာတ်အားပြည့်ဝ တည်ငြိမ် စွာ ဖြန့်ဖြူးပေးနိုင်ရေး အတွက် လှိုင်သာယာ-ကျိုက်လတ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ကျိုက်လတ် ၂၃၀ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံတို့ကိုလည်းတည်ဆောက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးပြောင်းလဲကျင့်သုံးခဲ့ရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အဆမတန် မြင့်မားလာသည့် အခြေအနေနှင့် လျှပ်စစ်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း။
၂၀၁၅-၁၆ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ရေအား ၃၁၈၅ မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ ၁၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ၁၂၀ မဂ္ဂါဝပ်၊ ဒီဇယ် ၁၀၁ မဂ္ဂါဝပ်တို့ဖြင့် စုစုပေါင်းစက်တပ် ဆင်အင်အား ၅၂၃၅ မဂ္ဂါဝပ် ရရှိလာမည် ဖြစ်ပါကြောင်း၊ ၂၀၁၀-၂၀၁၁ခုနှစ်ကာလတွင် (၃၄၁၃)မဂ္ဂါဝပ်သာ ရှိသည့်အတွက် (၁၈၂၂)မဂ္ဂါဝပ်ခန့်တိုးချဲ့ တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြို့ပေါင်း ၃၉၈ မြို့၊ ရွာပေါင်း ၂၉၃၀၄ ရွာကိုဓာတ်အားဖြန့်ဖြူးပေး ထားနိုင်ပြီဖြစ်၍ ၂၀၁၅-၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းဖြစ်သော အိမ်ထောင်စုပေါင်း ၃ဒသမ၇ သန်းတို့မှာ လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ကြမည် ဖြစ်ပါကြောင်း။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်း (၇)ခု သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ (၃)ခုစုစုပေါင်း (၂၀၄၂ဒသမ၂) မဂ္ဂါဝပ်ကို လျာထား နှစ်ထက် ဆောလျင်စွာပြီးစီးနိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်း။
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တောင်ပေါ်မြေပြန့်အနှံ့ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲ နိုင်စေရန်အတွက် ၂၀၃၀-၃၁ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်းအပြည့်အ၀ လျှပ်စစ်ဓာတ်အား ပေးနိုင်စေမည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် (National Electrification Plan)ကို ကမ္ဘာ့ဘဏ်အဖွဲ့၏ အကူအညီဖြင့် ရေးဆွဲထားပြီးဖြစ် ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဓာတ်အားခွဲရုံဖွင့်လှစ်ပေးခြင်းအတွက် ဒေသခံတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
ထို့နောက် ထူးချွန်လူငယ်၊ ကင်းထောက်လူငယ်နှင့် ကြက်ခြေနီလူငယ်တို့က ၂၃၀ ကေဗွီ ပုသိမ် (ကန်ကြီးထောင့်)ပင်မဓာတ်အားခွဲရုံကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပင်မဓာတ်အားခွဲရုံကမ္ဗည်း မော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယခုဖွင့်လှစ်သည့် ၂၃၀/၆၆/၁၁ ကေဗွီ ၂×၅၀ အယ်ဗွီအေ ပုသိမ်(ကန်ကြီးထောင့်) ပင်မဓာတ်အားခွဲရုံမှ ဧရာဝတီ တိုင်းဒေသကြီး အနောက်ဘက်အခြမ်းဒေသရှိ မြို့နယ် များနှင့် ကျေးရွာများကို (၂၄)နာရီပတ် လုံးဓာတ်အား ဖြန့်ဖြူးပေးနိုင် မည်ဖြစ်သည်။
အဆိုပါဓာတ်အားခွဲရုံမှ ဆက်လက်ဖြန့်ဖြူးနိုင်ရန် (၆၆)ကေဗွီ ပုသိမ်-ငရုတ်ကောင်း- ငပြေမဓာတ်အားလိုင်း၊ (၆၆/၁၁)ကေဗွီ ငပြေမ ဓာတ်အားခွဲရုံနှင့် (၆၆/၁၁)ကေဗွီ ငရုတ်ကောင်းဓာတ်အားခွဲရုံတို့ကို တည်ဆောက်ကာ ရွှေသောင် ယံ၊ ငွေဆောင်၊ ချောင်း သာ၊ ငရုတ်ကောင်း၊ ငပြေမ၊ ထီးချိုင့်၊ ငပုတော၊ အုတ်ရှစ်ကွင်းနှင့် ကျုံးကူး အတွင်းရှိ ကျေးရွာ (၁၉၂)ရွာမှ အိမ်ခြေ (၄၀၇၀၀)ကျော်ကို လျှပ်စစ်မီးဖြန့််ဖြူးပေးနိုင် တော့မည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးသို့ လျှပ်စစ်ဓါတ်အားပြည့်ဝစွာရရှိရေးအတွက် ၂၃၀ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အား ခွဲရုံများနှင့် ဆက်စပ် ဓာတ်အားလိုင်းများဖြစ်သည့် ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်း-ငပြေမ ဓာတ်အားလိုင်းတို့ တည်ဆောက်ခြင်းကြောင့် ဒေသတွင်းသို့ လျှပ်စစ်ဓာတ်အားများ ပြည့်ဝတည်ငြိမ်စွာ ပိုမိုဖြန့်ဖြူးနိုင်ပြီး စက်မှုလက်မှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘ၀ပိုမို၍ အဆင့်အတန်း မြင့်မားလာစေရန်အတွက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ခဲ့သော စီမံကိန်း များမှာ ၂၃၀ ကေဗွီ အသုတ်-ပုသိမ်မဟာဓာတ်အားလိုင်း ၃၀ ဒသမ ၂၅ မိုင် တည်ဆောက်ခြင်း၊ အသုတ်ပင်မ ဓာတ်အားခွဲရုံတွင် Switch Bay တစ်ခုတိုးချဲ့တည်ဆောက်ခြင်း၊ ပုသိမ်(ကန်ကြီးဒေါင့်) တွင်၂၃၀ကေဗွီ၊ (၂ × ၅၀) အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ ၆၆ကေဗွီပုသိမ်-ငရုတ်ကောင်း-ငပြေမ ဓာတ်အားလိုင်း ၇၆ ဒသမ ၅ မိုင်နှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ ၆၆ ကေဗွီ၊ ၁၀ အမ်ဗွီအေ၊ ပုသိမ်(မြက်တို) ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းတို့ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှ ဆက်လက်ထွက်ခွာခဲ့ကြပြီး ဒူးယားအင်း၊ ၀ါသာလှတာနှင့်မေဒုံပန်းတာ တို့အား မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေ အနေများကို ရဟတ်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေး ကြသည်။
ဒူးယားအင်းမှာ ဇလွန်မြို့နယ် ၀ါသလရွာနှင့် မေဒုံရွာများ နောက်ဘက် ကပ်လျက် တွင်ရှိသည်။ ဟင်္သာ တမြို့အောက်ဘက် အောက်ရွာလေးကျေးရွာအနီးမှစ၍ ကွေ့ကောက်စီးဆင်းသည့် ဧရာဝတီမြစ်မသည် အရှေ့ဘက်သို့လည်းကောင်း၊ မြစ်ခွဲငယ် တစ်ခု သည် တောင်ပို့တရာရွာဘက်သို့လည်းကောင်း ခွဲထွက်ကာ မြစ်ကမ်းပါး များကို တိုက်စားစီးဆင်းလျက်ရှိသည်။ ရေဦးထိုးတိုက်စားမှုနှင့် သဲဆန်သည့် ကမ်းပါးများကြောင့် ၀ါသလရွာနှင့် မေဒုံရွာအနီး မြစ်ကမ်း တိုက်စားနှုန်း များပြားပြီးမြန်ဆန်လျက်ရှိရာ ၀ါသလ ရွာနှင့် မေဒုံရွာများ နောက်ဘက် ကပ်လျက်တည်ရှိသည့် ဒူးယားအင်းသို့ ရောက်လု နီးပါးအခြေအနေ တွင်ရှိနေသည်။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ၀ါသလရွာနှင့် မေဒုံရွာများ အနီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပြိုမှုများဖြစ်ပွားပြီး တာတမံများ ပျက်စီးကာ ရေဘေးအန္တရာယ်ကျရောက်မှုများမှ ကာကွယ်နိုင်ရန် အတွက် အစီအမံများရေးဆွဲ လျက်ရှိသည်။
မေဒုံပန်းတာသစ်၊ ၀ါသာလှနှင့်မေဒုံရွာအနီး မြစ်ကမ်းပါးအလျား (၅၅၀၀)ပေ ကမ်းထိန်းဆောင်ရွက်ပြီးပါက ကျေးရွာများ၊ စာသင်ကျောင်း၊ ဆေးခန်းနှင့် သာသနိက အဆောက်အအုံများ နှစ်စဉ်နီးပါး ရွှေ့ပြောင်းရခြင်းနှင့် ဆုံးရှုံးရခြင်း၊ လယ်၊ ယာ၊ကိုင်းနှင့် ဥယျာဉ်ခြံမြေများ ပျက်စီးဆုံးရှုံးရခြင်း၊ နှစ်စဉ်ရေဘေးအန္တရာယ်မှ ကင်းဝေးစေမည်ဖြစ် သည်။
ဟင်္သာတနှင့် ဇလွန်မြို့နယ်များအတွင်း ဧရာဝတီမြစ်နှင့်ဆက်စပ်၍ ကိုင်းမြေ ဧက ၄၀၀၀ ခန့် ပေါ်ထွန်း လာမည်ဖြစ်၍ ဒေသအတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း လာမည်ဖြစ် သကဲ့သို့ မြစ်ကမ်းထိန်းလုပ်ငန်းများနှင့် ပန်းတာများ နှစ်စဉ်နီးပါး တည်ဆောက်ရသည့် ကုန်ကျစရိတ်များ ကိုလည်း လျော့နည်း သက်သာစေမည်ဖြစ်သည်။
ထို့ပြင် ဇလွန်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များ အတွင်းရှိ မြေဧရိယာဧက ၃ သိန်းကျော်ကိုရေဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ညောင်တုန်း မြို့သို့ ရောက်ရှိပြီး ညောင်တုန်းမြို့စည်ပင်တာ ကမ်းအိ၊ ကမ်းလျောဖြစ်ပွားခဲ့သည့်အတွက် စက်ယန္တာယား ကြီးများဖြင့် ဘိုးပိုင်ရိုက်သွင်းခြင်းနှင့် ကမ်းနားတာအားပြုပြင်မြှင့်တင်ခြင်း၊ ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် TetraPot တုံး များကို ကရိန်းများဖြင့်ရေထဲသို့ ချခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ ညောင်တုန်းမြို့ ပတ်တာမှာ ညောင်တုန်းမြို့ အား ရေကြီးမှု ဘေး အန္တရာယ် မှ ကာကွယ်ပေးထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် မိုးရာသီ အတွင်း ဧရာဝတီမြစ်ရေကြီးခဲ့စဉ် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂ ရက်ကလည်း ပန်းလှိုင်မြစ်ကမ်း ပြိုမှုဖြစ်ပေါ်ခဲ့သဖြင့် လည်းကောင်း၊ ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်း (၈)လမ်းနှင့် (၁၁)လမ်း အကြား အပိုင်း တွင် အလျားပေ၃၀၀၊ အနံပေ၅၀နှင့် ပျမ်းမျှအနက် ၁၅ပေ ခန့် မြစ်ကမ်းပါး အိလျော့နိမ့်ဆင်းခဲ့သဖြင့် လည်းကောင်း၊ ပြုပြင် တည်ဆောက် ဆဲဖြစ်သော ညောင်တုန်းမြို့ပတ် တာ၏ပေတိုင် (၃+၇၆၀)ပေမှ (၄+၀၆၀)ပေ အတွင်းရှိ အုတ်မြေထိန်းနံရံ အလျားပေ ၂၀၀ ခန့် ပြိုကျခဲ့ သဖြင့် လည်းကောင်း ညောင်တုန်းမြို့ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီးမှုမှ ကာကွယ်စောင့်ရှောက် နိုင်ရန် အရေးပေါ်ရေဘေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
အဆိုပါ မြစ်ကမ်းကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ်မိုးရာသီ မတိုင်မီ ဆောလျင်စွာဆောင်ရွက် သွားမည်ဖြစ်ပြီး မြို့ပတ်တာပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ယခုနှစ်မတ်လကုန်တွင် ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ် များဖြင့် ညောင်တုန်း မြို့မှ ပြန်လည် ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ကြ သည်။
=====

No comments:

Post a Comment