Tuesday, January 5, 2016

အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ 
ပထမအကြိမ်အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ချက်ဖြင့်ပြန်လည်ပေးပို့လာသော ဥပဒေကြမ်း(၃)ခုအား လွှတ် တော်သို့ အသိပေးတင်ပြခြင်း၊ ဥပဒေကြမ်း(၂)ခု အတည်ပြုခြင်းနှင့် အစီရင်ခံစာ(၁)ခု တင် သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျွန်ခဲန်း၏ ဖလမ်းမြို့ နယ် ဗာရ်တံတားအထက်မှ ရေအားလျှပ်စစ်တည်ဆောက်ပြီး ထွက်ရှိလာမည့် ဓာတ်အား မဂ္ဂါဝပ် ၃၀ ကို ကျေးလက်ဒေသများသို့ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက အဆိုပြု နေရာ၏ မြေမျက်နှာသွင်ပြင် အနေအထားသည် မြစ်ကမ်းပါးများ မတ်စောက်ခြင်းကြောင့် ဘေးနံရံ တည်ငြိမ်မှု ထိန်းသိမ်းရန်ခက်ခဲပါကြောင်း၊ မြစ်ကမ်းပါးနှင့် မြစ်ကြမ်းပြင်တို့၌ တွေ့ရ သည့် ကျောက်သားအနေ အထားမှာလည်း ပျက်စီးကြေမွှလွယ်သည့် ရွှံ့ကျောက်ထပ်လွှာ များဖြစ်သည့်အတွက် တမံနှင့်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ခက်ခဲပါကြောင်း၊ နည်းပညာအရလည်းကောင်း၊ ကုန်ကျစရိတ်နှင့် အကျိုးရှိမှု မမျှတခြင်းကြောင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်လျော်မှုမရှိပါကြောင်း ဖြေကြား သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးပေါ်လျှံလွင်၏ မတူပီမြို့နယ် ရေဇွာမြို့တွင် အားကစားရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က မတူပီမြို့နယ် ရေဇွာမြို့တွင် မိုးလုံလေလုံ အားကစားရုံတည်ဆောက် ပေးနိုင်ရေးအတွက် အားကစားဝန်ကြီးဌာနအနေဖြင့် ချင်းပြည် နယ်အစိုးရအဖွဲ့ထံ စီစဉ်ဆောင်ရွက်ပေးရန် ညှိနှိုင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ပြန်ကြားချက်အရ ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့တွင် ပေ ၆၀၀၊ ပေ ၃၅၀ အတိုင်းအတာရှိသည့် ပွဲကြည့်စင်ပါဘောလုံးကွင်း အသစ်တည်ဆောက်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း ၁၅၀ လျာထားပြီးဖြစ်ပါကြောင်း၊ သို့ပါ၍မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ပေးရန် အစီအစဉ် မရှိပါကြောင်းဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးနိုင်ထွန်းအုံ၏ အငြိမ်းစားဝန်ထမ်းများ ပင်စင် လစာ တစ်ပြေးညီခံစားခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က နိုင်ငံတော်အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပင်စင်လစာနှင့် ဆုကြေးအတွက် ကျပ် ၃၅၂ ဘီလီယံ သုံးစွဲခဲ့ပါ ကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီလ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်စဉ်တွင် ပင်စင်လစာနှင့်ဆုကြေးကို တိုးမြှင့်ပေးခဲ့ခြင်းကြောင့် ကျပ် ၆၅၁ ဘီလီယံတိုးမြှင့် သုံးစွဲခဲ့ရ သဖြင့် ယခင်နှစ်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၉၉ ဘီလီယံ ပိုမိုကျခံ သုံးစွဲရမည်ဖြစ်ပါကြောင်း။
၂၀၁၅ ခုနှစ် ဧပြီ ၁ ရက် နောက်ပိုင်း ပင်စင်ခံစားသည့် ၀န်ထမ်းများအား နောက်ဆုံးထုတ် လစာ × လုပ်သက် × ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တွက်ချက်၍ ပင်စင် အကျိုးခံစားခွင့် ပြုပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ အငြိမ်းစားများအား လက်ရှိပင်စင်စားလစာအပြင် ထပ်မံတိုးမြှင့်သတ်မှတ်သည့် လစာ ကျပ် ၄၅၀၀၀ အပေါ် မူတည်ပြီး တွက်ချက်၍ ထပ်ဆောင်းခွင့်ပြုရမည့် တိုးမြှင့်ပင်စင်လစာများကို ခွင့်ပြုပေး ခဲ့ပါကြောင်း။
နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ၊ အငြိမ်းစားဝန်ထမ်းအင်အားအရေအတွက် လစဉ်ကျခံသုံးစွဲလျက်ရှိသည့် လစာစရိတ် အခြေအနေတို့အား နှိုင်းယှဉ်သုံးသပ်ပြီးမှ ဆောင်ရွက်နေရပါသဖြင့် ယခုအချိန်တွင် အငြိမ်းစားဝန် ထမ်းများ၏ ပင်စင်လစာခံစားခွင့်အတွက် ပြင်ဆင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ၂၀၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေကြမ်းနှင့် အခကြေးငွေပေးရေးဥပဒေကြမ်းတို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းအား လွှတ်တော်သို့ အသိ ပေးပြီး ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံး အဖြတ်ရယူ၍ူ အတည်ပြုသည်။
ထို့နောက် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကာလများအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက လွှတ်တော်သို့ ဖတ်ကြား တင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်နိုင်ကြောင်း ကြေညာသည်။

(သတင်းစဉ်)

No comments:

Post a Comment