Monday, January 11, 2016

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မင်းလှခံတပ်နှင့် သစ်သားကျောင်းများ ကြည့်ရှုစစ်ဆေး



နေပြည်တော် ဇန်နဝါရီ ၁၁

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဇန်နဝါရီ ၈ ရက်က မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ရှိမင်းလှခံတပ်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကား ယုံကြည်သည့် ပြည်သူပြည်သားများ နေထိုင်သည့်နိုင်ငံ ဖြစ်သည်နှင့်အညီ ဘာသာရေးဆိုင်ရာရှေးဟောင်း အဆောက်အအုံများ လွန်စွာများပြားပါကြောင်း၊ သို့သော်လည်း စစ်ရေးစစ်ရာ အသုံးပြုသည့် ရှေးဟောင်းအဆောက်အအုံများသည် လွန်စွာမှနည်းပါးကြောင်း၊ ဤခံတပ်နှစ်ခုသည် မြန်မာ အင်ဂျင်နီယာများနှင့် ပြင်သစ်၊ အီတလီလူမျိုးတို့ ပူးပေါင်း တည်ဆောက်ခဲ့သည်ဟု သိရှိရပြီးစစ်ရေး စစ်ရာ အဆောက်အအုံများအနက် အခိုင်အမာ အထင်အရှား ကျန်ရှိခဲ့သည့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စိတ်ကူးစိတ်သန်းတို့ ပုံဖော်ပြသနေသည့် အဆောက်အအုံများဖြစ်၍ တန်ဖိုးထား ထိန်းသိမ်းရန် လိုကြောင်း၊ လွန်ခဲ့သည့်လအတွင်းက Facebook စာမျက်နှာပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် မင်းလှခံ တပ်အတွင်း ရှေးမြန်မာမင်းခမ်းမင်းနား ဝတ်စုံများဖြင့် ခရီးဦးကြိုဆိုပြီး ညစာစားပွဲပြုလုပ်ခဲ့သည့် သတင်း ပျံ့နှံ့ခဲ့ပါကြောင်း၊ နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားအောင် ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အလားတူဖြစ်စဉ်မျိုးမဖြစ်အောင် တရားဝင်စာထုတ် တားဆီးထားပါ ကြောင်း၊ မင်းလှခံတပ်၏ ဓာတ်ပုံအဟောင်းများကို ပြန်လည်ရှာဖွေ၍ လာရောက်သူတို့ ကြည့်ရှု့ လေ့လာနိုင်စေရေး ခင်းကျင်းပြသရန်၊ ခံတပ်အား စဉ်ဆက်မပြတ် ကြည့်ရှုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပတ်ဝန်းကျင် သာယာလှပရေးတို့ကို ဆောင်ရွက်ရန် မှာကြားသည်။


မင်းလှခံတပ်ကို အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီး ခရစ်နှစ်(၁၈၆၂)၊ မြန်မာသက္ကရာဇ် (၁၂၂၂) တွင် ကနောင်မင်းသား၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြင်သစ်လူမျိုး အင်ဂျင်နီယာများနှင့် အီတလီ အင်ဂျင်နီယာများ၏ အကူအညီဖြင့် နိုင်ငံခြားမှ ပြန်လာသော မြန်မာလူမျိုးများ ပူးပေါင်းတည်ဆောက် ခဲ့ကြသည်။ ခံတပ်တည်ဆောက်ရာတွင် လိုအပ်သော အုတ်များအတွက် မင်းလှတောင်ဘက်ရှိအင်းဖျားနှင့် မင်းလှမြို့ အနောက်ဖက်ရှိလက်ပန်ရွာများမှ မြေတူးအုတ်ဖုတ်ကာ ရှေးမြန်မာအင်္ဂတေဖျော်စပ် နည်းများအတိုင်း အသုံးပြုတည်ဆောက်ခဲ့သည်။ ခံတပ်တည်ဆောက်ရာနေရာသည် စစ်ရေးဗျူဟာအရ အချက်အခြာနေရာတစ်ခုဖြစ်သည်။ ခံတပ်သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းထိပ်တွင် ရှိပြီး လေးထောင့် ပုံသဏ္ဍာန်ရှိသည်။ ခံတပ်၏အရွယ်အစားမှာ အလျား(၁၇၃၊ - ၇။) နှင့် အနံ (၁၃၁၊ - ၄။) ရှိပြီး ခံတပ်၏ မြောက်ဘက်အနီးတွင် မြန်မာဘုရင်ခေတ် ကြေးနန်းရုံငယ်တစ်ခု ယနေ့တိုင်ကျန်ရှိ နေသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသစ်သားကျောင်းများဖြစ်သည့် စလင်းရုပ်စုံကျောင်း၊ လယ်ကိုင်းဘားဝပ်ကျောင်း၊ ကိုးဆောင်ရုပ်စုံကျောင်းများသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး သစ်သား ကျောင်းဆောင်များသည်  မြန်မာ့ယဉ်ကျေးမှုအတွက် ထင်ရှားပြီးတန်ဖိုးကြီးမားသော ယဉ်ကျေးမှု အမွေအနှစ်ဖြစ်၍ ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment