နေပြည်တော် ဇန်နဝါရီ
၁၁
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများ
အထူးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲတွင် သစ်တောသုတေသနဌာန
(ရေဆင်း)၌ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်နှင့် အရာရှိကြီးများ၊
ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ
အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစီးဦးဆောင် တာဝန်ယူ
ဆောင်ရွက်နေကြသည့် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးသည့်
အထူးမွမ်းမံသင်တန်း ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ညွှန်ကြားရေးမှူးများသည်
သစ်တောသယံဇာတများကို ရေရှည်ထိန်းသိမ်း ကာကွယ်ခြင်း၊ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်
စီမံဆောင်ရွက်ခြင်း ဟူသည့် သစ်တောဦးစီးဌာန၏
မူလ ရည်မှန်းချက်များအောင်မြင်စေရန်အတွက် အရေးပါသော လုပ်ငန်းတာဝန်များကို အကောင်
အထည်ဖော် တာဝန်ယူဆောင်ရွက်နေရသည့် အဆင့်မြင့်အရာထမ်းများ ဖြစ်ကြပါကြောင်း၊
သစ်တောအုပ်ချုပ်လုပ်ကိုင်မှုတွင်
အခြေခံအကျဆုံး Forest Management Unit ဖြစ်သည့် ခရိုင်အဆင့် သစ်တောအရာရှိများနှင့်
ထိထိရောက်ရောက် ချိတ်ဆက်၍ စီမံအုပ်ချုပ် ဆောင်ရွက်နိုင်မှ သာလျှင် သစ်တောဦးစီးဌာန၏
လုပ်ငန်းများ တိုးတက်အောင်မြင်မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်း တွင်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး
အဆင့် သိရှိရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် သစ်တောလုပ်ငန်းများကို ရှင်းလင်းပို့ချသွားမှာ
ဖြစ်ပါကြောင်း၊
သစ်တောဦးစီးဌာနတွင်
ကာလအတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်၍ သစ်တောစီမံ အုပ်ချုပ်မှု အတွေ့အကြုံများလည်း
ကြွယ်ဝကြသူများဖြစ်ပါ ကြောင်း၊မိမိဒေသ၏လိုအပ်ချက်၊ အခြေအနေတို့အရ ကိုယ်တိုင်လျာထား
စီမံဆောင်ရွက်ကြရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ ကြုံတွေ့ နေကျ သမရိုးကျတွေးခေါ်မှု၊ အမြင်၊
စွမ်းဆောင်ရည်များနှင့် မလုံလောက်တော့ပဲ ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ တွေးခေါ်မြော်မြင်မှု၊
စွမ်းဆောင်မှုများ ရှိရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း။
သစ်တောဦးစီးဌာနအတွက်
အလွန်အရေးပါသည့် သင်တန်းဖြစ်သဖြင့် သင်တန်းသား ညွှန်ကြားရေးမှူးများ အနေဖြင့် သင်တန်းဖွင့်လှစ်ရသည့်
ရည်ရွယ်ချက်ပြည့်မီရန်၊ မျှော်မှန်းသည့် အကျိုးရလဒ်များ ရရှိရန် အထူးကြိုးစားပြီး စူးစမ်းမှတ်သား
ဆွေးနွေးကြပါဟု ပြောကြားသည်။
ယခုသင်တန်းကို
ဇန်နဝါရီ(၁၁)ရက်မှ (၁၃)ရက်ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ပြီး ပြည်နယ်နှင့်
တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူး(၁၅)ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၁၂)ဦးစုစုပေါင်း(၂၇)ဦး
တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment