Tuesday, January 26, 2016

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အခမ်းအနားကျင်းပ




နေပြည်တော် ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်း အဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်ရှိ သီရိရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ဇနီး ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်ခင်ဝင်း၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုန် တို့ တက်ရောက် ချီးမြှင့်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းက ဂုဏ်ပြု အမှာစကားပြောကြားရာတွင် အမျိုးသမီးများ ဘဝလုံခြုံရေးကို အလေးထားခြင်းသည် အမျိုးသမီး ရေးရာအဖွဲ့များ၏ အဓိက တာဝန် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် အတွင်းဖြစ်ပွားခဲ့သည့် သက်ငယ် အဓမ္မပြုကျင့်မှုများသည် ၄၀ ရာခိုင်နှုန်းရှိခဲ့သည့် အတွက် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့ပြနှင့် ကျေးရွာမကျန် အရှိန်အဟုန်မြှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီ ပေးမှုများကိုလည်း ယခုထက်ပိုပြီး ဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြပြီး လူကုန်ကူးခံရသူ အမျိုးသမီးများဘဝ ရပ်တည်ရေးအတွက် တတ်စွမ်းနိုင်သမျှ ကူညီပံ့ပိုးပေးကြရမည် ဖြစ်ပါကြောင်း။
အမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အမျိုးသမီး များ၏ အရည်အသွေး စွမ်းပကားများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများကို အသိပညာပေးရုံသာ မဟုတ်ဘဲ ကိုယ်တိုင် နားလည် သဘောပေါက်ပြီး ကိုယ်တိုင် လိုက်နာကျင့်သုံးသည့် အလေ့အထ ရလာသည်အထိ ထဲထဲဝင်ဝင် ဝိုင်းဝန်းဆောင်ရွက် နိုင်အောင်လည်း မိမိတို့လုပ်ဆောင်ချက်များကို တင်ပြရင်း ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြစေလိုပါကြောင်း။
အမျိုးသမီးများ၏ အရည်အသွေး စွမ်းပကားများကို မြှင့်တင်ရာတွင် အမျိုးသမီး များကိုယ်တိုင် နားလည် ဆောင်ရွက်နိုင်သည့် အရည်အသွေးများ၊ မြန်မာယဉ်ကျေးမှုနှင့် ကိုက်ညီပြီး မိမိဘဝလမ်းကြောင်းကို မိမိကိုယ်တိုင် ဦးဆောင် လျှောက်လှမ်းနိုင်သည့် အရည်အသွေးများကို ပိုင်ဆိုင်ခွင့်ရလာသည်အထိ လိုအပ်သည့် သင်တန်းများဖွင့်လှစ် ပေးပြီး အရည်အသွေးများ မည်မျှတက်လာသည်ကို ပြန်လည်တိုင်းထွာ နိုင်သည်အထိ ဆွေးနွေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။
ထို့ပြင် ဒီမိုကရေစီ နိုင်ငံအဖြစ် လျှောက်လှမ်းရာတွင် မြန်မာအမျိုးသမီးထု တစ်ရပ်လုံး ကျရာအခန်းကဏ္ဍတွင် ပါဝင်နိုင်မည့် ဆွေးနွေးချက်များကို ဆွေးနွေးကြပါ ဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မာထွန်း က ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်း ဆောင်ရွက်ချက်များ ကို ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းနှင့် အခမ်းအနား သို့ တက်ရောက် လာကြသူများသည် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ ချုပ်၏ ၂၀၁၅ ခုနှစ်အတွင်း လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၏ စည်းရုံးရေး၊ စီမံရေး၊ စည်းကမ်း ထိန်းသိမ်းရေး၊ ဘဏ္ဍာရေး၊ ပြန်ကြားရေး၊ အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေးစသည့် ဌာနကြီးများနှင့်  လုပ်ငန်း အဖွဲ့များက ဆောင်ရွက်မှု များကိုတင်ပြခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်မှုများကို တင်ပြခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့မှစ၍ ဇန်န၀ါရီ(၂၈)ရက် အထိ ၃ ရက် ကျင်းပ သွားမည်ဖြစ်သည်။

No comments:

Post a Comment