Friday, January 29, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာ စားပွဲ အခမ်းအနား တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ ကျင်းပသည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြု ကြိုဆိုသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြု နေ့လည်စာ စားပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တက်ရောက် လာကြသူများနှင့် အတူ ဂုဏ်ပြု နေ့လည်စာကို သုံးဆောင်ကြသည်။
ဂုဏ်ပြု နေ့လည်စာ သုံးဆောင်နေစဉ် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များက အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုရန် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ လမ်းညွှန်နှင့် လက်စွဲစာအုပ် (၁၃)မျိုးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသား ပါတီနှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ်များထံ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ဂုဏ်ပြု နေ့လည်စာ စားပွဲတွင် သီဆို ဖျော်ဖြေကြသည့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များကို ဂုဏ်ပြု ပန်းခြင်းနှင့် ဆုငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဂုဏ်ပြု နှုတ်ဆက် စကား ပြောကြားသည်။
ဂုဏ်ပြု နေ့လယ်စာ စားပွဲအပြီးတွင် ဒုတိယသမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယကနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့က တက်ရောက် လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များကို ခင်မင် ရင်းနှီးစွာ နှုတ်ဆက်သည်။

No comments:

Post a Comment