Wednesday, January 27, 2016

ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ  ၂၇
ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက် နေ့ကို ယနေ့ နံနက်(၁၀) နာရီတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ကော်မတီများနှင့် ကော်မရှင်တို့က ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှု သုံးသပ်အကြံပြုချက်များနှင့် အစီရင်ခံစာများကို လွှတ်တော်သို့ တင်ပြကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီတို့၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှု သုံးသပ်အကြံပြုချက် အစီရင် ခံစာများကို ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းနှင့် ကော်မတီဝင် ဦးညီညီမြင့်တို့က လွှတ်တော်သို့ ဖတ်ကြား တင်ပြကြ သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၊ ပြည်သူ့ လွှတ်တော်အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ နှင့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တို့၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်း ကာလအတွင်း ဆောင်ရွက်ခဲ့မှု သုံးသပ်အကြံပြုချက် အစီရင်ခံစာများကို ကော်မတီဝင်များနှင့် ကော်မရှင် ဒုတိယ ဥက္ကဋ္ဌတို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြကြသည်။

ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပထမအကြိမ်လွှတ်တော် သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုသုံးသပ်အကြံပြုချက် အစီရင်ခံစာကို ကော်မတီဝင် ဦးတင်မောင်က တင်ပြရာတွင် တစ်နှစ် အတွင်း လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလကို အများဆုံး ၆ လအထိသာ သတ်မှတ် သင့်ကြောင်း၊ လွှတ်တော်အစည်းအဝေးများ ကျင်းပသည့် လွှတ်တော်ပြက္ခဒိန်(Calendar)ကို တစ်နှစ်အတွက် ကြိုတင် သတ်မှတ် ရေးဆွဲထုတ်ပြန်သင့် ကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း လုပ်ငန်း တာဝန်များ ဆောင်ရွက် ရာတွင် ပါတီစုံဒီမိုကရေစီကျင့်စဉ်နှင့်လျော်ညီစွာ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲများမထားရှိဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှေးရှုပြီး တပ်မတော်သားကိုယ်စားလှယ် များနှင့်အတူ ပူးပေါင်း၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ထည့်သွင်းတင်ပြ ခဲ့သည်။ 

No comments:

Post a Comment