Wednesday, January 27, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၂၇
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင်ကျင်းပရာ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အပါအ၀င် အစီ ရင်ခံစာ ၃ ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ဥပဒေကြမ်း ၂ ခု ဆွေးနွေး အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံး စာရင်းများ နှင့်စပ်လျဉ်းသည့် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၆) နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးတို့က ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၄/၂၀၁၆) ကို အတည်ပြု ကြောင်း ကြေညာသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ အပေါ် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်များကို ဘဏ္ဍာရေး ၀န်ကြီးဌာန အနေဖြင့် အလေးထား၍ပြန်လည်စိစစ်သုံးသပ် ဆွေးနွေးခြင်း၊ လက်တွေ့အကောင်အထည်ဖော် ကျင့်သုံး ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင် လျက်ရှိပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ ရှိချက်များကို အခြေခံ၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များနှင့် သဘောထား မှတ်ချက် များသည် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအတွက် အထောက်အကူဖြစ်စေသည့်အပြင် အားသာချက်၊ အားနည်းချက်များကိုလည်း သိရှိရသည့်အတွက် အချိန်မီပြုပြင်ဆောင်ရွက် သင့်သည်များကို ပြုပြင်ဆောင် ရွက်နိုင်ခြင်း လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များကို ချမှတ်နိုင်ခြင်း၊ လိုအပ်သောညွှန်ကြားချက်များ ထုတ်ပြန်နိုင်ခြင်း  စသည်တို့ကို လုပ်ဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် ၀န်ကြီးဌာနများမှ ဘတ်ဂျက်ကို အကောင် အထည် ဖော်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်၊ အယိုအဖိတ်နည်းပါးစွာဖြင့် အကောင် အထည်ဖော်နိုင်စေရန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက်များကို အလေးထား၍ ကြပ်မတ် ကွပ်ကဲ ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်း ကမ်းများ နှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် အကုန်အထိ ကျန်ရှိသည့် ကာလ များတွင် မြေပြင်ကွင်းဆင်း စိစစ်ချက်လုပ်ငန်းများ ဆက်လက် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးလျက်ရှိပါကြောင်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းများကို ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်နှင့် အခြားလုပ်ငန်းများ ဟူ၍ ခွဲခြားပြီး ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှု၊ ၅၀ ရာခိုင်နှုန်းနှင့် အထက် ပြီးစီးမှု၊ ၅၀ ရာခိုင်နှုန်းအောက် ပြီးစီးမှုများကို စနစ်တကျ စာရင်းကောက် စစ်ဆေး ကြီးကြပ်လျက်ရှိပြီး စီမံကိန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဘက်မျှစေရေးနှင့် လုပ်ငန်း လက်ကျန်နည်းပါးရေး၊ အချိန်မီပြီးစီးရေး၊ အရည်အသွေး မြင့်မားစေရေးတို့ကို ကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းခြင်းအတွက် ကုန်ကျသည့် အတိုးစရိတ်ငွေအမှန်ကို သိရှိမှသာ အသုံးစရိတ်သုံးစွဲမှုကို ဖောင်းပွခြင်း မရှိစေရန် ဆင်ခြင်နိုင် မည်ဖြစ်ပါကြောင်း၊ ဘတ်ဂျက်လိုငွေကို ငွေတိုက်စာချုပ်နှင့် ငွေတိုက် လက်မှတ် (Treasury bill)များဖြင့် ဖြည့်ဆည်းခြင်းတွင် မည်သည့်အချိုးဖြင့် ဖြည့်ဆည်း မည်ဆိုသည်ကို လျာထားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ထို့ပြင် ငွေတိုက် လက်မှတ် များဖြင့် ဖြည့်ဆည်းခြင်းအပိုင်းတွင်လည်း Treasury bill auction ဈေးကွက်ကို ဈေးကွက် အတိုးနှုန်းပေး၍ ယခုထက်ပိုပြီး တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်ကာ ဗဟိုဘဏ်၏ ငွေတိုက်လက်မှတ်များ ၀ယ်ယူဖြည့်ဆည်းခြင်းအပိုင်းကို လျော့ချသွားမှသာ ငွေကြေး မူဝါဒကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒ တို့ကို မှန်ကန်စွာ ယှဉ်တွဲအကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အကြံပြုချက်အတိုင်း ဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်းက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအ တည်ပြုသည်။
ဆက်လက်၍ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အတည်ပြုပြီးသည့် အမှန်စာရင်း (Actual)များနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင် ခံစာ (၅/၂၀၁၆) နှင့်စပ်လျဉ်း၍  ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ(၅/၂၀၁၆) ကို အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလအတွင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာ ကို ပူးပေါင်း ကော်မတီတွဲဖက်အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှဒေါက်တာမြတ်ဥာဏစိုးနှင့် အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမဲ ဆန္ဒနယ်မှ ဦးစောလှထွန်းက ဖတ်ကြားတင်ပြရာ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲသည့် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံ စာကို ပူးပေါင်းကော်မတီတွဲဖက်အတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဒေါက်တာမြတ်ဥာဏစိုးက ဖတ်ကြားတင်ပြရာ ပြည်ထောင်စု လွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေ ညာသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့ကို ဇန်န၀ါရီ ၂၈ ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment