Friday, January 29, 2016

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၂၈

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းများ အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် နှင့် လူမှုရေးအပေါ် သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၂၉-၁၂-၂ဝ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၆၁၆/၂ဝ၁၅ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။


အဆိုပါ လုပ်ထုံးလုပ်နည်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. ecd.gov.mm တွင် ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွား စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီပေါင်းစပ်ပေးသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment