နေပြည်တော် ဇန်နဝါရီ ၂၈
အမျိုးသားပြတိုက် (နေပြည်တော်)၏ တည်ဆောက်ရေး ပြီးစီးမှုအရ မြန်မာ့လက်မှု
အနုပညာပြခန်းနှင့် အာဆီယံပြခန်းများကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်တွင် လည်းကောင်း၊
သီဟာသနပလ္လင် ပြခန်းနှင့် ကလေးသူငယ်ပညာပေး ပြခန်းများကို မတ်လပထမပတ်တွင် လည်းကောင်း
အပြီးသတ် ခင်းကျင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားပြတိုက် (နေပြည်တော်)သည် အဆောင်A, B, C, D နှင့် E ဟူ၍
ငါးဆောင်ရှိပြီး၊ အဆောင် A နှင့် အဆောင် B ရှိ ပြခန်းခုနစ်ခန်း ကို ၂ဝ၁၅ ခုနှစ် ဇူလိုင်
၁၅ ရက်က ပထမအဆင့်အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ကျန်အဆောင်များဖြစ်သည့် အဆောင် C ၊
D နှင့် E တို့၏ တည်ဆောက်ရေး လုပ်ငန်းများမှာ ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးမည် ဖြစ်သည်။
ယခုအခါ ဒုတိယအဆင့် ဖွင့်လှစ်မည့်ပြခန်းများမှာ အဆောင်(D)တွင် မြန်မာ့လက်မှု အနုပညာ ပြခန်း၊
အာဆီယံပြခန်း၊ ကလေး သူငယ် ပညာပေးပြခန်းနှင့် အထူးပြပွဲ ပြခန်းတို့ပါဝင်ပြီး အဆောင်(C
)တွင် သီဟာသနပလ္လင် ပြခန်းပါဝင်မည် ဖြစ်သည်။
အဆိုပါ ပြခန်းများအနက် မြန်မာ့လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်း၊
ကလေးသူငယ် ပညာပေးပြခန်းများတွင် Panel ကာရံခြင်းလုပ်ငန်းများမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ
ပြခန်းသုံးမီးများ တပ်ဆင်ခြင်းလုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
ခင်းကျင်းပြသမှု အထောက်အကူပြု ပစ္စည်းများဖြစ်သည့် တင်ခုံများ၊ ပစ္စည်းပြမှန်ဗီရိုများနှင့်
ပုံစံတူ၊ ပုံစံငယ်များမှာ ပြုလုပ်ဆဲရှိပြီး အဆောင် (C) အတွင်းရှိ သီဟာသန ပလ္လင်ပြခန်းအတွက်
သီဟာသနပလ္လင် ပုံစံတူ အစိတ်အပိုင်းများ ရောက်ရှိ နေပြီဖြစ်ကာ မြန်မာမှုအမွှမ်းပန်းများ
တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးသည့်အချိန်တွင် တပ်ဆင်ခင်းကျင်း မည်ဖြစ်ကြောင်း သိရှိသည်။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက အမျိုးသားပြတိုက် (နေပြည်တော်)
အဆောင် (C )ရှိ သီဟာသနပလ္လင်ပြခန်း ခင်းကျင်း ခြင်းနှင့် တည်ဆောက်ခြင်း၊ အဆောင် (C
)နှင့် အဆောင် (E) တို့၏ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှု အခြေအနေများ၊ အဆောင်
(D) ရှိ ပြခန်းများဖြစ်သော မြန်မာ့လက်မှု အနုပညာပြခန်း (D1)၊ အာဆီယံ ပြခန်း(D2)၊ ကလေးသူငယ်ပြခန်း
(D3)နှင့် အထူးပြခန်း (D4) တို့၏ပြခန်းများ ခင်းကျင်းပြသခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ
ပြီးစီး မှုများကို ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ကြည့်ရှုစစ်ဆေးခဲ့သည်။
No comments:
Post a Comment