နေပြည်တော်
ဇန်နဝါရီ ၁၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်
ယက္ကန်းစင်တောင် ဒေသရှိ မေတ္တာနန္ဒ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်၍ ဖွင့်လှစ်ပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်
အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊
ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာ သန်းအောင်၊ ဦးစိုးဝင်း၊ ဦးရဲထွဋ်၊ မန္တလေး တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ဖိတ်ကြား
ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု
တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ထံမှ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက
ပရိတ် တရားတော်များကို ရွတ်ပွား ချီးမြှင့်တော်မူကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု
တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသထံ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် က လှူဖွယ် ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းသည်။
ယင်းနောက် ဒုတိယသမ္မ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး
ဒေါ်နန်းရွှေမှုံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ဧည့်ပရိသတ်များက အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်များကို လှူဖွယ် ဝတ္ထုပစ္စည်းများ
ဆပ်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ မေတ္တာနန္ဒဆေးရုံနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်ထံ ဒယာနန္ဒ ဖောင်ဒေးရှင်း
ကိုယ်စား ဦးအုန်းကျော်က လွှဲပြောင်း ပေးအပ်ပြီး အခမ်းအနားမှူးက ပါဝင် လှူဒါန်းကြသည့် အလှူရှင်များ စာရင်းကို ဖတ်ကြား
ကြေညာသည်။
ထို့နောက် ဒယာနန္ဒ ဖောင်ဒေးရှင်း နာယက ပါမောက္ခချုပ်
ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဖွင့်ပွဲ
အထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်သည်။
ယင်းနောက် လှူဒါန်းမှု အစုစုတို့အတွက် ပါမောက္ခချုပ်
ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက အနုမောဒနာတရား
နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် မေတ္တာနန္ဒ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ
ဖွင့်ပွဲကို ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆေးရုံမုခ်ဦးအား စက်ခလုပ်နှိပ်၍
ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းရှိ အမျိုးသား၊ အမျိုးသမီး
လူနာဆောင်၊ ခွဲစိတ်ခန်းမနှင့် ဆေးဝါး သိုလှောင်ခန်းများကို လှည့်လည် ကြည့်ရှုသည်။
မေတ္တာနန္ဒ ဆေးရုံကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ
ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသ ဦးဆောင်မှုဖြင့်
ဒယာနန္ဒ ဖောင်ဒေးရှင်းနှင့် စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ပြီး မန္တလေး
တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ယက္ကန်းစင် တောင်ဒေသ တစ်ဝိုက်ရှိ ဆရာတော်
သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်သည်။
ညနေပိုင်းတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည်
တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။




No comments:
Post a Comment