Saturday, January 16, 2016

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေးမှု စုစည်းချက်များ အပ်နှံခြင်း အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၁၆
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေးမှု စုစည်းချက်များ လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကား ပြောကြားသည်။


ရှေးဦးစွာ သဘာပတိ ဦးအောင်မင်းက ယခု ညီလာခံကြီးသည် မိမိတို့အားလုံး လက်တွဲ လျှောက်လမ်းရဦးမည့် ခရီးရှည်ကြီး၏ ပထမခြေလှမ်း ဖြစ်ပါကြောင်း၊ အစကနဦး ဖြစ်သည့်အတွက် ဆုံးဖြတ်ချက်များ၊ အဖြေများ၊ ရလဒ်များထက် မိမိတို့ အင်အား အသီးသီး၏ လိုလားချက်များ၊ ဆန္ဒများနှင့် သဘောထားများကို တစ်ဖက်နှင့် တစ်ဖက် သိရှိစေရန် စုစည်း ဆွေးနွေးခြင်း ဖြစ်ပါကြောင်း။
နောင်တာဝန်ယူမည့် အစိုးရအနေဖြင့်လည်း ယနေ့ မိမိတို့ အားလုံးအတူတကွ လက်တွဲ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေး အခြေခံ အုတ်မြစ်အပေါ် အခြေခံပြီး ဆက်လက် ကျင်းပမည့် ညီလာခံများတွင် ပိုမိုကောင်းမွန်သည့် ဆွေးနွေးမှုများ၊ သဘော တူညီချက်များနှင့် ရလဒ်ကောင်းများကို ဆောင်ကြဉ်း ပေးနိုင်မည်ဟု မျှော်လင့်မိ ပါကြောင်း၊ မိမိတို့ အမျိုးသားအင်အားစု အားလုံး အတူတကွ ကြိုးပမ်းခဲ့ကြသည့် ဖြစ်စဉ်မှာ အောင်မြင်စွာဖြင့် စတင်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍ ၅ ခုတို့မှ ကဏ္ဍအလိုက်  ပြုစုထားသော ဆွေးနွေးချက် များကို အစုအဖွဲ့ ၇ ဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦးတို့က ဖတ်ကြား တင်ပြကြသည်။
ဆက်လက်၍ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ကဏ္ဍ ၅ခုနှင့် စပ်လျဉ်း၍ အစုအဖွဲ့အသီးသီးက တင်ပြထားသော ဆွေးနွေးချက် စုစည်းမှု မှတ်တမ်း များကို ညီလာခံ၏ အတည်ပြုချက် ရယူသည်။
ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)  အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်း၊ ဦးခက်ထိန်နန်တို့က  အဆိုပြုချက် (၄)ချက်ကို တင်သွင်းကြပြီး ညီလာခံ၏ အတည်ပြုချက် ရယူသည်။
ယင်းနောက် ညီလာခံ ဆွေးနွေးမှု စုစည်းချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ပဒိုစောကွယ်ထူးဝင်း၊ ဦးသုဝေ တို့က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ လွှဲပြောင်း အပ်နှံသည်။
ထို့နောက် ဒုတိယသမ္မတ က အမှာစကား ပြောကြားရာတွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် NCA စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုးပြီး နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှု အပါအဝင် ကဏ္ဍကြီး(၅)ရပ်၏ ဆွေးနွေးမှုကို ဇန်နဝါရီ (၁၂)ရက်မှ (၁၆)ရက်အထိ ညှိနှိုင်းဆွေးနွေး နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။
ဒီမိုကရေစီခေတ်ကို ပြောင်းလဲရန် ကြိုးပမ်း လျှောက်လှမ်းနေသည့် ကာလတွင် အမြင်ချင်း၊ သဘောထားချင်း မတူညီသော်လည်း တိုးတက် ရရှိလာသည့် ယုံကြည်မှု များကြောင့် ယခုကဲ့သို့ ငြိမ်းအေးစွာ အမြင်ချင်း ဖလှယ်လာကြခြင်း ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကို နိုင်ငံတကာ ဖြစ်စဉ် အတွေ့အကြုံ များနှင့် နှိုင်းယှဉ်ကြည့်ပါက နိုင်ငံရေး အသွင် ကူးပြောင်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များသည် တိုတောင်းလှသည့် အချိန်ကာလ တစ်ခုအတွင်း များစွာ ခရီးရောက်ခဲ့သည်ကို အားလုံး တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ် အလျင်အမြန် အကောင် အထည်ဖော်နိုင်သည့် အဓိက အကြောင်းအရင်း နှစ်ရပ် တွေ့ရှိရပါကြောင်း။
ပထမတစ်ရပ်မှာ နိုင်ငံတော် သမ္မတကြီး၏  သဘောထား ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီ မရရှိနိုင်၊ ဒီမိုကရေစီမရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိနိုင် ဆိုသည့် သဘောထား ဖြစ်ပါကြောင်း။
ဒုတိယတစ်ရပ်မှာ စေ့စပ်ဆွေးနွေး ညှိနှိုင်းခြင်းကို အခြေခံသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်အရ စေ့စပ်ဆွေးနွေး ညှိနှိုင်းမှု အားလုံးကို ပွင့်လင်း မြင်သာစွာ ဆွေးနွေး နိုင်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အမြင့်ဆုံးရလဒ် ဖြစ်သည့် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတွင် ဆွေးနွေးကြသည့် အကြောင်းအရာ များကို ဆုံးဖြတ်ချက် အနေဖြင့် ချမှတ်ခြင်း မပြုဘဲ အများ၏ ဆွေးနွေးချက် အနေဖြင့်သာ စုစည်းထားရှိမည် ဖြစ်ပါကြောင်း။
မတူကွဲပြားသည့် အစုအဖွဲ့ အသီးသီး၏ ကိုယ်စားလှယ်များ၊ မိမိတို့ ကိုယ်စားပြုရာ လူထု လိုလားချက်များကို ဆွေးနွေး စုစည်းခြင်းဟု သတ်မှတ်ပြီး ယင်းဆွေးနွေးချက် များကို နောက်ဆက်လက် ကျင်းပသွားမည့် ငြိမ်းချမ်းရေး ညီလာခံသို့ လက်ဆင့်ကမ်း လွှဲပြောင်း ပေးသွားမည် ဖြစ်ပါကြောင်း။
မကြာမီ ပေါ်ပေါက် လာတော့မည့် အစိုးရသစ်ထံ အစိုးရတာဝန် လွှဲပြောင်း ပေးသည့်အခါ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့်အတူ ညီလာခံကြီးတွင် ဆွေးနွေး ခဲ့ကြသည့် ဆွေးနွေးမှုများကို အခြေခံ အုတ်မြစ် အနေဖြင့် တစ်ပါတည်း လွှဲပြောင်းပေး သွားမည် ဖြစ်ပါကြောင်း၊ အစိုးရသစ် လက်ထက်တွင် ညီလာခံ၏  စုစည်း ဆွေးနွေးချက် များအပေါ် အခြေခံပြီး ယခုထက် ပိုမိုကောင်းမွန်သည့် သဘောတူညီချက် ရလဒ်များ ပေါ်ထွက် လာလိ့မ်မည်ဟု မျှော်လင့်ပါကြောင်း။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးမှ အစပြုပြီး မိမိတို့အားလုံး၏ ရည်မှန်းချက် ဖြစ်သော ငြိမ်းချမ်း သာယာဖွံ့ဖြိုး တိုးတက်သည့် အမျိုးသားရေး တန်းတူရည်တူ ရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ပြီး အနာဂတ် မျိုးဆက်သစ်များ အတွက် အမွေကောင်း တစ်ခုအဖြစ် ချန်ရစ် ထားနိုင်ရေး ကြိုးပမ်းပေးကြပါဟု တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ယနေ့နံနက်ပိုင်းတွင် အစုအဖွဲ့၇ ဖွဲ့တို့က ကဏ္ဍ ၅ ခုအပေါ် ဆွေးနွေးခဲ့ကြသည်။
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့ပြီး အစိုးရ ကိုယ်စားလှယ်များအစုအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တပ်မတော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အစုအဖွဲ့၊ တိုင်းရင်းသား ကိုယ်စားလှယ် အစုအဖွဲ့၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ် များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ယခုကျင်းပသည့် ညီလာခံ၌ နိုင်ငံရေး ကဏ္ဍတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ လူမှုရေး ကဏ္ဍတွင်  ပြန်လည် နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များထဲမှ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ ကိစ္စရပ်များ၊ စီးပွားရေး ကဏ္ဍတွင် အခွန်ကောက်ယူ ခြင်းနှင့် ပြန်လည်ခွဲဝေခြင်း၊ လုံခြုံရေး ကဏ္ဍတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံ သင့်သည့် မူများ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွင် သဘာဝ သယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ယခုညီလာခံမှ ထွက်ပေါ်လာသည့်  ဆွေးနွေးချက် စုစည်းချက်များသည် အဆုံးအဖြတ် မဟုတ်ဘဲ နောင်လာမည့် အစိုးရသစ် လက်ထက်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံ အတွက် အခြေခံနိုင်ရန် မှတ်တမ်းအဖြစ် ထားရှိသွားမည် ဖြစ်သည်။

No comments:

Post a Comment