ယခုဆွေးနွေးပို့ချမယ့် ပို့ချချက်ကတော့ တက္ကသိုလ်ဝင်စာမေး
ပွဲ ဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသားများ အတွက် “မြန်မာစာ ဘာသာရပ် မေးခွန်းလွှာဆိုင်ရာ
သိမှတ်ဖွယ်ရာများ” ဖြစ်ပါတယ်။ ဒီပို့ချချက်ဟာ ကျောင်းသူ ကျောင်းသားများအတွက်
မြန်မာစာပြဋ္ဌာန်းစာတွေကို လေ့လာကျက်မှတ်ရာမှာ အထောက်အကူ ပြုနိုင်ဖို့နဲ့ မြန်မာစာ ဘာသာရပ်ကို
ထူးချွန်ပေါက်မြောက်စွာ ဖြေဆိုစေနိုင်ဖို့ ရည်ရွယ်ပါတယ်။
တပည့်တို့ သိပြီးဖြစ်တဲ့အတိုင်း တက္ကသိုလ်ဝင်တန်း
မြန်မာစာဘာသာရပ် အတွက် ပြဋ္ဌာန်းထားတဲ့ စာအုပ် ၄ အုပ် ရှိပါတယ်။
အဲဒီစာအုပ်တွေကတော့ မြန်မာသဒ္ဒါအတွဲ (၂) အခန်း
(၆)၊ မြန်မာစကားပြေ လက်ရွေးစင်၊ မြန်မာကဗျာ လက်ရွေးစင်နဲ့ ရေသည်ပြဇာတ်တို့ ဖြစ်ပါတယ်။
ဒီကနေ့ ပို့ချချက်မှာ စာမေးပွဲဖြေဆိုကြမယ့်
တပည့်တို့ အနေနဲ့ ဒီပြဋ္ဌာန်းစာအုပ်တွေကို ဘယ်လို လေ့လာ ထားသင့်တယ်၊ လေ့လာထားတဲ့ ပြဋ္ဌာန်းချက်တွေကို
စာမေးပွဲမှာ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လို ဖြေဆိုသင့်တယ်ဆိုတာကို အဓိက ဆွေးနွေးသွားမှာဖြစ်ပါတယ်။
မြန်မာစာ ဘာသာရပ်ကို လေ့လာရာမှာ ကျယ်ကျယ်ပြန့်ပြန့်
ပြည့်ပြည့် စုံစုံ လေ့လာထားရမှာဖြစ်ပေမယ့် စာမေးပွဲ ဖြေဆိုရာမှာတော့ စာမေးပွဲ မေးခွန်းနဲ့
အံဝင်ခွင်ကျဖြစ်အောင်၊ ပေးထားတဲ့ အချိန် အတိုင်းအတာ အတွင်း ကွက်တိဖြေ ဆိုနိုင်အောင်
လေ့လာ ကျက်မှတ်လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုလေ့လာ ကျက်မှတ်လေ့ကျင့်နိုင်ဖို့အတွက်
မြန်မာစာမေးခွန်း ပုံစံကို ဦးစွာ ကျေကျေညက်ညက် သိရှိထားဖို့ လိုအပ်ပါ တယ်။
မြန်မာစာ မေးခွန်းဟာ (၃)နာရီမေးခွန်း ဖြစ်ပါတယ်။
ဒီမေးခွန်းမှာ မေးခွန်းကြီး (၆)ပုဒ် မေးထားပါတယ်။ သဒ္ဒါ(၁)ပုဒ်၊ ဝေါဟာရအလင်္ကာ(၁)ပုဒ်၊
ကဗျာဓမ္မဓိဋ္ဌာန်နဲ့ ကဗျာမေးခွန်းရှည် (၁)ပုဒ်၊ စကားပြေဓမ္မဓိဋ္ဌာန်နဲ့ စကားပြေမေးခွန်းရှည်
(၁) ပုဒ်၊ပြဇာတ်မေးခွန်း (၁) ပုဒ်၊ စာစီစာကုံး မေးခွန်း (၁) ပုဒ်တို့ဖြစ်ပါတယ်။ မေးခွန်းအလိုက်
ရွေးချယ်စရာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီမေးခွန်း(၁)ပုဒ်စီမှာ မေးခွန်းပုဒ်ခွဲများ
ပါဝင်မှာဖြစ်ပါတယ်။ မေးခွန်းအလိုက် ရွေးချယ်စရာတွေလည်းပါဝင်မှာဖြစ်ပါတယ်။
မေးခွန်း(၁)ကတော့ မြန်မာသဒ္ဒါပြဋ္ဌာန်းစာ အတွဲ(၂)
အခန်း(၆)ကို အခြေခံထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ပြဋ္ဌာန်းစာဖြစ်တဲ့ မြန်မာသဒ္ဒါအတွဲ(၂) အခန်း
(၆) မှာ အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ အဲဒီအပိုင်းတွေကတော့ (က) မြန်မာစာ မြန်မာစကားဆိုင်ရာ
သိမှတ်ဖွယ်ရာများ၊ (ခ) ဝါစင်္ဂဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ (ဂ) ဝါကျဆိုင်ရာ သိမှတ်ဖွယ်ရာများတို့
ဖြစ်ကြပါ တယ်။ မေးခွန်း (၁) မှာ ဒီကဏ္ဍတွေကို မေးခွန်းပုဒ်ခွဲ (၃)ခုခွဲပြီး မေးလေ့ရှိပါတယ်။
မေးခွန်းပုဒ်ခွဲ မေးရာမှာ ကဏ္ဍ အလိုက်မေးတာ မျိုး မဟုတ်ဘဲ မေးခွန်း ၁(က) မှာအပိုင်း ၃
ခုစလုံးက အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရှင်းလင်းဖော်ပြချက် စတဲ့ကျက် မှတ်မှုဆိုင် ရာ မေးခွန်းဖြစ်ပြီး
မေးခွန်း ၁(ခ)နဲ့ (ဂ)ကတော့ မြန်မာသဒ္ဒါကို ဘယ်လောက် နားလည်မှု ရှိ မရှိ၊ ဘယ်လောက် လက်တွေ့အသုံးချနိုင်စွမ်း
ရှိ မရှိဆိုတဲ့ နားလည်မှုနဲ့ ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ်တဲ့ မေးခွန်း ဖြစ်ပါတယ်။
မေးခွန်း ၁(က)မှာ မြန်မာသဒ္ဒါပြဋ္ဌာန်းစာပါ အပိုင်း(၃)ပိုင်းစလုံးက
သိကောင်းစရာတွေကို စုံလင်အောင် မေးလေ့ရှိပါတယ်။ အပိုင်း(၁) မြန်မာစာ မြန်မာစကားဆိုင်ရာသိမှတ်ဖွယ်ရာများအခန်းမှာ
ကဏ္ဍ ၃ ခု ပါဝင်တဲ့ အနက် ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ မင်စာ၊ ကျောက်စာ၊ ပေစာ ပုရပိုက်စာစတဲ့
စာအမျိုးမျိုး၊ ခရာဝန်း၊ ခရာထောင့်၊ ဇကွဲပြောင်းလဲပုံ၊ ည ပြောင်းလဲပုံ၊ ဒထွေးပြောင်းလဲပုံ၊
နငယ်ပြောင်းလဲပုံ၊ အ ပြောင်းလဲပုံ စတဲ့ မြန်မာအက္ခရာ ကဏ္ဍက မြန်မာ အက္ခရာများ ရဲ့ ယေဘုယျပုံသဏ္ဍာန်နဲ့
အက္ခရာပုံသဏ္ဍာန် ပြောင်းလဲပုံတွေ။
ဌာန်၊ ကရိုဏ်းနဲ့ ပယတ်တို့ရဲ့ ဖွင့်ဆိုချက်များ၊
ဌာန်၊ ကရိုဏ်း၊ ပယတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ စကားသံ အကြောင်း၊ လှုပ်ရှားနိုင်တဲ့ စကားသံဖြစ်
အင်္ဂါ၊ မလှုပ်ရှားနိုင်တဲ့စကားသံဖြစ်အင်္ဂါ၊ ဌာန် ၇ မျိုး၊ ကရိုဏ်း ၇ မျိုး၊ဌာန်နှင့်ကရိုဏ်း
အတွဲ ၇ မျိုး၊ ပယတ် ၄ မျိုး၊ သရရွတ်ဆိုပုံ၊ ဗျည်းရွတ်ဆိုပုံစတဲ့ ဌာန်၊ ကရိုဏ်း၊ ပယတ်ကဏ္ဍက
သိမှတ်ဖွယ်ရာတွေ။
အက္ခရာတူနှစ်လုံးဆင့် ပါဠိပါဌ်ဆင့်ရေးနည်း၊
အက္ခရာကွဲနှစ်လုံး ဆင့်ပါဠိပါဌ်ဆင့်ရေးနည်း၊ ပါဠိပါဌ်ဆင့်ဖတ်နည်း၊ မြန်မာပါဌ်ဆင့် ရေးနည်းနှင့်
ဖတ်နည်းစတဲ့ ပါဌ်ဆင့်ရေးနည်းနဲ့ ဖတ်နည်းကဏ္ဍက သိမှတ်ဖွယ်ရာတွေကို ထုတ်နုတ်မေးမြန်း လေ့ရှိပါတယ်။
အပိုင်း(၂) ဝါစင်္ဂဆိုင်ရာသိမှတ်ဖွယ်ရာများအခန်းက
နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ဝိသေသျ၊ ကြိယာ၊ ဝိဘတ်၊ သမ္ဗန္ဓ၊ လိင် စတဲ့ ဝါစင်္ဂများအမျိုးမျိုးရဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ အမျိုးအစားတွေအကြောင်းကိုလည်း မေးနိုင်ပါတယ်။
အပိုင်း (၃) ဝါကျဆိုင်ရာ သိမှတ်ဖွယ်များအခန်းက
ဝါကျရိုးသတ်မှတ်ချက်၊ ဝါကျရိုးဖွဲ့ပုံအမျိုးမျိုး၊ ဝါကျရော သတ်မှတ်ချက်၊ ဝါကျရောဖွဲ့ပုံအမျိုးမျိုး၊အနက်အဓိပ္ပာယ်အရ
ဝါကျ(၅)မျိုး၊ ဖွဲ့စည်းတည်ဆောက်ပုံအရ ဝါကျ(၂)မျိုး၊ ပုဒ်အမျိုးအစား (၄)မျိုး၊ ပုဒ်စုအမျိုးအစား
(၃)မျိုး စတာတွေကိုလည်းမေးလေ့ရှိပါတယ်။
ဒီမေးခွန်းမှာ မေးတဲ့အကြောင်းအရာ အမျိုးအစား
များပြားစုံလင်ပေ မယ့် ရွေးချယ်စရာတွေ ပါဝင်တာကြောင့် မိမိစိတ်ကြိုက်အပုဒ်တွေ ကို ရွေးချယ်
ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဖြေဆိုတဲ့ အခါမှာ ကျက်မှတ်ထား သမျှကို အစီအစဉ်တကျ ရေးပြရမှာ
ဖြစ်ပါတယ်။ သဒ္ဒါအဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ဖြေဆိုရာမှာ လိုအပ်တဲ့ သာဓကတွေကို ထည့်သွင်းဖြေဆိုရမှာ
ဖြစ်ပါတယ်။ ဒါကြောင့်လိုအပ်တဲ့နေရာတွေမှာ သာဓကဆောင်နိုင် အောင် သာဓကများကိုလည်းကျက်မှတ်
ထားရမှာ ဖြစ်ပါတယ်။
သာဓကအနေနဲ့ ပေစာ၊ ပုရပိုက်စာကို ဖြေမယ်ဆိုကြပါစို့။
- ပေစာ၊ ပုရပိုက်စာတို့ကို စာရေးကိရိယာအဖြစ်
ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့ကြမယ်လို့ ယုံကြည်ရ ကြောင်း၊
- သို့သော် နှစ်ကာလ အလွန်ကြာညောင်းပြီဖြစ်လို့
ထိုခေတ်က ပေ၊ ပုရပိုက်တို့ကို တွေ့နိုင်ရန် မလွယ်ကူ တော့ကြောင်း၊
- အစောဆုံးအနေနှင့် မြန်မာသက္ကရာဇ် ၁၀၀၀ ခန့်
(အေဒီ ၁၇ ရာစု) က ရေးခဲ့တဲ့ ပေများကို တွေ့နိုင်ကြောင်း၊
- ဒါ့ကြောင့် သက္ကရာဇ် ၁၀၀၀မှ ယနေ့ ၁၃၀၀ ကျော်အထိ
နှစ်ပေါင်း ၃၀၀ ကျော်အတွင်းရေးသားခဲ့တဲ့ အက္ခရာတို့ရဲ့ ပုံသဏ္ဌာန်ကို ထိုပုရပိုက်များတွင်လည်း
တွေ့နိုင်ကြောင်း၊ ဆိုတဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ ဖြေဆို ရမှာဖြစ်တယ်။
“မြန်မာပါဌ်ဆင့်ရေးနည်း”
ဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာတော့ -
- ရှေးခေတ်မြန်မာတို့သည် ပါဠိဘာသာစာပေနှင့်
ရင်းနှီးခဲ့ကြသဖြင့် ပါဠိစကားလုံးများကို ကြားညှပ်ပြောဆိုခြင်း၊ ရေးသားခြင်း ပြုခဲ့ကြကြောင်း၊
- ပါဠိပါဌ်ဆင့်ရေးနည်းများကိုအတုယူ၍ မြန်မာနှစ်လုံးဆင့်ရေးသား
မှုများကို ပြုလာခဲ့ကြကြောင်း၊
- ထို့ပြင် ကျောက်စာ ပေစာများ ရေးသားရာ၌ နေရာအကျဉ်းချုံးရာမှ
စ၍ မြန်မာနှစ်လုံးဆင့်ရေးနည်းကို သုံးခဲ့ကြကြောင်း၊
- ယင်းသို့ ရေးခဲ့ကြသော မြန်မာဝေါဟာရများအနက်
အချို့ကို မျက်မှောက်ခေတ်တိုင်အောင် နှစ်လုံးဆင့် ဆက်လက် ရေးသားကြ၍ အချို့ကို လက်ခံသုံးစွဲခြင်းမပြုကြတော့ကြောင်း၊
- အောက်ပါသာဓကအချို့မှာ မျက်မှောက်ခေတ်၌ ဆက်လက်အသုံးပြု
လျက်ရှိသော မြန်မာဝေါဟာရ နှစ်လုံးဆင့်ရေးပုံဖြစ်ကြောင်း၊
- (က) ယောက္ခမ၊ (ခ) လိမ္မာ၊ (ဂ) သေတ္တာ ဆိုပြီး
အချက်အလက်နဲ့ သာဓကပြည့်စုံအောင် ဖြေရပါမယ်။ မေးခွန်း ၁(ခ) ကတော့ သဒ္ဒါလေ့ကျင့်ခန်းမေးခွန်း
ဖြစ်ပါတယ်။
ဒီမေးခွန်းမှာ မေးခွန်း(၆)ခု မေးပြီးတော့
(၄)ခုကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေဆိုနိုင်ဖို့အတွက် သဒ္ဒါစာအုပ်ထဲက
လေ့ကျင့်ခန်းတွေကို အထပ်ထပ် အခါခါ လေ့ကျင့်ထားဖို့ အပြင် မေးခွန်းကို သေချာ ဖတ်ပြီး
မေးထားတဲ့အတိုင်း အတိအကျ ဖြေပေးရပါမယ်။
သာဓကပြရမယ်ဆိုရင် အောက်ပါတို့မှ လေးခုကို ရွေးချယ်၍
ဖွဲ့စည်း တည်ဆောက်ပုံအရ မည်သည့် နာမ်ဖြစ်ကြောင်း ဖြေပါဆိုပြီး မေးထားတဲ့
“နေ၊ လက်စွပ်၊ ကူညီမှု၊ အကောင်း၊ မေတ္တာ၊ လွယ်အိတ်”
တို့ကို ဖြေမယ်ဆိုရင်-
- “နေ”သည်
ပင်ကိုနာမ်
- “လက်စွပ်”
သည် ပေါင်းစပ်နာမ်၊
- “ကူညီမှု”
သည် ကြိယာနာမ်၊
- “အကောင်း”
သည် ဂုဏ်ရည်ပြနာမ်၊
- “မေတ္တာ”
သည် ပင်ကိုနာမ်၊
- “လွယ်အိတ်”
သည် ပေါင်းစပ်နာမ်၊
ဖြစ်ကြောင်း တိတိကျကျ ဖြေဆိုနိုင်အောင် ကျက်မှတ်လေ့ကျင့်ထားရမှာ
ဖြစ်ပါတယ်။
ပင်ကိုနာမ်ကို ရေးသားရာမှာ စာလုံးပေါင်းမှန်ကန်ဖို့
သတိပြုရမှာ ဖြစ်ပါတယ်။ “ပင်ကို” ကို ရေးသားရာမှာ ယပက်လက်သတ်
မပါဝင်ပါဘူး။ “ပင်ကိုယ်” လို့ ရေသားမိရင် စားလုံးပေါင်းမှားတဲ့ အတွက်
အမှတ်ဆုံးရှုံးမှာ ဖြစ်ပါတယ်။
“ဖွဲ့စည်းတည်ဆောက်ပုံအရ မည်သည့်ကြိယာဝိသေသ နဖြစ်ကြောင်း
ဖြေပါဆိုပြီး မေးထားတဲ့ “ခင်ခင်မင်မင်၊ တမှိုင်မှိုင်၊ တက်လိုက်ဆင်းလိုက်၊ စီရရီ၊ ချိုချိုသာသာ၊
ဆာတာတာ” တို့ကို ဖြေရင်-
- “ခင်ခင်မင်မင်”
သည် နှစ်ကြိမ်ထပ် ကြိယာဝိသေသန၊
- “တမှိုင်မှိုင်”
သည် ပစ္စည်းဆက် ကြိယာဝိသေသန၊
- “တက်လိုက်ဆင်းလိုက်”
သည် ပစ္စည်းဆက် ကြိယာဝိသေသန၊
- “စီရရီ”
သည် ကာရန်လိုက် ကြိယာဝိသေသန၊
- “ချိုချိုသာသာ”
သည် နှစ်ကြိမ်ထပ် ကြိယာဝိသေသန၊
- “ဆာတာတာ”
သည် ကာရန်လိုက် ကြိယာဝိသေသန၊
ဆိုပြီး တိတိကျကျ ဖြေဆိုရမှာဖြစ်ပါတယ်။
မေးခွန်း ၁(ဂ) ကတော့ သဒ္ဒါကို အမှန်တကယ်နားလည်တတ်ကျွမ်းမှု
ရှိ မရှိ စမ်းသပ်တဲ့ မေးခွန်းဖြစ်တယ်။ ဒီမေးခွန်းမှာ (၅)ခု မေးပြီး (၃)ခု ဖြေရမှာ ဖြစ်ပါတယ်။
များသောအားဖြင့် သဒ္ဒါ အမျိုးအစားအလိုက် စကားလုံးတွေကို ပေးထားပြီးတော့ ဝါကျဖွဲ့ခိုင်းလေ့
ရှိပါတယ်။ ဝါကျထဲက စကားလုံးကို မျဉ်းသားပြီး ဝါစင်္ဂအမျိုး အစား ဖြေဆိုခိုင်း တာမျိုးလည်း
မေးနိုင်ပါတယ်။
ဝါစင်္ဂအလိုက် ပေးထားတဲ့ စကားလုံးတွေကို ဝါကျထဲမှာ
ကွက်လပ်ဖြည့်ပြီး ဝါစင်္ဂအမျိုးအစား ဖော်ပြခိုင်းတာမျိုးလည်း မေးနိုင်ပါတယ်။
သာဓကအနေနဲ့-
- “အပူတပြင်း”ဆိုတဲ့
ကြိယာဝိသေသနကို ဝါကျဖွဲ့ခိုင်းရင်-
“ကျွန်တော်သည် ပိုက်ဆံအိတ်ကျပျောက်သွားသဖြင့်
အပူတပြင်းရှာဖွေနေသည်။”
- “တိုင်အောင်”ဆိုတဲ့
အချိန်ဆက်တိုက်ပြဝိဘတ်ကို ဝါကျဖွဲ့ခိုင်းရင်-
“ညီမလေးသည် နေ့စဉ် ည၁၂နာရီ တိုင်အောင် ကျောင်းစာများကိုကျက်မှတ်လေ့ရှိသည်။”
- “နိုင်”
ဆိုတဲ့ ကြိယာပစ္စည်းကို ဝါကျဖွဲ့ခိုင်းရင်-
“ကျောင်းသားတိုင်းသည် စာမကြိုးစားလျှင် စာမေးပွဲ
မအောင်နိုင်ပါ။”
စသဖြင့် ဝါကျဖွဲ့ရမှာ ဖြစ်ပါတယ်။ ဝါကျဖွဲ့တဲ့အခါမှာ
ဝါကျတွေ ပြည့်စုံမှန်ကန်ပြီး အဓိပ္ပာယ်ပေါ်လွင်ဖို့ လိုပါ တယ်။
မေးခွန်း ၂ (က) ဟာ စကားပြေ၊ ကဗျာ၊ ရေသည်ပြဇာတ်တွေထဲက
စာသုံးပေသုံး၊ ရှေးသုံး ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ခိုင်းတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းမှာ (၈) ခု ပေးထားပြီး (၅) ခု ဖြေရမှာ
ဖြစ်ပါ တယ်။ ဖြေဆိုတဲ့ အခါမှာ ပြဋ္ဌာန်းစာပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။
အဓိပ္ပာယ်ဖွင့်ပုံတိကျဖို့လည်း လိုအပ်ပါတယ်။ ဝေါဟာရရဲ့သဒ္ဒါအမျိုးအစားနဲ့ ကိုက်ညီတဲ့
အဓိပ္ပာယ်ဖြစ်ဖို့ လည်း လိုအပ်ပါတယ်။ ဒီမေးခွန်း အတွက် ပြဋ္ဌာန်း စာအုပ်တွေထဲက ခက်ဆစ်
အဓိပ္ပာယ်တွေကို သေသေချာချာ ကျက်ထားရင် လုံလောက်ပါတယ်။
သာဓကအနေနဲ့သိင်္ဃသူ့သမီး စကားပြေထဲက “သတင်းစင်”
ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်မယ်ဆိုရင် “အကျင့်စင်ကြယ်သည်”
ဆိုပြီး ဖွင့်ရပါမယ်။ “သတင်းစင်” ဟာ ကြိယာဖြစ်တဲ့အတွက်ကြောင့်
အဖွင့်ဟာလည်း ကြိယာအနက်ပဲ ဖြစ်ရပါမယ်။ ကိုယ့်အဓိပ္ပာယ်ကိုယ် ဖွင့်တာမျိုးတွေ၊ ကြိယာက
နာမ်မဟုတ်ဘဲ နာမဝိသေသနအနက်၊ ကြိယာဝိသေသန အနက် စသည်ဖြင့် အနက်ပြောင်း ဖွင့်တာမျိုး မဖြစ်သင့်ပါဘူး။
မြင်စိုင်းရွှေပြည်ကဗျာထဲက “စောလူး”
ဝေါဟာရကို အနက်ဖွင့်မယ်ဆိုရင် “မြင့်မြတ်၊ ပျိုရွယ်သောမင်း”လို့
ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ နာမ်ဝေါဟာရ ဖြစ်တဲ့အတွက် ဖွင့်တဲ့အနက်ကလည်း နာမ်အနက်ပဲ ဖြစ်ရပါမယ်။
ရေသည်ပြဇာတ်ထဲက “ကရောကပါး”
ဆိုတဲ့ ဝေါဟာရကို အနက်ဖွင့်မယ်ဆိုရင် “ကတိုက်ကရိုက်၊ အလောတကြီး”
လို့ ဖွင့်ဆိုရပါမယ်။ “ကရောကပါး” ဟာ ကြိယာဝိသေသန ဖြစ်တာမို့
အနက်ဖွင့်လည်း ကြိယာဝိသေသန အနက် ဖြစ်ရပါတယ်။
မေးခွန်း ၂ (က) မှာ စာသုံးပေသုံး၊ ရှေးသုံးဝေါဟာရတွေ
အနက်ဖွင့်တဲ့အခါမှာ အဓိပ္ပာယ်မှန်ကန်ဖို့နဲ့ သဒ္ဒါအသုံး မှန်ကန်ဖို့ အထူးလိုအပ်တယ်ဆိုတာသတိပြုရမှာ
ဖြစ်ပါတယ်။
မေးခွန်း ၂ (ခ) မှာတော့ စကားပြေ၊ ရေသည်ပြဇာတ်တွေမှာ
ပါတဲ့ ဝေါဟာရတွေထဲက မျက်မှောက်ခေတ် အသုံးပြုဆဲဖြစ်တဲ့ ခေတ်သုံးဝေါဟာရတွေကို ဝါကျဖွဲ့ခိုင်းတာ
ဖြစ်ပါတယ်။ ဒီမေးခွန်းမှာလည်း (၈) ခုမေးပြီး တော့ (၅)ခု ဖြေရမှာဖြစ်ပါတယ်။ ပေးထားတဲ့ဝေါဟာရဟာ
အဓိပ္ပာယ်တစ်မျိုးထက်မက ကွဲပြားမှုရှိနိုင် ပေမယ့် မေးခွန်းသဘောအရ ဝါကျဖွဲ့ရာမှာ ပြဋ္ဌာန်းစာမှာသုံးတဲ့
အဓိပ္ပာယ်မျိုးပဲ ဖြစ်ရပါမယ်။ ဝေါဟာရရဲ့အနက် ပေါ်လွင်တဲ့ဝါကျမျိုးလည်း ဖြစ်ရပါမယ်။ ဝါကျဖွဲ့တဲ့အခါ
အဓိပ္ပာယ်ပြည့်စုံဖို့ လိုအပ်ပါတယ်။ ကတ္တားမပါတဲ့ ဝါကျမျိုးလည်း မဖြစ်သင့်ပါဘူး။
သာဓကအနေနဲ့ဦးပေါင်းကျားနဲ့ မြင်းကျားရှင်စကားပြေထဲက
“ကြုံးဝါး” ဆိုတဲ့ဝေါဟာရ ကိုဝါကျဖွဲ့ရင်-
- “မောင်မောင်သည် စာမေးပွဲတွင် ခြောက်ဘာသာ
ဂုဏ်ထူးရအောင်ဖြေဆို မည်ဟု ကြုံးဝါးသည်။”
ဆိုတဲ့ ဝါကျမျိုး ရေးသားနိုင်ပါတယ်။
နွေဦးကာလ မြူထသောခါ ကဗျာက “မြူ”
ဆိုတဲ့ဝေါဟာရကို ဝါကျဖွဲ့ရင်-
- “နွေဦးကာလတွင် ပတ်ဝန်းကျင်တစ်ခုလုံး မြူများအုံ့ဆိုင်းနေသည်။”
ဆိုတဲ့ ဝါကျမျိုး ရေးဖွဲ့နိုင်ပါတယ်။
ရေသည်ပြဇာတ်ထဲက “ဒလဟော”
ဆိုတဲ့ဝေါဟာရကို ဝါကျဖွဲ့ရင်-
- “တောင်ကျချောင်းမှ ရေတို့သည် တောင်အောက်သို့
ဒလဟောစီးဆင်းနေသည်။” ဆိုတာမျိုး ရေးနိုင်ပါ တယ်။
ဝါကျဖွဲ့ရာမှာ ပေးထားတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်
အသုံးမှန်ဖို့ လိုသလို သဒ္ဒါနေရာလည်း မှန်ဖို့ လိုပါတယ်။ နာမ်စကားလုံး ဆိုရင် နာမ်နေရာ၊
ကြိယာဆိုရင် ကြိယာနေရာ၊ ကြိယာဝိသေသန သူ့နေရာနဲ့သူ မှန်အောင်ဝါကျဖွဲ့ရမှာ ဖြစ်ပါတယ်။
မေးခွန်း ၂(ဂ)ကတော့ အလင်္ကာမေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းမှာ စကားပြေ၊ ကဗျာ၊ ရေသည်ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက အလင်္ကာမြောက်တဲ့ အရေးအဖွဲ့တွေကို
ထုတ်နုတ်ပြီး ဖြေရှင်းဖြေဆိုခိုင်းပါတယ်။ ထုတ်နုတ်ထားတဲ့ အလင်္ကာမြောက် အရေးအဖွဲ့တွေမှာ
ဥပမာ၊ ရူပက၊ ဝင်္ကဝုတ္တိ၊ အတိသယဝုတ္တိ၊ မြည်သံစွဲ အစရှိတဲ့ အလင်္ကာအမျိုးအမည်တွေကို ဖော်ပြပေးထားပြီး
ဒီအလင်္ကာကို ဘယ်ပြဋ္ဌာန်းစာမှာ ဘယ်အကြောင်းနဲ့ ဆက်စပ်သုံးတယ်၊ ဘာ့ကြောင့် ဒီအလင်္ကာမြောက်တယ်
ဆိုတာတွေကို ဖြေဆိုခိုင်းတာ ဖြစ်ပါတယ်။ မေးခွန်း (၈)ခု မေးပြီးတော့ (၅)ခုဖြေဆိုရမှာ
ဖြစ်ပါတယ်။
အလင်္ကာကို ဖြေဆိုရာမှာ ဥပမာ အလင်္ကာကို ဖြေရင်
အနှိုင်းခံနဲ့ အနှိုင်းကို ဘယ်လို ခိုင်းနှိုင်းဖွဲ့ဆိုထားကြောင်း၊ ရူပကအလင်္ကာကို ဖြေရင်
အနှိုင်းခံနဲ့ အနှိုင်းကို ဘယ်လိုထပ်တူပြုထားကြောင်း၊ ဝင်္ကဝုတ္တိအလင်္ကာကိုဖြေရင် ဘယ်လို
တိုက်ရိုက်မရေးဘဲ သွယ်ဝိုက်ရေးထားကြောင်း၊ အတိသယဝုတ္တိ အလင်္ကာကို ဖြေရင် ဘယ်လို အလွန်အကြူး
ရေးထားကြောင်း၊ မြည်သံစွဲ အလင်္ကာဖြေရင် ဘာမြည်သံကို ထည့်သွင်းဖွဲ့ဆိုထားကြောင်းဆိုတဲ့
သက်ဆိုင်ရာအလင်္ကာရဲ့ သတ်မှတ်အသုံးအနှုန်းတွေကို သုံးစွဲပြီး ရှင်းပြရမှာ ဖြစ်ပါတယ်။
သာဓကအနေနဲ့ -
“မုဆိုးညစ်ထေး ငမိုက်ခွေး”
ဆိုတဲ့ ရူပကအလင်္ကာကို ဖြေမယ်ဆိုရင်-
- ဤအလင်္ကာကို သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း
စကားပြေမှ သောနုတ္တရမုဆိုး၏ မိုက်မဲပုံ ဖော်ပြရာ၌ ဆက်စပ်သုံးထားခြင်း ဖြစ်ကြောင်း၊
-မိုက်မဲဆိုးသွမ်းသော ဂုဏ်ရည်ချင်းတူသည့် မုဆိုး
(အနိုင်းခံ) နှင့် ငမိုက်ခွေး/ခွေးမိုက် (အနှိုင်း) ဂုဏ်ရည် တူချင်း ထပ်တူ ရေးဖွဲ့ထားသောကြောင့်
ရူပကအလင်္ကာ မြောက်ကြောင်း ရှင်းပြရမှာ ဖြစ်ပါတယ်။
“ရွှေချသလို”
ဆိုတဲ့ ဥပမာအလင်္ကာကို ဖြေမယ်ဆိုရင်-
- ဤအလင်္ကာကို ဦးပုည၏ ရေသည်ပြဇာတ်တွင် ရေသည်ယောက်ျားက
မိမိဘဝအခြေအနေ တိုးတက် လာမည့်အကြောင်းနှင့် ဆက်စပ်၍ ပြောဆိုသည့်စကားအဖြစ် သုံးနှုန်းထားကြောင်း၊
- ဘဝအခြေအနေ ကောင်းမွန်တိုးတက် ပြောင်လက်လာပုံ
(အနှိုင်းခံ) ကို ပစ္စည်းရွှေချ၍ ပြောင်လက် လာပုံ(အနှိုင်း)နှင့် ခိုင်းနှိုင်းရေးဖွဲ့ထား
သောကြောင့် ဥပမာအလင်္ကာမြောက်ကြောင်း၊ ရှင်းပြဖြေဆိုရမှာ ဖြစ်ပါတယ်။
“ထိမ်ကွန်းငယ်ခို”
ဆိုတဲ့ ဝင်္ကဝုတ္တိအလင်္ကာကို ဖြေမယ်ဆိုရင်-
- ဤအလင်္ကာကို “ဌာနီပြည်ကြီးက ဝေးသနှင့်”
ကဗျာတွင် နေဝင်သွားကြောင်းဖော်ပြရာ၌ ဆက်စပ်သုံးနှုန်း ထားကြောင်း၊
- “နေဝင်သွားသည်”
ဟု တိုက်ရိုက် မရေးဘဲ နေသည် ထိမ်ပင်ပေါက်ရောက်ရာ အနောက်ကျွန်းသို့ ခိုဝင်သွားကြောင်း
“ထိမ်ကွန်းငယ်ခို” ဟု သွယ်ဝိုက်ရေးသားထားသဖြင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်ကြောင်း၊
ရှင်းပြ ဖြေဆိုရမှာ ဖြစ်ပါတယ်။
အလကာင်္ မေးခွန်းမှာ အလင်္ကာ မြောက်ကြောင်း ပေါ်လွင်ထင်ရှားမှု
ရှိတဲ့ အရေးအဖွဲ့မျိုးကို မေးမှာမဟုတ်သလို ဝိဝါဒကွဲပြားနိုင်တဲ့အရေးအဖွဲ့ မျိုးကိုလည်း
မေးမှာမဟုတ်ဘဲ အလင်္ကာမြောက်ကြောင်း ပေါ်လွင်ထင်ရှားတဲ့ အရေးအဖွဲ့မျိုးကိုသာ မေးမှာဖြစ်ပါတယ်။
ဖြေဆိုရာမှာလည်း ပါဝင်တဲ့ ပြဋ္ဌာန်းစာ၊ သက်ဆိုင်ရာ အလင်္ကာ အမျိုးအစားအလိုက် ပါဝင်ရမယ့်
သော့ချက် စကားလုံးတွေ ပါဝင်ပြီး မည်သည့် အလင်္ကာ မြောက်ကြောင်း မှန်ကန်စွာ ဖြေဆိုနိုင်မယ်ဆိုရင်
အမှတ်ပြည့်ရရှိမှာ ဖြစ်ပါတယ်။
မေးခွန်း(၃)ကတော့ ကဗျာလက်ရွေးစင်ထဲက ကဗျာဆိုင်ရာမေးခွန်းများဖြစ်ပါတယ်။
၃ (က)မှာ ဓမ္မဓိဋ္ဌာန်မေးခွန်းတွေ မေးပါတယ်။ ဓမ္မဓိဋ္ဌာန်
မေးခွန်းတွေအတွက်-
- ကဗျာတစ်ပုဒ်ချင်းရဲ့ မိတ်ဆက်မှာပါတဲ့ ကဗျာစာဆိုအကြောင်း၊
- ကဗျာရေးတဲ့ခေတ်၊
- ကဗျာအမျိုးအစား၊
- ကဗျာအကြောင်းနဲ့ ကဗျာ့သဘော၊
- ကဗျာမှာပါတဲ့ အချက်အလက်နဲ့ အနက်အဓိပ္ပာယ်၊
- ကဗျာနဲ့သက်ဆိုင်တဲ့ ထူးခြားချက်တွေကို လေ့လာကျက်မှတ်ထားဖို့
လိုအပ်ပါတယ်။
ရွှေနှင့်ယိုးမှားပန်းစကားကဗျာကို ပုဂံခေတ်မှာရေးခဲ့ကြောင်း၊
မြင်စိုင်းရွှေပြည်ကဗျာကို ငါးစီးရှင်ကျော်စွာ ရေးဖွဲ့ခဲ့ကြောင်း၊ ဝိဇ္ဇာသိပ္ပလူ့ကိစ္စကဗျာကို
ကိုးခန်းပျို့မှ ထုတ်နုတ်ထားကြောင်း၊ ဌာနီပြည်ကြီးကဝေးသနှင့် ကဗျာအမျိုးအစားမှာ ညည်းချင်း
ကဗျာဖြစ်ကြောင်း ဆိုတာတွေအမြင် ကဗျာ မိတ်ဆက်မှာပါတဲ့ ကာချင်း၊ တျာချင်း၊ ရှစ်ဆယ်ပေါ်အဲ
အစရှိတဲ့ ကဗျာ အမျိုးအမည်တွေရဲ့ အနက်အဓိပ္ပာယ်များကအစ၊ သိမှတ်ဖွယ်ရာ တွေကို မှတ်သားထားဖို့
လိုအပ်ပါတယ်။
မေးခွန်း ၃ (ခ) ကတော့ ရှင်းလင်းဆွေးနွေးရတဲ့
မေးခွန်းဖြစ်တယ်။
ကဗျာတစ်ပုဒ်ချင်းရဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ၊
အရေးအဖွဲ့နဲ့ ရရှိတဲ့သုတရသတွေကို လေ့လာ ထားရပါမယ်။ အရေးအကြီးဆုံး အဓိကအချက်ကတော့ ဖြေဆိုရာမှာ
မေးခွန်းနဲ့ဘောင်ဝင်ဖို့ပဲ ဖြစ်ပါတယ်။ ကဗျာပါအကြောင်းအရာကို တိုက်ရိုက်မေးတာလား၊ ကဗျာစာဆိုက
ဘယ်လိုဖွဲ့ထားလဲလို့ မေးတာလား၊ ဒီကဗျာနဲ့ပတ်သက်တဲ့ မိမိရဲ့အတွေးအမြင် ခံစားချက်ကို
မေးတာလား စသည်ဖြင့် ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။
သာဓကအနေနဲ့တောင်သူကြီး ကဗျာမှပေးသော ရသနှင့်အသိအမြင်ကို
တင်ပြပါဆိုတဲ့မေးခွန်းကို ဖြေမယ်ဆိုပါစို့။
ရသကိုသာ ဖြေပြီး အသိအမြင်ကို ဖြေလို့ မရပါဘူး။
အသိအမြင်ဆိုတာ ဒီကဗျာနဲ့ပတ်သက်တဲ့ ကဗျာကပေးတဲ့ အသိကို ဖော်ပြရမှာ ဖြစ်တယ်။
- တောင်သူကြီးဟာ ဘေးဘိုးစဉ်ဆက် ဘုရင့်အမှုတော်ထမ်းခဲ့ပုံ၊
ရန်အပေါင်း ဖြိုခွင်းနိုင်ပုံစတဲ့ စွမ်းရည် သတ္တိတွေကို သိရတဲ့အတွက်ဝီရရသခံစား ရကြောင်း၊
- ကုန်းဘောင်ခေတ်ကတည်းက တိုင်းပြည်နဲ့ အရှင်မင်းမြတ်အပေါ်
သစ္စာရှိတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ သူရဲကောင်းတွေရှိနေပြီဆိုတာကို သိမြင်ရကြောင်း၊
- တိုင်းရေးပြည်မှုပြီးချိန်မှာ ပဲ၊ ပြောင်း၊
နှမ်း၊ ဝါ စိုက်ပျိုးပြီး လူပျိုကြီးဘဝနဲ့ ပျော်မွေ့ပုံ ကျေနပ်ပုံတို့ကို သိရတဲ့ အတွက်
အေးငြိမ်းတဲ့ သန္တ ရသ ခံစားရကြောင်း၊
- မြန်မာလူမျိုးတို့ဟာ တောင်သူလယ်လုပ် ရိုးရာအသက်မွေးမှုတို့ဖြင့်
လုပ်ကိုင်ကြတယ်ဆိုတဲ့ အသိအမြင်များ သိမြင်လာကြောင်း၊
- တောင်သူကြီးဟာ ချက်ပြုတ်ပြီးတဲ့အခါ အပျိုငယ်
ရွှေနံကားအောင်စားပါလှည့်လို့ ဖိတ်ခေါ်နေတဲ့အတွက် ပြုံးရွှင်ဖွယ်ဟဿရသ ခံစားရကြောင်း၊
- ရိုးသားပွင့်လင်းတဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်နဲ့
စရိုက်ဟာ မြတ်နိုးဖွယ်ကောင်းတယ်ဆိုတဲ့ အသိအမြင်တွေ ရရှိကြောင်း တင်ပြရမှာဖြစ်ပါတယ်။
ဒါကြောင့် ကဗျာမေးခွန်းကို ဖြေတဲ့အခါမှာ မေးခွန်းမှာပေးထား
တဲ့တောင်သူကြီးကဗျာမှ ရသနဲ့ အသိအမြင် ဆိုတဲ့ (၂)ပိုင်းကို (၂)ပိုင်းစလုံးပါအောင် ပြည့်စုံစွာဖြေဆိုနိုင်ဖို့
အလွန်အရေးကြီးပါတယ်။
ဖြေဆဆိုရာမှာ အချက်တစ်ချက်စီကို ရသတစ်လှည့်
အသိအမြင် တစ်လှည့် ဖြေဆိုနိုင်သလို ရသတစ်ပိုင်း အသိအမြင် တစ်ပိုင်း လည်း ဖြေဆိုနိုင်ပါတယ်။
ဖြေဆိုတင်ပြမှုဟာ ကျောင်းသူ ကျောင်းသားတွေရဲ့
ကိုယ်ပိုင် အတင်အပြ ပဲ ဖြစ်သင့်ပါတယ်။ ကဗျာစာသား အကိုး အကား ကောက်နုတ်ချက်တွေ ကိုလည်း
အလျဉ်းသင့်သလို ထည့်သွင်းဖော်ပြသင့်ပါတယ်။
ကျောင်းသူကျောင်းသားတွေ အနေနဲ့ ကဗျာမေးခွန်းရှည်
ဖြေဆိုနိုင်ဖို့ အတွက် ပြင်ဆင်ရာမှာ ကဗျာတစ်ပုဒ်ရဲ့ အဓိကကျတဲ့အချက်အလက် နဲ့ ပေါ်လွင်ကောင်းမွန်တဲ့
ကဗျာစာသား ကောက်နုတ်ချက်တွေကို ထုတ်နုတ် ကျက်မှတ်ထားဖို့ လိုပါတယ်။ ကဗျာတစ်ပုဒ်ကို
ရှုထောင့်အမျိုးမျိုး က မေးမြန်းနိုင်တဲ့အတွက် အဓိကကျတဲ့ အချက်နဲ့ ကောင်းမွန်တဲ့ စာသား
ကောက်နုတ်ချက်တွေကို အမိအရ ကျက်မှတ်ထားမယ်ဆိုရင် ဘယ်လို ရှုထောင့်ကပဲ မေးမေး မိမိရဲ့
ကိုယ်ပိုင် အတင်အပြနဲ့ အံဝင်ခွင်ကျ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အဆင်သင့်
အဖြေအမျိုးမျိုးကို အစအဆုံး ကျက်မှတ်နေမယ်ဆိုရင် ပုဒ်ရေများစွာ ကျက်မှတ်နေရမယ့်အပြင်
မိမိကိုယ်ပိုင် အတင်အပြလည်း ဖြစ်မလာတဲ့ အတွက် ကောင်းမွန်တဲ့ရမှတ်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။
မေးခွန်း ၄ ကတော့ မြန်မာစကားပြေ လက်ရွေးစင်ထဲကမေး
တာ ဖြစ်ပါတယ်။ မေးခွန်း ၄ မှာ (က) နဲ့ (ခ)ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။
မေးခွန်း ၄ (က) က ဓမ္မဓိဋ္ဌာန်မေးခွန်း ဖြစ်ပါတယ်။
ဒီနေရာမှာလည်း-
- စကားပြေတစ်ပုဒ်ချင်းရဲ့ မိတ်ဆက်မှာပါတဲ့
စာရေးသူအကြောင်း
- ထုတ်နုတ်သည့် မူရင်းစာအုပ်
- စကားပြေ၏ ဆိုလိုချက် အကြောင်းအရာ၊
- အဲဒီစကားပြေရေးတဲ့ခေတ်၊
စတဲ့ စကားပြေဆိုင်ရာ အချက်အလက်တွေ ကို လေ့လာကျက်မှတ်
ထားရပါမယ်။ တိတိကျကျဖြေဆိုဖို့လည်း လိုအပ်ပါတယ်။
သိင်္ဃသူ့သမီးသည် မထိလို၏ မြေးဖြစ်ကြောင်း၊ ကျောင်းနေ
ရဟန်းသံဃာ တို့အတွက် လယ်၊ ဥယျာဉ်နှင့် ကျွန်များ လှူကြောင်း၊ စီးချင်းတိုက်ပွဲ စကားပြေကို
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှ ထုတ်နုတ်ထားကြောင်း၊ ဦးပေါင်းကျားနှင့် မြင်းကျားရှင်
စကားပြေတွင် “ငါမအိုသေး”ဟု မိန့်တော်မူသော မင်းကြီးမှာအလောင်းစည်သူ
ဖြစ်ကြောင်း၊ မိခင်သောက စကားပြေကို ဝေဿန္တရာ ဇာတ်တော်ကြီး မဒ္ဒီပဗ္ဗခန်းမှ ကောက်နုတ်ထားခြင်း
ဖြစ်ကြောင်း၊ မိတဆိုးရှင်ပြု စကားပြေသည် ကိုထွန်းကျော်၏သား ရှင်လောင်းငပု၏ရှင်ပြုပွဲကို
အသေးစိတ် ရေးထားသော စကားပြေ ဖြစ်ကြောင်း၊ ပတ္တမြားကျောက်စီထား ဝတ္ထုတိုတွင် သူရဲကောင်းတို့၏
လေးစား ထိုက်သော ဂုဏ်ရည်ကို ပေါ်လွင်စွာ ရေးဖွဲ့ထားကြောင်း စတဲ့ စကားပြေဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို
စေ့စပ်သေချာစွာ လေ့လာ ကျက်မှတ် ထားရမှာ ဖြစ်ပါတယ်။
မေးခွန်း ၄ (ခ) ကတော့ ရှင်းလင်းဆွေးနွေးရတဲ့
စကားပြေ မေးခွန်း ဖြစ်ပါတယ်။ စကားပြေတစ်ပုဒ်ချင်းရဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ အရေးအသားနဲ့
သုတ ရသ သင်ခန်းစာတွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီမေးခွန်းမှာလည်း ကဗျာမေးခွန်းတုန်းကလိုပဲ
မေးခွန်းရဲ့ ဦးတည်ချက်ကို ခွဲခွဲခြားခြားသိဖို့ လိုအပ်ပါတယ်။ မေးထားတဲ့မေးခွန်းဟာ
အကြောင်းအရာကို ဦးတည်မေးတာလား၊ အရေးအဖွဲ့ကို ဦးတည်မေးတာလား အဲဒါတွေကိုကွဲကွဲပြားပြား
နားလည်ရန် လိုအပ်ပါတယ်။ မိမိလေ့လာ ကျက်မှတ်ထားသမျှကို မေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင်
ဖြေဆိုနိုင်ဖို့ အထူးအရေးကြီးပါတယ်။
သာဓကအနေနဲ့ ၄ (ခ) မေးခွန်းဖြစ်တဲ့ “မိခင်သောက”
စကားပြေမှ မင်းဘူးဆရာတော် ဦးသြဘာသ၏ အရေး အဖွဲ့များသည် ကရုဏာ ရသမြောက်စေကြောင်း လေ့လာတင်ပြပါဆိုတဲ့
မေးခွန်းကို တင်ပြလိုပါတယ်။
ဒီမေးခွန်းကို ဖြေတဲ့အခါမှာ ဒီစကားပြေမှာ ပါတဲ့
ကောင်းနိုးရာရာ အရေးအဖွဲ့တွေကို ထုတ်နုတ်ပြီး ကရုဏာရသမြောက်ကြောင်း တင်ပြရမှာ ဖြစ်ပါတယ်။
အဖွဲ့ကောင်းများကြောင့် မိခင်တစ်ဦးရဲ့သောက ပေါ်လွင်လာစေကြောင်း၊ အရေးအဖွဲ့ တစ်ခုစီကို
မိခင်တစ်ဦးရဲ့ ခံစားချက်နှင့် ယှဉ်ပြီး စာဖတ်သူကို ကရုဏာရသဖြစ်လာစေတယ်ဆိုတာ ဝေဖန်သုံးသပ်ပြဖို့
ဖြစ်ပါတယ်။
သားသမီးတို့နှင့်အတူ နေခဲ့ရတဲ့ ယခင်အခြေအနေနဲ့
သားသမီးတို့ကို မတွေ့ရတော့တဲ့ ယခုအခြေအနေတို့ကို နှိုင်းယှဉ်လျက် ပုံပန်းသဏ္ဌာန်အမူအရာပြ
ဥပမာ အလင်္ကာ အဖွဲ့ကောင်းများ၊ စိတ်ခံစားမှု အခြေအနေပြ ဥပမာ လင်္ကာ အဖွဲ့ကောင်းများရဲ့ အစွမ်းအာနိသင်တို့ကြောင့်
မိခင်သောကခံစားမှု အရှိန်တိုးမြင့်လာပုံ၊ သားပျောက် မိခင်တစ်ဦးရဲ့ ဝေဒနာတိုးပြီး ခံစားလာရပုံတို့ကိုမိခင်တစ်ဦးရဲ့
ကိုယ်နှုတ်အမူအရာမှတစ်ဆင့် စာဖတ်သူထံ ကူးစက်လာကာ ကရုဏာရသ မြောက်ပုံ၊ စိတ်မျက်စိ၌ ထင်မြင်လာအောင်
ရေးဖွဲ့ထားပုံ၊ နှုတ်မှ တတွတ်တွတ် မြည်တမ်းပုံတို့ကို စိတ်နားထဲကြားယောင် လာအောင် ရေးဖွဲ့ထားပုံတို့ကြောင့်
ကရုဏာရသမြောက်လာပုံ တို့ကို ထုတ်ဖော်တင်ပြရမှာဖြစ်ပါတယ်။
စကားပြေမေးခွန်းရှည် ဖြေဆိုနိုင်ဖို့အတွက်
ပြင်ဆင်ရာမှာ ကဗျာမေးခွန်းရှည်မှာလိုပဲ စကားပြေတစ်ပုဒ်ရဲ့ အဓိကကျတဲ့ အချက်အလက်နဲ့ ပေါ်လွင်ကောင်းမွန်တဲ့
စာသားကောက်နုတ်ချက်တွေကို ထုတ်နုတ်ကျက်မှတ်ထားဖို့ လိုပါတယ်။ စကားပြေ တစ်ပုဒ်ကိုလည်း
ကဗျာမေးခွန်းရှည်လိုပဲ ရှုထောင့်အမျိုးမျိုးက မေးမြန်းနိုင်တဲ့အတွက် အဓိကကျတဲ့အချက်နဲ့
ကောင်းမွန်တဲ့စာသား ကောက်နုတ်ချက်တွေကို အမိအရ ကျပ်မှတ်ထားမယ်ဆိုရင် ဘယ်လိုရှုထောင့်ကပဲ
မေးမေး မိမိရဲ့ ကိုယ်ပိုင်အတင်အပြနဲ့ အံဝင်ခွင်ကျ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
မေးခွန်း ၅ ကတော့ ရေသည်ပြဇာတ်မေးခွန်း ဖြစ်ပါတယ်။
မေးခွန်း ၅ မေးခွန်းမှာ (က) နဲ့ (ခ) ဆိုပြီးတော့ ၂-ပုဒ် မေးပါတယ်။
မေးခွန်း ၅(က) မှာ စကားစပ်မေးပါတယ်။
စကားစပ်ကို ဖြေတဲ့အခါမှာတော့ ပေးထားတဲ့ စာပိုဒ်ဟာ
ဘယ်အခန်းက စကားဖြစ်တယ်။ ဘယ်သူက ဘယ်သူ့ကို ဘယ်အချိန် ဘယ်နေရာမှာ ဘာကြောင်းနဲ့ စပ်ပြီး
ဘယ်လို ပြောတယ်ဆိုတာကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရေးနိုင်ရပါမယ်။ ဒီမေးခွန်း
ကို ဖြေနိုင်ဖို့အတွက် ပြဇာတ်ကို ကြေညက်နေအောင် လေ့လာထားရပါမယ်။
စကားစပ်ကို ဖြေတဲ့နေရာမှာ သိထားရမယ့် အချက်အလက်တွေ
ရှိပါတယ်။ အဲဒါကတော့ မည်သည့်အခန်းက ဆိုတာကို ဖော်ပြတဲ့အခါမှာ အခန်း (၁) အခန်း (၂) စသည်ဖြင့်
ဖော်ပြနိုင်ပါတယ်။ ဒါမှမဟုတ် ရေသည် ယောက်ျား စကားဆိုခန်း၊ ရေသည်မိန်းမစကားဆိုခန်း၊
ရေသည်ယောက်ျား ရေရောင်းထွက်သော အခန်း စသည်ဖြင့် အခန်းရဲ့အမည်ကိုလည်း ဖော်ပြနိုင်ပါတယ်။
ဒါမှမဟုတ် အခန်း (၅) အိမ်ရှေ့မင်းတောင်းပန်ခန်း
စသည်ဖြင့် အခန်းအမှတ်ရော အခန်းအမည်ရော နှစ်မျိုးလုံး တွဲပြီးတော့ လည်း ဖော်ပြလို့ရပါတယ်။
နောက်တစ်ခုကတော့ စကားစပ်မှာဖြေရမယ့် ဆိုလိုရင်းအဓိပ္ပာယ်
ကိစ္စဖြစ်ပါတယ်။ ပေးထားတဲ့ စာပိုဒ်ရဲ့ အဓိပ္ပာယ်ကို ဖြေရတဲ့ အခါမှာ သတိပြုရမယ့် အချက်ကတော့
မူရင်းစာပိုဒ်အတိုင်း ပြန်မရေးရပါဘူး။ မပါတဲ့ စကားကို ဆက်ပြီးထည့်ရေးတာမျိုး မဖြစ်သင့်ပါဘူး။
ဆိုလိုရင်းအဓိပ္ပာယ် ကို ဖြေတဲ့အခါမှာ မိမိစကားပြေ နဲ့ ပြေပြေပြစ်ပြစ် ပြန်လည်ရေးသားဖို့တော့
အထူးလိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ မေးခွန်းတွေကို ဖြေနိုင်ဖို့
ပြဖာတ်ကို ကျေညက်နေအောင် လေ့လာထားရုံမျှသာမက ကိုယ့်စကားနဲ့ကိုယ် ပြန်ရေးတတ်ဖို့ လေ့ကျင့်ထား
ဖို့လည်း လိုအပ်ပါတယ်။
မေးခွန်း (၅) ပုဒ်ခွဲ (ခ) မှာတော့ ရေသည်ပြဇာတ်ရဲ့
အကြောင်းအရာကဏ္ဍကို မေးမှာဖြစ်ပါတယ်။ ပြဇာတ်ရဲ့ အကြောင်းအရာကဏ္ဍကို ၂-ပိုင်းခွဲလို့ရပါတယ်။
(၁) ကတော့ ဇာတ်လမ်းအဖြစ်အပျက်ပိုင်း ဖြစ်ပါတယ်။
(၂) ကတော့  ဇာတ်ဆောင်တွေအကြောင်း နဲ့ ဇာတ်ဆောင်တွေရဲ့
စရိုက်သဘာဝအဖွဲ့ ဖြစ်ပါတယ်။
ဇာတ်လမ်း အဖြစ်အပျက်ပိုင်းမှာ ၅ ပိုင်းရှိပါတယ်။
(၁) ရေသည်ယောက်ျားနှင့် ရေသည်မိန်းမဆင်းရဲပုံ
(၂) ရေသည်ယောက်ျားငွေလေးရွေးတပ်မက်ပုံ
(၃) ဥဒယမင်းအား သတ်ရန်ကြံစည်ပုံ
(၄) အိမ်ရှေ့မင်းသား သတိသံဝေဂရပုံနဲ့
(၅) တောထွက်ရန်ပြောဆိုပုံ –
တို့ ဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းအဖြစ်အပျက်(၅)မျိုးကို အကြောင်းအရာကဏ္ဍမှာ
မေးပါမယ်။
နောက်တစ်ပိုင်းက ဇာတ်ဆောင်စရိုက်အဖွဲ့ ဖြစ်ပါတယ်။
ဇာတ်ဆောင်စရိုက်မှာ ရေသည်ယောက်ျား၊ ရေသည် မိန်းမ၊ ဥဒယမင်းကြီး ဆိုတဲ့ အဓိကဇာတ်ဆောင်
၃ ယောက်ရဲ့ စရိုက်တွေကို မေးလေ့ရှိပါတယ်။
အဲဒီ အကြောင်းအရာ မေးခွန်းတွေကိုဖြေတဲ့အခါမှာလည်း
စကားစပ်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကို ဖြေသလိုပဲ ဇာတ်စာမူရင်းအတိုင်း မရေးရပါဘူး။ မေးတဲ့မေးခွန်းနဲ့မသက်ဆိုင်တဲ့အချက်အလက်တွေကို
ထည့်ပြီး မရေးရ ပါဘူး။ ဒါပေမဲ့ ရေသည်ြပဇာတ် စာဆိုဦးပုည သုံးစွဲခဲ့တဲ့စကားလုးံတေ၊ွ
အသုံးအနှုန်းတွေ၊ သူရေးသားတင်ပြခဲ့တဲ့ အချက်အလက်တွေကိုတော့ သုံးစွဲရေးဖွဲ့ရမှာဖြစ်ပါတယ်။
ရေးတဲ့အခါမှာ ကိုယ်ပိုင်စကားပြေနဲ့ ရေးရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် စကာားပြေကို ပိုပြီးအသက်ဝင်အောင်၊
မိမိအဖြေကို ပိုပြီးပြည့်စုံအောင် ပြဇာတ်စာသား အကိုးအကား ထည့်မယ်ဆိုရင်လည်း ထည့်ရေးနိုင်ပါတယ်။
သာဓကအနေနဲ့ အကြောင်းအရာမေးခွန်း ရေသည်ယောက်ျားရဲ့
ပုံပန်းသွင်ပြင်နဲ့ ဘဝသရုပ်ကို ဖြေဆိုမယ် ဆိုကြပါစို့။ ရေသည်ယောက်ျားရဲ့ ရုပ်အသွင်အပြင်၊
ဝတ်စားဆင်ယင်ပုံနဲ့ ဘဝအခြေအနေတို့ ပါအောင် ဖြေဆိုရ ပါမယ်။ သေးငယ်လွန်းလှတဲ့ ယောင်ဆံထုံး၊
မွဲခြောက် စုတ်ချာနေတဲ့ဆံပင် စတဲ့ရုပ်သွင်၊ စုတ်ဖွာညံ့ဖျင်းလှတဲ့ ခါးဝတ်ပုဆိုးကို ၀တ်ဆင်ထားပုံ၊
ထမင်းနှင့် ချဉ်ပေါင်ကိုသာစားသောက်ရတဲ့ဘဝ၊ ခြိုးခြိုးခြံခံနဲ့ ငွေလေးရွေး စုဆောင်းထားနိုင်ပုံစတဲ့
ရေသည်ယောက်ျားရဲ့ ဘဝအခြေအနေတို့ ကို ပြဇာတ်ပါ ဇာတ်လမ်းနဲ့ဆက်စပ်ပြီး ဖြေပေးရမှာ ဖြစ်တယ်။
မေးခွန်း(၆)ကတော့ စာစီစာကုံးမေးခွန်းဖြစ်ပါတယ်။
စာစီစာကုံးဟာမြန်မာစာမေးခွန်းလွှာမှာ အမှတ် အများဆုံး ပေးထားတဲ့ မေးခွန်းတစ်ပုဒ်ဖြစ်ပါတယ်။
အမှတ်(၂ဝ) ပေးတဲ့ မေးခွန်းဖြစ်ပါတယ်။ ခေါင်း စဉ် ၃-ခု ပေးထားပြီး တော့ အဲဒီခေါင်းစဉ်
၃-ခု ထဲက နှစ်သက်ရာတစ်ခု ကို ဖြေဆိုရမှာဖြစ် ပါတယ်။ ခေါင်းစဉ် ၃-ခုလုံးမှာလည်း ပုံကြမ်း
အချက် အလက်တွေ ပေးထား မှာဖြစ်ပါတယ်။ စာစီစာကုံးရေးတဲ့အခါမှာ ပုံကြမ်းအချက်အလက်တွေကို
အခြေခံပြီး ရေးရမှာဖြစ်ပါတယ်။
စာစီစာကုံးဟာ တစ်ပုဒ်လုံး အစအဆုံး အလွတ်ကျက်မှတ်ထားရမယ့်
စာမျိုးမဟုတ်ဘဲ ကျက်သင့်တဲ့ အချက် အလက်တွေကိုကျက်၊ မှတ်သင့်တဲ့ အချက်အလက်တွေကိုမှတ်ပြီး
မြန်မာစာ အရေးအသားဆိုင်ရာ နည်းနာ များနဲ့အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ဆည်းပူးထားရမယ့်
ကျင့်စာဖြစ်တယ်ဆိုတာ နားလည်ထားရမယ်။ စာစီစာကုံးဆိုတာ စာကို ပြေပြေပြစ်ပြစ် စီကုံးရေးသားရတဲ့
စကားပြေအဖွဲ့ ပုံစံတစ်မျိုးဖြစ်တယ်။
စကားပြေ အရေးအသားမှာ စာဟန်နဲ့ ပြောဟန်ဆိုပြီး
ဟန်နှစ်မျိုးရှိတဲ့အနက် စာစီစာကုံး ရေးသားရင်တော့ စာဟန်ကိုပဲ အသုံးပြုရပါမယ်။
စာစီစာကုးံအမျိုးအစားကို အဖွဲ့ပုံသဏ္ဍာန်အရ
သရုပ်ဖော်အဖွဲ့ ၊ ဖြစ်စဉ်ပြအဖွဲ့၊ ဖွင့်ဆိုရှင်းပြအဖွဲ့၊ ကျိုးကြောင်း ပြအဖွဲ့ဆိုပြီး
၎ မျိုး ခွဲလေ့ရှိတယ်။ သရုပ်ဖော်အဖွဲ့ဟာ သက်ရှိသက်မဲ့တွေရဲ့ ပုံပန်းသွင်ပြင်တွေ၊ အသံတွေ
စတာကို မြင်ယောင်ကြားယောင်လာအောင် ရေးဖွဲ့ထားတဲ့ အရေးအဖွဲ့မျိုးဖြစ်တယ်။ ဖြစ်စဉ်ပြအဖွဲ့ကတော့
အချိန်ကာလရွေ့လျားတဲ့ အစဉ်အတိုင်း အဖြစ်အပျက်တွေကို စီကာစဉ်ကာရေးဖွဲ့ထားတဲ့ အရေးအဖွဲ့မျိုး
ဖြစ်တယ်။ ဖြစ်စဉ်ပြအဖွဲ့ဟာ သရုပ်ဖော်အဖွဲ့နဲ့ တွဲဖက်လေ့ရှိပါတယ်။ အာစရိယပူဇော်ပွဲ၊
ကျောင်းအားကစား ပွဲမြင်ကွင်းစတဲ့ ခေါင်းစဉ်တွေဟာ ဖြစ်ရပ်ဖြစ်စဉ်တစ်ခုကို ရွေ့လျားတဲ့
အစဉ်အတိုင်း ရေးသားရမှာဖြစ်ပြီး ထိုဖြစ်စဉ်ကို ပေါ်လွင်အောင် သရုပ်ဖော်ရေးသားရမယ့် စာစီစာကုံးမျိုးဖြစ်တယ်။
ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ အကြောင်းအရာတစ်ခုကို
နားလည်သဘောပေါက်အောင် ရှင်းလင်းဖွင့်ဆိုပြတဲ့ အရေးအဖွဲ့မျိုးဖြစ်တယ်။ “စည်းကမ်းလိုက်နာဘေးကင်းကွာ”၊
“စာအုပ်စာပေ လူ့မိတ်ဆွေ”၊ “ဝန်းကျင်သန့်ရှင်း ရောဂါကင်း”
စတဲ့ ခေါင်းစဉ်တွေဟာ အကြောင်းရပ်တစ်ခုခုကို နားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်းလင်း
ရေးသားရတဲ့ စာစီစာကုံးခေါင်းစဉ်မျိုး ဖြစ်ပါတယ်။ ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ ကျိုးကြောင်းပြအဖွဲ့နဲ့
ဆက်စပ်လျက်ရှိ ပါတယ်။ ကျိုးကြောင်းပြအဖွဲ့ကတော့ သဘောတစ်ခု အယူအဆတစ်ခုကို ယြုံကည်လက်ခံအောင်
အကျိုး အကြောင်း ဆက်စပ်ဖွဲ့ပြတဲ့ အဖွဲ့မျိုးဖြစ်ပါတယ်။ “ဝန်းကျင်အလှ ထိန်းသိမ်းကြ”၊
“ပညာမြင့်မား ပြည်ထွန်းကား”၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး”
စတဲ့ခေါင်းစဉ်တွေဟာ ဆိုလိုချက်တစ်ရပ်ကို စာဖတ်သူ လက်ခံယုံကြည်လာ အောင်အကျိုးသင့် အကြောင်းသင့်
ဆက်စပ်ရေးသားရတဲ့ခေါင်းစဉ်မျိုး ဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ စာစီစာကုံးအမျိုးအစား ၄ မျိုးမှာ
ဘယ်ခေါင်းစဉ်ဟာ မိမိနဲ့သင့်တော်မယ်ဆိုတာ ချိန်ဆပြီး ကိုယ်ရေး မယ့် စိတ်ကြိုက်ခေါင်းစဉ်ကို
မှန်ကန်စွာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ စာမေးပွဲမေးခွန်း မှာ ပေးထားသော ခေါင်းစဉ်များသည်
ကျောင်းသူကျောင်းသားများ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက် စာစီစာကုံးအမျိုးအစားတွေ
မျှတစွာပေးထားလေ့ရှိပါတယ်။
စာစီစာကုံး မေးခွန်းမှာခေါင်းစဉ်နဲ့အတူ ရေးသားမယ့်အကြောင်းအရာအတွက်
ပုံကြမ်းများလည်း ပေးထားပါ တယ်။ ပုံကြမ်းများဟာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ ရေးသားနိုင်စေဖို့အတွက်
အထောက်အကူပြုချက်တွေ သာ ဖြစ်ပါတယ်။
ပုံကြမ်းပါအချက်တွေဟာ ယေဘုယျအချက်တွေသာ ဖြစ်တဲ့အတွက်
မိမိအတွေ့အကြုံ၊ ဗဟုသုတကြွယ်ဝရင် ကြွယ်ဝသလောက်၊ အလေ့အကျင့်ကောင်းရင် ကောင်းသလောက် ထိရောက်စွာအသုးံ
ပြုနိုင်မယ့် အချက်များသာ ဖြစ်ပါတယ်။ အထူးသတိပြုရမယ့်အချက်ကတော့ ပုံကြမ်းပါအချက်တွေကို
သတိမမူဘဲ ကိုယ်အလွတ်ကျက် ထားတွေကိုပဲ ပြန်ရေးချမယ်ဆိုရင်တော့ မေးခွန်းနဲ့အံဝင်ခွင်ကျ
မဖြစ်နိုင်တော့ တဲ့အတွက် ရမှတ်တွေဆုံးရှုံးမှာ ဖြစ်ပါတယ်။
စာစီစာကုံး ရေးသားဖြေဆိုရာမှာ နိဒါန်း၊ စာကိုယ်၊
နိဂုံး ပြည့်စုံဖို့ လိုပါတယ။် စာစီစာကုံးဟာ မေးခွန်းရဲ့ နောက်ဆုံးအပုဒ်ဖြစ်တဲ့အတွက်
ကျောင်းသူ၊ ကျောင်းသားအများစုဟာ စာစီစာကုံး ကို နောက်ဆုံး မှ ရေးသား ဖြေဆိုလေ့ ရှိကြပါတယ်။
ဒီလိုဖြေဆိုရာမျာ စာစီစာကုံးကို စာမျက်နှာများ စွာ ရေးသားခဲ့ပေမယ့် နိဂုံးမချုပ်မီ
စာမေးပွဲ အချိန်စေ့သွားတဲ့အတွက် အဆုံးမသတ်နိုင်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိမိစာစီစာကုံး
ဟာ ရှေ့ပိုင်းမှာ ဘယ်လောက်ကောင်းအောင် ရေးထားရေး ထား နိဂုံးမပါတ၊ဲ့ နိဂုံးမချုပ်နိုင်တဲ့၊
စာစီစာကုံး အင်္ဂါရပ်နဲ့ မပြည့်စုံတဲ့ စာစီစာကုံးဖြစ်သွားပြီး ရမှတ်များစွာ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
စာစီစာကုံးဟာ ကျောင်းသူ ကျောင်းသားတစ်ယောက်
ဂုဏ်ထူးနဲ့ ထိုက်တန်မတန်ဆိုတာ အဆုံးအဖြတ် ပေးနိုင်တဲ့ မှတ်ကျောက် တစ်ခု ဖြစ်တဲ့ အတွက်
အထူးအလေးထား ရေးသားရမယ့် စာတစ်ပုဒ် ဖြစ်ပါတယ်။
မြန်မာစာဘာသာရပ် မေးခွန်းလွှာတစ်ခုလုံးကို ခြုံပြီးပြောရမယ်
ဆိုရင် ကောင်းစွာဖြေဆိုနိုင်ပြီး ဂုဏ်ထူးမှတ် ရဖို့အတွက် ကျက်မှတ်နိုင်မှု အပြင်စာလုံးပေါင်းသတ်ပုံ
မှန်ကန်မှု၊ တစ်ချောင်းပုဒ်၊ ပုဒ်မ စတဲ့ သင်္ကေတတွေကို တိကျမှန်ကန်စွာ အသုံးပြုတတ်မှု ဆီလျော်သော
စကား အသုံးအနှုန်း ရွေးချယ်တတ်မှု၊ ပုဒ်အထားအသို မှန်ကန်မှု၊ ဝါကျဖွဲ့ထုံး မှန်ကန်မှု၊
ဝါကျတစ်ခုနှင့်တစ်ခု ပြေပြစ်ညီညွတ်စွာ ချိတ်ဆက်နိုင်မှု၊ စာပိုဒ်ဖွဲ့ပုံ ကောင်းမွန်မှု၊
စာပိုဒ်တစ်ပိုဒ်နှင့် တစ်ပိုဒ် ပြေပြစ် ညီညွတ်စွာ ချိတ်ဆက်နိုင်မှု၊ စာတစ်ပုဒ်လုံးသည်
ဆိုလိုချက်ကို ရှင်းလင်း စွာ ပေါ်လွင်စေမှုစတာတွေနဲ့ ပြည့်စုံဖို့လိုပါတယ်။
ဒါ့အပြင် လက်ရေးလက်သား သပ်ရပ်သန့်ရှင်းမှု၊
ဖျက်ရာခြစ်ရာ ကင်းစင်မှု၊ သေသပ်စွာမျဉ်းသားမှု စတဲ့ သေသေ သပ်သပ် ရေးသားဖြေဆို နိုင်ဖို့လည်း
အရေးကြီးပါတယ်။
အခု ဆွေးနွေးပို့ချခဲ့တဲ့ ပို့ချချက်တွေဟာ
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူ ကျောင်းသား တွေအတွက်များစွာ အထောက်အကူဖြစ်စေမယ်လို့
ယုံကြည်ပါ တယ်။ ကျောင်းသူကျောင်းသား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့
စာမေးပွဲကြီး ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ပို့ချချက်ကို နိဂုံးချုပ်လိုက်ပါတယ်။
။
No comments:
Post a Comment