နေပြည်တော် ဇန်န၀ါရီ ၂၃
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊
ဒုတိယ၀န်ကြီး ဦးမော်သာထွေးနှင့် တာဝန်ရှိသူများသည် ဇန်န၀ါရီ ၂၂ ရက် နံနက်ပိုင်းတွင်
ကချင်ပြည်နယ် ပူတာအိုမြို့သို့ရောက်ရှိကြပြီး အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း
တည်ဆောက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား
လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပူတာအိုဒေသတစ်ဝိုက်ရှိ ရေအား
လျှပ်စစ်အရင်းအမြစ်များမှ ဓာတ်အားထုတ်ယူသွားနိုင်မည့် အခြေအနေ၊ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်း၏
ရေလွှဲဆည်၊ ရေယူအဆောက်အအုံ၊ ရေသွယ်မြောင်း၊ ရေထိန်း ကန်နှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့်
ပူတာအိုခရိုင်အတွင်း ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းက လိုအပ် သည်များကိုမှာကြားပြီး အထက်နမ့်ထွမ်ရေအားလျှပ်စစ် စီမံကိန်းဧရိယာအတွင်း
လုပ်ငန်း များဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။
အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့၏ အနောက်တောင်ဘက်
၇ မိုင်ခန့်အကွာ နမ့်ထွမ်ချောင်းပေါ်တွင်တည်ရှိပြီး ၃ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် လျှပ်စစ်စီမံကိန်းဖြစ်သည်။
စီမံကိန်းကာလကို ၂၀၁၇ ခုနှစ် မတ်လအထိ သတ်မှတ်ထားပြီး ယခုအခါ စီမံကိန်းတစ်ခုလုံးပြီးစီးမှုသည်
၅၆ ဒသမ ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ယင်းစီမံကိန်းပြီးစီးပါက ကချင်ပြည်နယ်
ပူတာအိုမြို့၊ မချမ်းဘောမြို့နှင့် အနီးပတ်ဝန်းကျင် ရှိ မြို့၊ ရွာများသို့ ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်
ပူတာအိုမြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က လူထုအခြေပြုစီမံကိန်းများနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသများ၏ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများတွင် နည်းပညာနှင့် အကူအညီများပေးနေမှု၊
မြစိမ်း ရောင် စီမံကိန်းဆောင်ရွက်နေမှုနှင့် အောင်မြင်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းထွန်းက သစ်တောပြုန်းတီးမှုကြောင့် သဘာဝဘေးဒဏ်ခံစားခဲ့ရမှု၊ လက်လှမ်းမမှီ
သည့်နေရာများ၌ တရားမ၀င်သစ်ထုတ်လုပ်မှု၊ သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေများကို လည်းကောင်း၊ ဒုတိယ ၀န်ကြီး ဦးမော်သာထွေးက လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊
ဖြန့်ဝေနေမှု၊ ရေအားလျှပ်စစ် ရရှိနိုင်မည့် နေရာများအား စူးစမ်းတိုင်းတာလေ့လာနေမှုနှင့်
ဓာတ်အားပိုမိုဖြန့်ဝေနိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီမိုကရေစီအစိုးရလက်ထက်တွင်
နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍအား ပြုပြင်ပြောင်းလဲပြီး ဖြေလျော့မှု
များစွာပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် အထိ အခမဲ့ပညာသင်ခွင့်ရအောင်
ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ၏ ပညာ သင်ဆုများကိုပါ ပေးအပ်လျက်ရှိကြောင်း၊
ထို့ပြင် ပညာရေးဝန်ထမ်း လိုအပ်ချက်ဖြည့် ဆည်းရန် ပညာရေးကောလိပ်များတိုးချဲ့၍ မွေးထုတ်လျက်ရှိကြောင်း။
ကျန်းမာရေး အသုံးစရိတ်ကိုလည်း တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ပေးခဲ့ကြောင်း၊
ဆေးရုံ များကို အဆင့်မြှင့်တင်တိုးချဲ့၍ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုပေးနိုင်ရန်
ဆောင်ရွက် လျက်ရှိကြောင်း၊ ပူတာအိုဒေသရေရှည်ဖွံ့ဖြိုးတက်ရန် ပညာသည်အရေးကြီးကြောင်း၊
သယံဇာတဖြင့် ၀င်ငွေရှာဖွေခြင်းထက် လူ့စွမ်းအားအရင်းအမြစ် လုပ်အားဖြင့် ၀င်ငွေရှာဖွေ
သင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကိုလည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မိမိတို့ ဒေသသို့ ခရီးသွားဧည့်သည်များ
လာရောက်ကြမည် ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခန်း ကဏ္ဍသည်လည်း အရေးပါကြောင်း၊ ထို့ကြောင့်
အမျိုးသမီးများအား ကော်မတီများ၊ အဖွဲ့ အစည်းများဖွဲ့စည်းရာတွင် ပိုမိုပါဝင်လာနိုင်ရေး
ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကိုလည်း
အလေးထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးအတွက်
လိုအပ်နေသည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စု ၀န်ကြီးက
ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပူတာအိုမြို့နယ်အတွင်း
ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို မော်တော်ယာဉ်များဖြင့်
လှည့်လည် ကြည့်ရှုကြသည်။


No comments:
Post a Comment