Monday, January 25, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၅
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင်ကျင်းပရာ ပြည်ထောင်စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လ အစီရင်ခံစာ အပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် အစီရင်ခံစာ ၅ ခုကို ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများကို ဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိ ချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူဆောင်ရွက် ပြီးစီးမှုများ အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၁၆)ကို ပူးပေါင်းကော်မတီအဖွဲ့ဝင် ဘုတ်ပြင်းမဲဆန္ဒ နယ်မှ ဦးအောင်လင်းလှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်ပြရာ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း ၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာကို ပူးပေါင်း ကော်မတီအဖွဲ့ဝင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံး စာရင်းများ နှင့်စပ်လျဉ်းသည့် အစီရင်ခံစာအပေါ် ပြည်သူငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၄/၂၀၁၆) ကို ပူးပေါင်းကော်မတီ အတွင်းရေးမှူး မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုးက ပြည်ထောင်စု လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ လွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာ ကို ကော်မရှင်အတွင်းရေးမှူး ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်နာယက က ကြေညာ သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ နှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ပါဝင်ဆွေးနွေးကြသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းက ဆက်လက်တာဝန်ယူမည့် အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ဆောင်ရသော လုပ်ငန်းများကို ဒေသအတွက် အမှန်တကယ် အကျိုးရှိ၍ ရန်ပုံငွေများကို အကျိုးရှိစွာ ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် လုပ်ငန်းများအား တစ်ဦးတစ်ယောက်ထဲသို့ အပ်နှံခြင်းမပြုဘဲ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု အဖွဲ့သို့ တာဝန်ယူလုပ်ဆောင်စေခြင်း၊ ပြည်သူများအနေဖြင့် လုပ်ငန်းစစ်အဖွဲ့များ ဖွဲ့ကာ စစ်ဆေးခြင်းဖြင့် လုပ်နည်းပုံစံများကို ပြောင်းလဲသင့်ပါကြောင်း ဆွေးနွေးသည်။
တံတားဦးမဲဆန္ဒနယ်မှ ဒေါ်ခင်သန္တာက ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မှုသည် ပြည်သူများနှင့် ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်တတ်သည့်၊ တာဝန်ယူတာဝန်ခံတတ်သည့် ယဉ်ကျေးမှုကိုပါ အကောင်အထည်ဖော်ပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဌာနအလိုက် လေးလေးနက်နက် ပူးပေါင်း ဆောင်ရွက် ပေးကြရန်နှင့် ဥပဒေနှင့်အညီ ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။
သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အမှန်တကယ် အထောက်အကူ ပြုသည့်အတွက် ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့်လုပ်ငန်းများ၏ ၂ ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန် ပေးဆောင် ရသည်ကို ကင်းလွတ် ခွင့်ပြုသင့်ကြောင်း ဆွေးနွေးသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကို ဇန်နဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment