Thursday, January 14, 2016

၂၀၁၆ ခုနှစ်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောများ၊ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဆွေးနွေး




နေပြည်တော်     ဇန်နဝါရီ ၁၃
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၉ ရက် မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရသူက ကတိသစ္စာ ပြုခြင်း၊ ဥပဒေကြမ်းသုံးခု မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း ၍ ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ဦးမျိုးမြင့်က ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်၌ ကတိသစ္စာပြုသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူသည့် အခကြေးငွေပေးရေးဥပဒေကြမ်း၊ ၂ဝ၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေကြမ်း၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခုကို လွှတ်တော်က မှတ်တမ်းတင်သည်။

ယင်းနောက် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောများ၊ ရငွေသုံးငွေ များနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်၊ ဦးမင်းသူ၊ ဒေါ်ဇာတလဲမ်း၊ 
 ဒေါက်တာခင်ရွှေ၊ ဦးရဲထွန်းနှင့် ဒေါက်တာ မြတ်ဉာဏစိုးတို့က ဆွေးနွေးကြသည်။

ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်းက ချင်းပြည်နယ်မြို့တော်၌ ဟားခါးဒီဂရီကောလိပ် တည်ဆောက် ပေးရန် ၂ဝ၁၅-၂ဝ၁၆ တွင် ဘတ်ဂျက်ချထားဖြစ်ခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါသဖြင့် ၂ဝ၁၆- ၂ဝ၁၇ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးသည်။

ဥတ္တရသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက နေပြည်တော် စည်ပင်သာယာရေးကော်မတီက ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လျာထားလုပ်ငန်းများစာရင်း အမှတ်စဉ်(၂) ၌ လမ်း/ တံတားလုပ်ငန်းအတွက် ကျပ်သန်း ၁ဝ၉၇ သန်းကျော် လျာထားတင်ပြထားရာ လမ်း/တံတား ပြင်ထိန်းလုပ်ငန်း အတွက် ကျပ်သန်း ၁၃၆ သန်းကျော်နှင့် လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ်သန်း ၉၆၁ သန်းကျော်တို့ လျာထားပါကြောင်း၊ အဆိုပါ လုပ်ငန်းနှစ်ခုအနက် လမ်းမီးလျှပ်စစ်ဓာတ်အားခ ကျပ်သန်း ၉၆၁ သန်းကျော် လျာထားတင်ပြထားခြင်းအား စိစစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်က နိုင်ငံတော်အစိုးရအနေ ဖြင့် အခြေခံပညာရေးမှ အထက်တန်းအထိ အရှိန်အဟုန် မြှင့်တည်ဆောက်ပေးလျက်ရှိသော်လည်း ဆယ်တန်း ဖြေဆို အောင်မြင်သော အချို့ကျောင်း သူ ကျောင်းသားများမှာ ငွေရေးကြေးရေး ကျောင်းသုံးစရိတ်ခက်ခဲမှုကြောင့်တက္ကသိုလ်ပညာမသင်ကြားနိုင်သော ကျောင်းသူ ကျောင်းသား အများအပြားရှိသည်ကို တွေ့ရှိရသည့်အတွက် ငွေလုံးငွေရင်းဘတ်ဂျက်ချမှတ်၍တက္ကသိုလ်ဝင်ခွင့်ရရှိသော ကျောင်းသူ ကျောင်းသားများအားလုံး ဘွဲ့ရရှိနိုင်ရေးအတွက် လစဉ်အတိုးနှုန်းမယူဘဲ ကုန်ကျ ငွေကို တစ်ဆယ့်လေးနှစ်အတွင်း နိုင်ငံတော် အစိုးရကို ပြန်လည်ပေး ဆပ်နိုင်မည့် အစီအစဉ် ဆောင်ရွက်ပေးစေ လိုပါကြောင်း ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment