Thursday, January 28, 2016

သူနာပြုသားဖွားဝတ်စုံများ ဖြည့်စွက်ပြင်ဆင်သတ်မှတ်နိုင်ရေးစည်းဝေး


နေပြည်တော် ဇန်နဝါရီလ (၂၈)ရက်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုအားကောင်း၍ မြင့်မားလာစေရေးဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းအားလုံး မိမိကျရာတာဝန်ကို တက်ညီလက်ညီဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှု ဥာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝမှု၊ တာဝန်သိစိတ်ရှိမှု၊ မိမိနှင့်မိမိအဖွဲ့အစည်း တိုးတက်လိုစိတ်ရှိမှုတို့လည်း လိုအပ်ပါ ကြောင်းဖြင့် ဇန်နဝါရီ (၂၈)ရက် နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသော ''သူနာပြု-သားဖွားဝတ်စုံများ ဖြည့်စွက်ပြင်ဆင် သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး'' တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံရှိ သူနာပြုရာထူးအသီးသီးအတွက် အထူးသဖြင့် အမျိုးသမီးသူနာပြုများအတွက် ကာလအတန်ကြာ အစဉ်အဆက်သတ်မှတ်ထားခဲ့သည့် ဝတ်စုံသည်ကောင်းမွန်သော်လည်း ယခုအခါခေတ်နှင့် လျော်ညီစွာပြုပြင် ပြောင်းလဲရန်လိုအပ်လာပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်လာသည့် ရာသီဥတုများနှင့်ကိုက်ညီ၍ ဝတ်ဆင်ရာတွင် သက်တောင့်သက်သာရှိစေမည့် သူနာပြု-သားဖွားဆရာ/ ဆရာမများ၏ ဝတ်စုံများကို ပြောင်းလဲရန် လေ့လာသုံးသပ် ခဲ့ပါကြောင်း၊


ယခုလက်ရှိ ဝတ်ဆင်နေသောဝတ်စုံကိုလည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိဝတ်စုံအပြင် တာဝန်ထမ်းဆောင်ရာတွင် စိတ်သက်တောင့်သက်သာဖြစ်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ခေတ်မီလှပခြင်း၊ သစ်လွင်ခန့်ညားခြင်း၊ ရာသီဥတုနှင့်ကိုက်ညီခြင်း၊ မြန်မာ့စံနှုန်းနှင့်လိုက်လျောညီထွေဖြစ်ခြင်း၊ ချုပ်လုပ်ရာတွင် လွယ်ကူခြင်း၊ ဝတ်ဆင်ရာတွင် ပေါ့ပါးခြင်းတို့နှင့် ပြည့်စုံစေနိုင်မည့် သူနာပြု၊ သားဖွားဆရာ/ဆရာမများ၏ ဝတ်စုံကိုလည်း တစ်နိုင်ငံလုံးတစ်ပြေးညီ ဝတ်ဆင်နိုင်ရေးအတွက် အတည်ပြု ရွေးချယ်ပေးကြ ပါစေလိုကြောင်းနှင့် ရွေးချယ်ရာတွင်လည်း အမျိုးသားရေးစရိုက် လက္ခဏာကို ထည့်သွင်းစဉ်းစား ရွေးချယ်ကြစေလိုကြောင်းဖြင့်  ဆက်လက် ပြောကြားသည်။


အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ(၂၈)ရက်မှ (၂၉)ရက်အထိ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment