Tuesday, January 12, 2016

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အတွက် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအား အထူးလေ့လာသူများအဖြစ် ဖိတ်ကြားထားရှိ

နေပြည်တော် ဇန်နဝါရီ ၁၁

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများအပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၈ နှင့်အညီ နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးခန်းမများ၌ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် (တနင်္လာနေ့) နံနက် ၁ဝ နာရီမှ စတင်ကျင်းပမည်ဖြစ်ရာ ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်အချို့အား အထူးလေ့လာသူများအဖြစ် တက်ရောက်ရန် ဖိတ်ကြားထားရှိသည်။


ထိုသို့ ဖိတ်ကြားထားမှုမှာ ရှမ်းပြည်နယ်မှ ၁၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ခြောက်ဦး၊ ရခိုင်ပြည်နယ်မှ ခြောက်ဦး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ငါးဦးစီဖြင့် စုစုပေါင်း ၈ဝ ဖြစ်ပြီး နေပြည်တော်စည်ပင် ဧည့်ရိပ်သာ အမှတ်(၂)၌ တည်းခိုနေထိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် တက်ရောက်မည့် အမည်စာရင်းကို သက်ဆိုင်ရာသို့ တောင်းခံထားကြောင်း သိရသည်။

No comments:

Post a Comment