နေပြည်တော် ဇန်နဝါရီ ၈
အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ
နာယက ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ ဟီလ်တန် ဟိုတယ်၌
ကျင်းပသည့် မြန်မာနိုင်ငံ၏ ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် (Myanmar Energy
Master Plan) စတင်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု
ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၊ အာရှဖွံ့ဖြိုး
ရေးဘဏ်၊ World Bankနှင့် JICA တို့မှ ကျွမ်းကျင် ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ
တက်ရောက်ကြ သည်။
အစီအစဉ်အရ အာရှဖွံ့ဖြိုး ရေးဘဏ်၏ အရှေ့တောင်အာရှ
ဆိုင်ရာ စွမ်းအင်ဌာနမှ ဒါရိုက်တာ မစ္စတာ ချောင်ချီနိုင်းလ်က မြန်မာနိုင်ငံ၏ ကာလရှည်
စွမ်းအင်ဆိုင်ရာ ပင်မ စီမံချက် (Myanmar Energy Master Plan) နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်
ရှင်းလင်း တင်ပြသည်။
ထို့နောက် အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု
ကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ၏ ပထမခြေလှမ်းအနေဖြင့်
အချက် (၉)ချက်ပါသော မြန်မာ အမျိုးသား စွမ်းအင်မူဝါဒအား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့
တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
ယနေ့ ထုတ်ပြန်ကြေငြာ နိုင်သည့် အမျိုးသား
စွမ်းအင်ပင်မ စီမံချက်သည် မိမိတို့ အစိုးရ ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊
ပုဂ္ဂလိက လူမှုအဖွဲ့အစည်းများ အပါအဝင် အာရှ ဖွံ့ဖြိုးမှုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့မှု၏
ရလဒ်ဖြစ်ပါကြောင်း၊
ယခုပင်မစီမံချက်သည် စွမ်းအင်ကဏ္ဍတစ်ခုလုံးအတွက်
ဖွံ့ဖြိုးမှုအစီအမံ တစ်ခု ဖြစ်သည့်အပြင် အခြားသော ကဏ္ဍများနှင့် စီမံကိန်းများကိုပါပေါင်းစပ်ပေးရာတွင်
အရေးပါသော စီမံချက်တစ်ခု ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အား
နောက် ၁၅ နှစ်စာ ၂၀၃၀ ခုနှစ်အထိ ခန့်မှန်း တွက်ချက်ပြီး ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊
စွမ်းအင် ထုတ်ယူရေး မဟာဗျူဟာကိုလည်း ရေရှည်တည်တံ့ပြီး
စဉ်ဆက်မပြတ် စိတ်ချစွာ ထုတ်ယူနိုင်သည့် စွမ်းအင် ဖြစ်ရေးအတွက် လောင်စာ တွဲစပ်သုံးစွဲမှု၊
အရင်းအမြစ် ရနိုင်မှု၊ နည်းပညာနှင့် ဈေးနှုန်း ယှဉ်ပြိုင်မှု၊ အစိုးရပြည်သူ ပုဂ္ဂလိကပူးပေါင်း
ဆောင်ရွက်မှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အချက်အလက်များအား ထည့်သွင်းစဉ်းစား
ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊
ယခု စီမံချက်နှင့် ဆက်စပ်နေသည့် အမျိုးသား
လျှပ်စစ်ဓါတ်အား ပင်မစီမံချက်နှင့် အမျိုးသား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စီမံချက်
(၂) ခုကိုလည်း JICA နှင့် ကမ္ဘာ့ဘဏ်တို့ အကူအညီ ဖြင့် အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီး
ဖြစ်ကြောင်းကိုလည်း အသိပေးလိုပါ ကြောင်း၊
အဆိုပါ စီမံချက်(၂)ခုသည် အခြေခံစွမ်းအင်
ဖွံ့ဖြိုးမှု မဟာဗျူဟာဖြစ်သည့် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ခြင်းနှင့် မဟာဓါတ်လိုင်းနှင့်
ဓါတ်အားလိုင်းပြင်ပ ဓါတ်အား ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် အရေးပါကြောင်း၊
၎င်းစီမံချက်(၃)ခု အနေဖြင့် မြန်မာနိုင်ငံ၏
စဉ်ဆက်မပြတ်နှင့် လုံလောက်သော စွမ်းအင် အသုံးပြုနိုင်မှုအပိုင်းတွင် အိမ်နီးချင်း နိုင်ငံများကို
ရင်ပေါင်တန်း လိုက်နိုင်အောင် ဆောင်ကြဉ်းပေး နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊
စီမံချက်များသည် မိမိတို့နိုင်ငံအတွက်
မဟာဗျူဟာမြောက် မျှော်မှန်းချက် များဖြစ်သဖြင့် အသေးစိတ် အစီအမံများနှင့် တွက်ချက်မှုများကို
ဆက်လက်ဆောင်ရွက် သွားရန်မှာ မိမိတို့တာဝန် ဖြစ်သည်ဟု အပြည့်အဝခံယူ လုပ်ဆောင်သွားကြရန်
လိုအပ်ပါကြောင်း၊
မိမိတို့နိုင်ငံ၏ အနာဂတ် စီးပွားဖွံ့ဖြိုးမှု
အတွက် အဓိက လိုအပ်ချက်ဖြစ်သော စွမ်းအင် ကဏ္ဍတိုးတက်ရေး ဆောင်ရွက်မှုများနှင့် စဉ်ဆက်မပြတ်
စွမ်းအင် ဖွံ့ဖြိုးမှုရရှိရေး လမ်းကြောင်းကို ဤစီမံချက် (၃) ခုက ခင်းပေးနိုင် လိမ့်မည့်ဟု
ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု
ဝန်ကြီး ဦးဇေယျာအောင်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ World Bank ၊ JICA နှင့် တာဝန်ရှိသူများက
Myanmar Energy Master Plan စတင်ခြင်းအထိမ်းအမှတ်အဖြစ် စက်ခလုပ်နိုပ်၍ ဖွင့်လှစ် ပေးသည်။
ဆက်လက်၍ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု
ကော်မတီနာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းထံ အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့တောင်အာရှ ဆိုင်ရာ
စွမ်းအင်ဌာနမှ ဒါရိုက်တာ က Myanmar Energy Master Plan စာအုပ်ကိုပေးအပ်သည်။
ထို့နောက် စီမံခန့်ခွဲမှု ကော်မတီနာယကနှင့်
တက်ရောက် လာကြသူများကMyanmar Energy Master Plan ရေးဆွဲမှု မှတ်တမ်း ရုပ်ရှင်ကို ကြည့်ရှုကြသည်။

No comments:
Post a Comment