Friday, January 8, 2016

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး တက်ရောက်


နေပြည်တော် ဇန်နဝါရီ 
အမျိုးသား စွမ်းအင်စီမံ ခန့်ခွဲမှု ကော်မတီနာယက ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် ရှိဟီလ်တန် ဟိုတယ်၌ ကျင်းပသည့် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ (၁/၂၀၁၆) အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

 အဆိုပါ အစည်းအဝေးသို့ အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အာရှဖွံ့ဖြိုးရေး ဘဏ်မှ ကျွမ်းကျင် ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနာယက ဒုတိယ သမ္မတက နိုင်ငံတော် အစိုးရသည် ကြွယ်ဝသော စွမ်းအင် အရင်းအမြစ်များအား ဖော်ထုတ်၍ စွမ်းအင် ဖူလုံမှုရရှိအောင် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်း နေပါကြောင်း။ စွမ်းအင် တိုးမြှင့်ထုတ်လုပ် နိုင်ရန် လိုအပ်သကဲ့သို့ အလေအလွင့် မရှိရေးနှင့် နောင်လာနောင်သား များအတွက် သိုမှီး ထိန်းသိမ်းထားနိုင်ရေး သည်လည်း အရေးကြီးပါကြောင်း။
စွမ်းအင်ကဏ္ဍ ရေရှည် မျှော်မှန်းချက်မှာ စီးပွားရေး အရ လည်းကောင်း၊ ဘဏ္ဍာရေးအရ လည်းကောင်း၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအရ လည်းကောင်း အသက် သာဆုံးတန်ဘိုးဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့် အညီ  စွမ်းအင် အရင်းအမြစ် အမျိုးအမျိုးမှ ထုတ်လုပ်ပြီး အရည်အသွေး ပြည့်ဝသော စွမ်းအင် ဝန်ဆောင်မှု များအား ပြည်သူလူထုထံ ပေးအပ်နိုင်ရန် ဖြစ်ပါကြောင်း။
အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်အား အာရှဖွံ့ဖြိုးရေး ဘဏ်၏ အကူအညီဖြင့် အပြီးသတ်ရေးဆွဲပြုစု နိုင်ခဲ့သည့်အတွက် ကော်မတီ၏ လုပ်ငန်း တာဝန်များထဲမှ အရေးကြီးသော လုပ်ငန်း တာဝန် တစ်ရပ်ကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။
စွမ်းအင် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသား စွမ်းအင်မူဝါဒအား ရေးဆွဲ အတည်ပြု ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွက် လိုအပ်သည့် စွမ်းအင်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနိုင်ရေးနှင့် တိကျသည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ရန် အတွက် ကာလရှည်စွမ်းအင် ဆိုင်ရာ ပင်မစီမံချက်အား ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း။
ယခုရေးဆွဲထားသည့် ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်အား ကျွမ်းကျင်သူများက ၎င်းတို့၏ အတွေ့အကြုံ၊ ယူဆချက်၊ လေ့လာ တွေ့ရှိချက်များ အပေါ်အခြေခံပြီး ဆောင်ရွက် ထားခြင်း ဖြစ်သည့်အတွက် ၎င်းတို့အဆိုပြုတင်ပြ ထားသော စွမ်းအင်ဖြည့်ဆည်းမှု နည်းလမ်းများသည် လက်ရှိပြည်တွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များနှင့် ကိုက်ညီမှု ရှိ/ မရှိ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ အကြား အသေးစိတ် ညှိနှိုင်း ဆွေးနွေးရန်နှင့် မိမိတို့ အမှန်တကယ် ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အမျိုးသားအဆင့် စွမ်းအင် ဖြည့်ဆည်းမှုမဟာဗျူဟာ (National Energy Supply Strategy) နှင့်  အကောင်အထည် ဖော်ရေး စီမံချက်အား ရေးဆွဲရန် လိုအပ်ပါကြောင်း။
အဆိုပါ ကာလရှည် စွမ်းအင်ပင်မ စီမံချက်အပြင်  အမျိုးသား လျှပ်စစ်ဓာတ်အား ပင်မ စီမံချက်အား ဂျပန်-နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ နှင့်ပူးပေါင်း၍ လည်းကောင်း၊  အမျိုးသား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စီမံချက်အား ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍ လည်းကောင်း အောင်မြင်စွာ ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊
ဤစီမံချက်အားလုံးသည် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် တူညီသော ရည်မှန်းချက် တစ်ရပ်အပေါ် အခြေခံ ဆောင်ရွက်ထားခြင်းဖြစ်ပြီး စီမံချက်တစ်ခုချင်းစီ တွင်လည်း အားသာချက်များရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ရှေ့လုပ်ငန်းစဉ်အား ချမှတ်ရာတွင် အဆိုပါ အားသာချက်များကို ရယူ အသုံးချနိုင်ရန် အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း သွားကြရမည် ဖြစ်ပါကြောင်း။
ထို့အပြင် မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အစီအမံများ၊ လိုအပ်သည့် ဥပဒေ၊ မူဘောင်ပြဌာန်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်မည့်  အစီအမံများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ကိုလည်း ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုအား မြှင့်တင်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်  အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် က အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ စတင်ဖွဲ့စည်းချိန်မှ စတင်၍ ကော်မတီ၏ သက်တမ်း ၃ နှစ် အတွင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၃ နှစ် ကာလအတွင်း  အမျိုးသား စွမ်းအင် မူဝါဒနှင့် စွမ်းအင် ဆိုင်ရာ ပင်မစီမံချက် ကဲ့သို့သော စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေး ပါသောမူဝါဒ မူဘောင်နှင့် ဖွံ့ဖြိုးမှု အစီအမံများကို ရေးဆွဲနိုင်သည့်အပြင် စွမ်းအင် အကျိုးရှိထိရောက်စွာ အသုံးချရေးနှင့် ခြိုးခြံချွေတာရေး ကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် ပြန်ပြည့် မြဲစွမ်းအင်ကဏ္ဍ အစရှိသည့် ကဏ္ဍအသီးသီး၏ မူဝါဒ၊ မဟာဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ရေးဆွဲ နိုင်ရေးအတွက် ကူညီ ဆောင်ရွက်ခဲ့ပါကြောင်း။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံအမျိုးသားစွမ်းအင် မူဝါဒကို အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ရေးဆွဲခဲ့ပါကြောင်း။ အာရှဖွံ့ဖြိုးရေးဘဏ်၏ Myanmar Energy Master Plan တွင်စုစုပေါင်း အခန်း(၇)ခန်း ပါဝင်ပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ရှုမြင် သုံးသပ်ချက်၊ စွမ်းအင် အသုံးပြုမှုပုံစံ၊ စွမ်းအင်အရင်းအမြစ် တည်ရှိမှု၊ အနာဂတ် ကာလစွမ်းအင်လိုအပ်ချက်၊ စွမ်းအင် ဖြည့်ဆည်းမှု နည်းလမ်းများ စသည်တို့ကို အဆင့်ဆင့် ပြုစုရေးဆွဲထားပါကြောင်း။
ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်၌ စွမ်းအင်ဖြည့်ဆည်းမှု မဟာဗျူဟာ (Energy Supply Strategies) များ ဖော်ထုတ်ရာတွင် ကုန်ကျစရိတ်အနည်းဆုံးဖြင့် လုံလောက်သော စွမ်းအင်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်အပေါ် ထိခိုက်မှု နည်းပါးသည့် စွမ်းအင် နည်းပညာများ အသုံးပြုနိုင်ရေး၊ ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရေး၊ စွမ်းအင် အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြု နိုင်ရေးစသည့် Criteria များအပေါ် အခြေခံပြီး ဆောင်ရွက်ထားသည့် အတွက် ရွေးချယ်ခွင့် ပိုမိုရရှိလာပြီး အမှန်တကယ် သင့်လျော်သော နည်းလမ်း တစ်ခုကို ရွေးချယ်နိုင်မည် ဖြစ်ကြောင်း  ရှင်းလင်း တင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကာလရှည် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည့် အစီအမံများပါဝင် ရေးဆွဲထားသည့် Myanmar Energy Master Plan နှင့် စပ်လျဉ်း၍ အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ မစ္စတာ ချောင်ချီနိုင်းလ် (Mr.Chong Chi Nai)နှင့် ကျွမ်းကျင် ပညာရှင်များက ရှင်းလင်း တင်ပြကြပြီး တက်ရောက် လာကြသူများကအကြံပြုဆွေးနွေးကြသည်။
တင်ပြချက်များ အပေါ် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ နာယက က  ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

No comments:

Post a Comment