နေပြည်တော် ဇန်န၀ါရီ ၃
မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက် A –
6 ရေနက်ပိုင်းတွင် MPRL E & P ရေနံကုမ္ပဏီက ရွှေရည်ထွန်း တွင်းအမှတ် - ၁ ၌ သဘာဝဓာတ်ငွေ့
ရှာဖွေတွေ့ရှိခဲ့ကြောင်း MPRL ၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် ပင်လယ်ရေအနက်
ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်တွင် တွင်းအနက် ၁၇၄၀၈ ပေ ( ၅၃၀၆ မီတာ) အထိ တူးဖော်ခဲ့သည့်
ရွှေရည်ထွန်းတွင်းအမှတ် - ၁ တွင် သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့်
သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပါရှိသည်။
ထို့ပြင် နောက်ဆုံးတိုင်းတာရရှိထားသော
အချက်အလက်များအရ အဆိုပါ ၄၂၃ ပေ ရှိသော သဘာဝ ဓာတ်ငွေ့ ကော်လံတွင် သဲကြော ၃ ကြောပါဝင်ပြီး
၎င်း၏ Net Pay မှာ အနည်းဆုံး ပေ ၅၀ ( ၁၅ မီတာ) ခန့်ရှိကြောင်း၊ ယခုရှာဖွေတွေ့ရှိမှုသည်
မြန်မာ့ကမ်းလွန်ရေနက်ပိုင်း သမိုင်းတစ်လျှောက်တွင် ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှု
ဖြစ်ကြောင်း၊ ဤအချက်အလက်များမှာ ကနဦး ရှာဖွေတွေ့ရှိသည့်
အချက် အလက်များဖြစ်ပြီး အကဲဖြတ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါတွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ
၂၇ ရက်မှ စတင်တူးဖော်ခဲ့သည်။ MPRL E
& P သည် မြန်မာ အမျိုးသားများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး လုပ်ကွက်အမှတ်
A – 6 ၏ Operator အဖြစ် ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုကာ ရေနံနှင့်
သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို တစ်ဖွဲ့တည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခြင်းဖြင့်
စတင်ခဲ့သည်ဟု ဆိုသည်။
MPRL E & P ၏ အမှုဆောင်အရာရှိချုပ်
ဦးမိုးမြင့်က “ ကျွန်တော့်အနေနဲ့ အခု အောင်မြင်မှုအတွက် များစွာ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။
မြန်မာအမျိုးသားများ ဦးဆောင်တဲ့ ရေနံကုမ္ပဏီဖြစ်တဲ့ MPRL E & P အနေနဲ့ နည်းပညာ၊
ငွေကြေး အခက်အခဲများစွာကနေ ရခိုင်ကမ်းလွန်တောင်ဘက်ပိုင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တည်ရှိနိုင်မှု
(Petroleum Play) ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီကြီးတွေ စိတ်ဝင်စားမှုကို
ရရှိစေခဲ့ပါတယ်။
“ အခု ရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိမှုအစ
ဖြစ်နိုင်ပြီး MPRL E & P အနေနဲ့ အခုရှာဖွေတွေ့ရှိမှုကို အဆင့်မြှင့်တင်သွားဖို့အတွက်
Woodside Total E & P တို့နဲ့အတူ ဆက်လက်ရှာဖွေတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီရှာဖွေ တွေ့ရှိမှုဟာ အဲဒီလုပ်ကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံး အထူးသဖြင့်
မြေအောက်သယံဇာတများရဲ့ အဓိက ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်နဲ့ ပြည်သူပြည်သားအားလုံးကို
အကျိုးဖြစ်ထွန်းစေမယ့် အောင်မြင်မှု ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်”
ဟု ပြောကြားခဲ့သည်။



No comments:
Post a Comment