Monday, January 4, 2016

စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မတူကွဲပြားမှုများကို အင်အားအဖြစ် ပြောင်းလဲ ရယူ၍ ညီညွတ်မှုကို ကြိုးပမ်းဖော်ဆောင်ကြရမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ -
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျား-


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ် အခါသမယ၌ ပြည်ထောင်စုဖွား တိုင်းရင်းသားညီရင်းအစ်ကို မောင်ရင်းနှမများအားလုံး ကောင်းကျိုးချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြ ပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံသားများသည် အမိမြေပေါ်တွင် နှစ်ပေါင်းထောင်နှင့်ချီ၍ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ထည်ဝါစွာ ရပ်တည်လာခဲ့ကြပါသည်။ မြေပေါ်မြေအောက် သယံဇာတကြွယ်ဝ ပြည့်စုံခြင်း၊ ကိုယ်ပိုင် ယဉ်ကျေးမှု ထွန်းကားခြင်းတို့ကြောင့် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည် နိုင်ခဲ့သည့် မြန်မာနိုင်ငံသည် အင်္ဂလိပ် တို့နယ်ချဲ့မှုအရ ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ ရပါသည်။
ကိုလိုနီဘဝတွင် မြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှု၊ ဘာသာသာသနာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုတို့ကို ချိုးနှိမ်ထားသည့် အုပ်ချုပ်ရေးယန္တရားဖြင့် အုပ်ချုပ်ခြင်းခံခဲ့ရပါသည်။ သို့ဖြစ်၍ တိုင်းရင်းသားပြည်သူ အပေါင်း တို့သည် ရရာလက်နက်စွဲကိုင်ပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး စည်းလုံးညီညွတ်စွာ ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့ကြခြင်းကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြန်လည် ရယူနိုင်ခဲ့ပါသည်။
ပြည်ထောင်စုဖွား တိုင်းရင်းသားညီရင်းအစ်ကို မောင်ရင်းနှမတို့သည် ခိုင်မာပြီး စစ်မှန်သည့်ပြည်ထောင်စု စိတ်ဓာတ်နှင့် စွန့်လွှတ်စွန့်စားရဲသည့် အမျိုးသားရေး စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ်ကြိုးပမ်းခဲ့ကြသောကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်မှာ ယခုအခါ (၆၈)နှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါသည်။
ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည် နိုင်ရန်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသား ပြည်သူအပေါင်းက လက်တွဲညီညီ ထိန်းသိမ်း စောင့်ရှောက် ကြရမည်ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်သည် ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရန် အဆင့် (၃)ဆင့် ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ပထမအဆင့်အဖြစ် ဒီမိုကရေစီ အကြိုပြင်ဆင်မှုအနေဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊ ၂ဝ၁ဝ ခုနှစ် ပါတီစုံရွေးကောက်ပွဲကျင်းပ၍ ပထမဦးဆုံး လွှတ်တော်နှင့် အစိုးရဖွဲ့စည်းနိုင်ရန် ပြင်ဆင်ပေးခြင်းနှင့် ယခု ၂ဝ၁၅ ခုနှစ်တို့တွင် ဒုတိယအကြိမ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ၍ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ပြင်ဆင်ပေးခြင်း၊ ဒုတိယ အဆင့် အဖြစ် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းများကို ညင်သာချောမွေ့စွာ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်သဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုများနှင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေး သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်ခဲ့ခြင်း၊ တတိယအဆင့်အဖြစ် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးရင့်ကျက်ခိုင်မာသည့်အဆင့်သို့ ကူးပြောင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပဋိပက္ခများနှင့် တိုင်းရင်းသား လူမျိုးစုပြဿနာများ စသောစိန်ခေါ်မှုများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း၏ အကျိုးကျေးဇူး တစ်ခု အနေဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ဖြင့် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဆက်လက်၍ ကျန်ရှိနေသေး သောအဖွဲ့များနှင့် လက်မှတ် ရေးထိုးနိုင်ရန် လမ်းစဖော်ထားပြီးဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု ပိုမိုတိုးတက် လာစေသည့် အောင်မြင်သော စွမ်းဆောင်ရည်တစ်ရပ်ဖြစ်ပါသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်နိုင်ရန် တိုင်းရင်းသား၊ ပြည်သူနှင့် တပ်မတော်တို့ တစ်သားတည်းပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတော်၏ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက နိုင်ငံရေးအင်အားစုများဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးပါဝင်မှသာ အောင်မြင်မှု ရရှိမည်ဖြစ် ပါသည်။ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် နိုင်ငံရေးအင်အား စုများအားလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။
ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် မတူကွဲပြားမှုများကို အင်အားအဖြစ်ပြောင်းလဲရယူ၍ ညီညွတ်မှုကို ကြိုးပမ်း ဖော်ဆောင် ကြရမည် ဖြစ်ပါသည်။ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေအနေကောင်းများ၊ အလားအလာကောင်းများ ပေါ်ထွန်းနေပြီဖြစ်ရာ တိုင်းရင်းသားညီရင်းအစ်ကို မောင်ရင်း နှမများအားလုံး စည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။
မြန်မာပြည်သူတို့၏ တူညီသောဆန္ဒ (၂)ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အမျိုးသမီးများအရေး စသည့်ကဏ္ဍစုံတို့ အဘက်ဘက်မှ တိုးတက်မြင့်မားမှု များဖြစ်ပေါ်လာရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည်-
- ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စု ကြီးအတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး။
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး။
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်နှင့်အတူ ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေး။
- ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့စွမ်းအားဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရေး
ဟူသော(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက် (၄)ရပ်ကို အလေးအနက်ခံယူပြီး သွေးစည်း ညီညွတ် စွာဖြင့် တာဝန်သိသိ သစ္စာရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ချစ်ကြည်စွာ တိုက်တွန်း နှိုးဆော် အပ်ပါသည်။



No comments:

Post a Comment