Wednesday, December 30, 2015

ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ မေးခွန်း ၅ ခု မေးမြန်းဖြေ ကြားခြင်းနှင့် ဥပဒေကြမ်း(၄)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဖားဆောင်းမဲဆန္ဒနယ်မှ ဦးရဲထွဋ်တင်(ကိုယ်စား) မယ်စဲ့ မဲဆန္ဒနယ်မှ ဦးကျော်ဝင်းခိုင် မေးမြန်းသည့် မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် အနီးကပ်ဆုံးတွင် တည်ရှိသည့် ဖားဆောင်း မြို့နယ်အတွင်းတွင် ကုန်သွယ်ရေးဇုန် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းစပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ဖားဆောင်းမြို့နယ်အတွင်း ကုန်သွယ်ရေးဇုန် တည်ဆောက် ပေးရေးမှာ မယ်စဲ့မြို့နယ်နှင့် ဆက်စပ်သည့်  ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဟွေ့တနွန်မြို့အနေဖြင့် ကုန်းတွင်းပိတ် ဖြစ်နေပြီး ဒေသတွင်းနေ ပြည်သူများ အတွက်သာ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှု ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း။
မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းကို ဒေသခံ ပြည်သူများ ကုန်သွယ်မှု ပြုလုပ်နိုင် ရန်၂၀၁၅ ခုနှစ် မေလအတွင်း ဖွင့်လှစ်ပေးခဲ့သော်လည်း ကုန်သွယ်မှု လုပ်ငန်း ဆောင်ရွက်မှု မရှိခြင်း၊ ဒေသတွင်း ကုန်သွယ်ထုတ်လုပ်မှုနှင့် ထုတ်ကုန် နည်းပါးခြင်း၊ ဈေးကွက်မရှိခြင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ နည်းပါးခြင်းနှင့် သယ်ယူ ပို့ဆောင်မှုဆိုင်ရာ အခက်အခဲများ အရ ဖားဆောင်း မြို့နယ်အတွင်းတွင်  ကုန်သွယ်ရေးဇုန် တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ရေးမဲဆန္ဒနယ်မှ ဒေါ်မိမြင့်သန်း၏ ရေးမြို့နယ် မဟာဓာတ်အားလိုင်း လျှပ်စစ်မီးကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေတွင် ပါရှိသည့် အတိုင်း ဆောင်ရွက်ထားခြင်း ရှိ၊ မရှိနှင့် အံဒင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ကိစ္စများအား ဆက်လက် ဆောင်ရွက်ရန် အခြေအနေ ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ရေးမြို့နှင့် ထားဝယ်မြို့များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ မော်လမြိုင်- ရေး- ထားဝယ် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
အဆိုပါဓာတ်အားလိုင်း၏ EIA, SIA လုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ပါဝင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ ပြည်သူလူထု၏ လူမှု စီးပွားဘဝကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်၍ ဆောင်ရွက်လျက် ရှိပါကြောင်း။
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီး အကောင်အထည်ဖော် တည် ဆောက်မည့် ၁၂၈၀ မဂ္ဂါဝပ် ရှိသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရန်ကိစ္စအား ဒေသခံပြည်သူများမှ စီမံကိန်းအပေါ် လက်ခံ သဘောတူညီမှု ရရှိရေးအတွက် ရှင်းလင်း ဆွေးနွေးချပြသွားရန် ညွှန်ကြားထားပါ ကြောင်းနှင့် ဒေသခံများ၏ သဘောတူညီမှု မရှိသေးမီကာလအတွင်း EIA, SIA လုပ်ငန်းများ အပါအဝင် အခြားသော စူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုဘဲ ခေတ္တ ဆိုင်းငံ့ထားပါကြောင်း ဖြေကြားသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပေးပို့သော လျှပ်စစ်နည်းဥပဒေများ နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။

ယင်းနောက် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့သော ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၂၀၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေကြမ်းနှင့် အခကြေးငွေပေးရေး ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

No comments:

Post a Comment