Wednesday, December 30, 2015

အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၃၀
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၈ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ သဝဏ်လွှာ(၁)ခု မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာတစ်ခု အတည်ပြုခြင်းနှင့် အစီရင်ခံစာ (၅)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် ကူဝိတ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့သော ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ထိခိုက်သေဆုံးမှုများ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင်များက လွှတ်တော်သို့ ဖတ်ကြား တင်သွင်းကြပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ပထမအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးအထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ တင်ပြချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးပေါ်လျှံလွင်က ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုသည်။

ဆက်လက်၍ အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ပထမကြိမ် အမျိုးသားလွှတ်တော် သက်တမ်း ကာလများအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် အမျိုးသားလွှတ်တော် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီ၏ ပထမပုံမှန် အစည်းအဝေးမှ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ တို့ကို ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်တို့က လွှတ်တော်သို့ ဖတ်ကြား တင်သွင်းကြရာ လွှတ်တော် ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာများနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည် စာရင်း တင်သွင်နိုင်ကြောင်း ကြေညာသည်။

No comments:

Post a Comment