Wednesday, December 30, 2015

ရန်ကုန်မြို့၏ယာဉ်ကြောပိတ်ဆို့မှုကို ခေတ်မီမီးပွိုင့် ၁၅ဝ ကျော်တပ်ဆင်၍ အလိုအလျောက် ထိန်းချုပ်မှုစနစ် အသုံးပြုကာ ခြောက်လအတွင်း ဖြေရှင်းမည်


ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု များကိုဖြေရှင်းနိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေလျက်ရှိရာ ရန်ကုန်မြို့တွင်းရှိ မီးပွိုင့် ၁၅၄ ခုကို ခေတ်မီ မီးပွိုင့်များတပ်ဆင်ကာ တစ်နေရာတည်းမှနေ၍ ထိန်းချုပ်မည့်စနစ်ကို ခြောက်လအတွင်းအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Common Center (ထိန်းချုပ်မှု စင်တာ)၏ အကြံပေးဖြစ်သူ ဒေါက်တာ မောင်အောင်ထံမှ သိရသည်။
ခေတ်မီမီးပွိုင့်များတပ်ဆင်ရန်နှင့် တစ်နေရာတည်းမှနေ၍ မီးပွိုင့်များကို ထိန်းချုပ်ပေးသွားမည့်(Common Center)ကို လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများအား နိုဝင်ဘာ နောက်ဆုံးပတ်အထိ တင်ဒါများ ခေါ်ယူခဲ့သည်။ ယခုအခါ အဆိုပါလုပ်ငန်း လုပ်ကိုင်နိုင်ရန် အတွက် ကုမ္ပဏီလေးခုကို စိစစ်ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။


တပ်ဆင်သွားမည့် ခေတ်မီမီးပွိုင့်များနှင့်ပတ်သက်၍ ဒေါက်တာ မောင်အောင်က ''ဈေးနှုန်းကလည်း ကျွန်တော်တို့ တတ်နိုင်တာဖြစ်ရမယ်။ နည်းပညာအရလည်း သင့်တော်မှုရှိ ရမယ်။ ပြုပြင်ထိန်းသိမ်းမှုမှာလည်း အကောင်းဆုံးဖြစ်ရမယ်။ Common Center ကလည်း ကျွန်တော်တို့လိုချင် တာဖြစ်ရမယ်။ 

အစစအရာရာ အကောင်းဆုံးလုပ်ပေးနိုင်မယ့်သူကို ရွေးချယ်မယ်။ အကောင်အထည် ဖော်ဖို့က ရွေးချယ်ထားတဲ့ ကုမ္ပဏီ လေးခုထဲကနေ မကြာခင် ရွေးချယ် ပြီး ကြေညာမှာပါ။ ကြေညာပြီး ခြောက်လအတွင်းမှာ Common Center အပါအဝင် မီးပွိုင့် ၁၅၄ ခု မှာ Automatic Control System သုံးပြီး ယာဉ်ကြောပိတ်ဆို့တဲ့နေရာ တွေအတွက် ထိန်းချုပ်ဖြေရှင်းမယ်'' ဟုပြောသည်။


ရန်ကုန်မြို့တွင် လက်ရှိတပ်ဆင် ထားသည့် မီးပွိုင့်များသည် Manual (လူဖြင့်ထိန်းချုပ်သည့်စနစ်) ဖြစ်ပြီး တစ်ဖက်ကို ဦးစားပေးလွှတ်လိုက်ပါက တစ်ဖက်တွင် ယာဉ်ကြောပိတ်ဆို့ကျပ် တည်းမှုများအား ရင်ဆိုင်နေရသည့် အပြင် မီးပွိုင့်များ မကြာခဏပျက်ခြင်း နှင့် မီးပွိုင့်စနစ် ချို့ယွင်းမှုများလည်း ရှိနေသည်။ ယခုတပ်ဆင်မည့် ခေတ်မီ မီးပွိုင့်များသည် လက်ရှိနိုင်ငံတကာ တွင်လုပ်ဆောင်နေသည့် Automatic System ဖြစ်ပြီး electronic police စနစ်များ၊ အနီးကပ်အထိ ဆွဲယူကြည့်ရှု နိုင်သည့် ကင်မရာများပါဝင်မည် ဖြစ်ကာ ယာဉ်စည်းကမ်းချိုးဖောက်မှု များအားလည်း မှတ်တမ်းတင်ထား နိုင်မည်ဖြစ်သည်။

စည်းကမ်းချိုးဖောက်မှုအတွက်ပါ စောင့်ကြည့်နိုင်မည့် မီးပွိုင့်များနှင့် ပတ်သက်၍ ''တပ်ဆင်မယ့် မီးပွိုင့်တွေ မှာ E-POLICE လို့ခေါ်တဲ့စနစ်က ပါပြီးသား။ နောက်မီးပွိုင့်တိုင်း မီးပွိုင့် တိုင်းမှာ အနီးကပ်ဆွဲကြည့်လို့ရတဲ့ ကင်မရာတွေပါထားပြီးသား။ စည်းကမ်း ဖောက်တာနဲ့ သူရဲ့ကားနံပါတ်ကို တစ်ခါတည်းရိုက်ယူထားမယ်။ နောက်ပြီး ညအမှောင်မှာပါ ရိုက်လို့ရတဲ့ ကင်မရာဆိုတော့ အခုဖြစ်နေတဲ့ ခေါင်းထိုး ဝင်တာတို့၊ ကျော်တာတို့၊ ရပ်မျဉ်းမှာ မရပ်တာတို့ တစ်ခုမှလုပ်လို့ မရတော့ဘူး။ ကင်မရာနဲ့ အားလုံးကို မှတ်တမ်းတင်ထားတဲ့အတွက် အားလုံးကို လိုက်လို့ရတယ်''ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

ရန်ကုန်မြို့ရှိ ယာဉ်များအား တစ်နေရာတည်းမှ ကြည့်ရှုထိန်းချုပ်နိုင်သည့် Common Centerကိုမူ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်း၌ ထားရှိမည်ဖြစ်ကာ Common Center တွင် ခေတ်မီနည်းပညာများ အသုံးပြုရမည်ဖြစ်သောကြောင့် ဝန်ထမ်းများ သီးသန့်ခန့်သွားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲအချို့အားလည်း ခေါ်ယူ၍ သင်တန်း Training ပေး မည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်ကိုဦး က''ပြည်သူတွေ လွယ်ကူအဆင်ပြေ ချောမွေ့စွာ ခရီးသွားလာနိုင်ရေး အတွက် BRT (Bus Rapid Transit) လုပ်ဆောင်ဖို့ရယ်၊ မီးပွိုင့်တွေ အဆင့်မြှင်ဖို့အတွက်ရယ် သမ္မတကြီးက နိုင်ငံတော်သမ္မတရဲ့ သုံးပိုင်ခွင် ဘတ်ဂျက်ထဲကနေပြီး ကျပ်ငွေ ၂ဝ ဘီလျံချပေးထားတယ်။ မီးပွိုင်တွေက ပျက်နေတာ၊ မီးမလာတာ၊ မီးမထင် ရှားတာတွေကြောင့်လည်း ယာဉ်ကြော ပိတ်ဆို့တာတွေရှိတယ်။ အခုတပ်ဆင်မယ့် မီးပွိုင့်တွေမှာ စနစ်အားလုံး ပါမယ်။ လမ်းကူးစနစ်၊ ကွေ့ကြောစနစ်၊ Common စင်တာမှာထားမယ့် ထိန်းချုပ်စနစ်တွေက ယာဉ်ဥပဒေ ချိုးဖောက်ရင်တောင် E.mail ကနေ အကြောင်းကြားနိုင်တဲ့ စနစ်မျိုးအထိ လုပ်ထားတာမျိုးတွေပါမယ်။ ခေတ်မီ မီးပွိုင့်တွေ တပ်ဆင်ဖို့အတွက် မြောက်ဘက်မင်္ဂလာဒုံအထိပါတယ်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အဓိကပါ'' ဟု ပြောသည်။

ခေတ်မီမီးပွိုင်များ တပ်ဆင်ရန် အတွက် တင်ဒါခေါ်ယူရာတွင် အဖွဲ့ဝင် ၁၇ ယောက်ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အစိုးရဌာနဆိုင်ရာများ၊ Traffic နှင့် ပတ်သက်သည့် ပြင်ပပညာရှင်များ၊ IT နှင့်ပတ်သက်သည့် ပညာရှင်များ ပါဝင်သည်။ BRT (Bus Rapid Transit) အများပိုင်ဘတ်(စ်)ကားများ ပြေးဆွဲရန်အတွက်မူ ဒေါက်တာ မောင်အောင်က ဥက္ကဋ္ဌ အဖြစ်တာဝန် ယူလုပ်ဆောင်လျက်ရှိသည်။


သတင်း-ရဲခေါင်ညွန့်
ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment