Monday, December 21, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး အဖျောက်မြို့ လောကမာရ်အောင် ဘုရားကြီး ပိဋကတ်သုံးပုံ ကျောက်စာတိုက်များ ဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားသို့တက်ရောက်






နေပြည်တော် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့လောကမာရ်အောင် ဘုရားကြီး (မဟာသံတန်ဆောင်းတော်) ပိဋကတ်သုံးပုံကျောက်စာတိုက်များ ဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လောကမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။


အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက် ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က လောကမာရ်အောင်ဘုရားကြီးအ၀င် ကွန် ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနား ဆက်လက် ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က လောကမာရ်အောင် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက လောကမာရ်အောင်ဘုရားကြီး ဂေါပကအဖွဲ့ သြ၀ါဒါစရိယဆရာတော် ငါးလာချောင်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကောဝိဒထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မှတ်တမ်း ဓာတ်ပုံနှင့် လှူဖွယ်ဝတ္ထုများကို ငါးလာချောင်းကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက် လာကြသူများက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက ငါးလာချောင်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိရဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မင်္ဂလာ မော်ကွန်းကမ္ပည်းကျောက်စာတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင် များနှင့်အတူ ပရိတ်နံ့သာရေများ ပက်ဖျန်းပေးကြသည်။ ထို့နောက် သံဃာတော် များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဖျောက်မြို့ရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာ (အဖျောက်တာ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တာမ ကြီး မြှင့်တင်သည့်လုပ်ငန်းနှင့် မြို့ပတ်တာပြုပြင်မွမ်းမံမှုလုပ်ငန်းအခြေအနေကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။

အဖျောက်မြို့ရှိ လောကမာရ်အောင်ဘုရားကြီး (မဟာသံတန်ဆောင်း တော်) တွင် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်ဓမ္မက္ခန် ဒေသနာတော်များကို ကျောက်စာများထွင်းထု၍ ၀ိနည်း ၁၁၂ ချပ်၊ သုတ္တန် ၄၀၃ ချပ်နှင့် အဘိဓမ္မာ ၂၀၅ ချပ် စုစုပေါင်း ကျောက်စာချပ်ရေ ၇၂၀ ကို ကုသိုလ်တော်ဘုရားကြီးမှ ပိဋကတ်ကျောက်စာမူအတိုင်း တည်ထားကိုးကွယ်ခဲ့သဖြင့် နှစ်ကာလအားဖြင့် ၉၉ နှစ်တိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ကျောက်စာတိုက် ဖြစ်သည်။

အဆိုပါကျောက်စာတိုက်ရှိ ယိုယွင်းပျက်စီးနေသော ဂန္ဓကုဋိတိုက်၊ ပင်မတန်ဆောင်းနှင့် ကျောက်စာတိုင်များအား ရှေးမူမပျက် ပိုမိုသပ်ရပ် တင့်တယ်စွာဖြင့် အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဘက်စုံပြုပြင် မွမ်းမံခြင်းများဆောင်ရွက်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment