Tuesday, December 22, 2015

ထာဝရငြိမ်းချမ်းရေးမရရှိသေးမီ လက်နက်ကိုင်အဖွဲ့အချင်းချင်း အတူတကွပူးတွဲနေထိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ရန်လို၊ “၀” ဒေသတွင် စီးပွားရေးဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး လုံးဝပပျောက်အောင်လည်း ကိုင်တွယ်သွားမည်


နေပြည်တော် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်သည် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပန်ဆန်းမြို့သို့ ရောက်ရှိကြရာ “၀”အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။


ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ သည် “၀” အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ ဦးဆောင်သည့်အဖွဲ့နှင့် ပန်ဆန်းမြို့ “၀” အထူးဒေသ(၂) ပြည်သူ့ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးခရီးလမ်းတွင် တိုင်းရင်းသားညီအစ်ကိုအားလုံး အတူတကွလက်တွဲ လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းပြရန်ရောက်ရှိလာခြင်း ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်လှမ်းရာတွင် ခိုင်ခိုင်မာမာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန်လိုပါကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရုံဖြင့် မပြီးသေးဘဲ လိုအပ်ချက်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကိုလည်း လုပ်ဆောင်ရန်လိုပါကြောင်း။

ထို့ပြင် ထာဝရငြိမ်းချမ်းရေးမရရှိ သေးမီကြားကာလတွင် လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား၌ အတူတကွ ပူးတွဲနေထိုင်ရေး လုပ်ငန်းစဉ်များချမှတ်ရန် လိုပါကြောင်း၊ နယ်မြေဒေသအလိုက်ဆောင်ရွက်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်ရွက်မည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လာမည့်ဇန်နဝါရီ ၁၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် ရှိပါကြောင်း၊ ပြည်ထောင်စု၏ ငြိမ်းချမ်းရေးခရီးလမ်းတွင် အစဉ်အလာရှိသည့် “၀”တိုင်းရင်းသားခေါင်းဆောင်များအား ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ကြားပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွင် အချိန်မရွေး ပါဝင်လာနိုင်ရန် တံခါးဖွင့်ထားပါကြောင်း၊ “၀” အထူးဒေသ(၂)အနေဖြင့် ဒေသ၏ရေရှည် အကျိုးစီးပွားကို မျှော်ကိုးပြီး ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုသည့် ကိစ္စများရှိပါက ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးနိုင် ပါကြောင်းနှင့် ကူညီဆောင်ရွက်ပေးရန်ဆန္ဒရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက မိမိတို့နိုင်ငံသည် ပြည်ထောင်စု တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ အခွင့်အရေးရရှိရန် ဥပဒေများ ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကိစ္စများဆောင် ရွက်ရန် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတစ်ခုဖွဲ့စည်း၍ ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ငြိမ်းချမ်းမှဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပြီး ငြိမ်းချမ်းမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ တိုင်းပြည်ကြီး ထာဝရငြိမ်းချမ်းရန်အတွက် မကြာခင်ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အရေးကြီးသည့်အချက်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဖြစ်ပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မှသာ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အခြေခံလိုအပ်ချက်ြ ဖစ်သည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ များပါ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများကြားတွင် တည်ရှိနေသည့် သံသယများ ပြေပျောက်စေရန် တွေ့ဆုံညှိနှိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်စည်းလုံးညီညွတ်ရေးရရှိအောင် ဆောင်ရွက်မှုသည် နိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း၊ အမျိုးသားအားလုံး၏လိုအင်ဆန္ဒများ၊ သံသယများ၊ လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာနိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လမ်းဖွင့်ထားပါကြောင်း ပြောကြားသည်။

ယင်းနောက် “၀”အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက “၀”အဖွဲ့အစည်းအနေဖြင့် သမ္မတကြီး၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု ဖြစ်စဉ်များနှင့် တိုးတက်မှုများအပေါ် ထောက်ခံကြိုဆိုပါကြောင်း၊ တပ်မတော်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ယုံကြည်မှုတိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း၊ “၀”ဒေသသည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် “၀”ဒေသအနေဖြင့် ခွဲထွက်သည့် မူမျိုးကို ဆောင်ရွက်မည်မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးလမ်းကို ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ပါကြောင်း၊ “၀”ဒေသတွင် စီးပွားရေးဖွံ့ဖြိုးမှု ကောင်းမွန်အောင်လုပ်ဆောင်သွား မည်ဖြစ်ပြီး မူးယစ်ဆေးဝါး လုံးဝပပျောက်အောင်လည်း ကိုင်တွယ်သွားမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ ဆည်မြောင်းကဏ္ဍများကို ဆက်လက်အကူအညီပေးရန် မျှော်လင့်ပါကြောင်း၊ လာမည့်ဇန်နဝါရီလတွင် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်တက် ရောက်ရန်ဖိတ်ကြားမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့ပြင် တွေ့ဆုံပွဲသို့တက်ရောက်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှ ဦးမြင့်စိုးတို့က ငြိမ်းချမ်းရေးနှင့်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)မှ ဦးခင်ဇော်ဦး၊ တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ညပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့သည် “၀” အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment