Tuesday, December 29, 2015

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်


ရန်ကုန် ဒီဇင်ဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကကျင်းပသည့် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သိမ်းတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသော ဒေါ်စန်းစန်း နွယ်နှင့် ဒေါက်တာမြင့်သိန်း၊ မြန်မာ နိုင်ငံဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးထင်လင်း နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်တို့က ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် မြန်မာနိုင်ငံဓာတ်ပုံ အသင်းဥက္ကဋ္ဌက ဆုများရွေးချယ် ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ဆုရရှိသူများကိုယ်စား ပထမဆုရ ဦးကျော်ဗိုလ်ဗိုလ်ဟန်က ကျေးဇူးတင်စကားပြောကြားသည်။

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ''အေးချမ်းသာယာ ပြည်မြန်မာ''ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပထမဆုကို ကျော်ဗိုလ်ဗိုလ်ဟန်၊ ဒုတိယဆုကို ဇေယျာလင်း၊ တတိယဆုကို မျိုးမင်းကြွယ်(ရွှေတောင်ကြား)၊ အထူးဆု(၁)ကို ပြည်စိုးထွန်း (ပန်းချီ)၊ အထူးဆု(၂)ကို ဦးမြင့်ဆန်း(မြတ်သူဓာတ်ပုံ)၊ အထူးဆု(၃)ကို ဌေးလွင် (အမရပူရ)၊ အထူးဆု(၄)ကို ဇေယျာလင်းနှင့် အထူးဆု(၅)ကို ပြည်စိုးထွန်း(ပန်းချီ)တို့က ရရှိကြသည်။

အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ်သုံးသိန်း ခွဲ၊ တတိယဆု ငွေကျပ်နှစ်သိန်း၊ အထူးဆု ငွေကျပ်တစ်သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်ကြား ရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း- ရီရီမြင့်၊

ဓာတ်ပုံ- ဇော်မင်းလတ်

No comments:

Post a Comment