Tuesday, December 29, 2015

(၁၆)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော် များညီလာခံကျင်းပ


နေပြည်တော်  ဒီဇင်ဘာ၂၉

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော် များညီလာခံ နံနက်ပိုင်းအစီအစဉ်ကို ယနေ့နံနက် ၁၀) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် တက်ရောက် အားပေးသည်။

ညီလာခံနံနက်ပိုင်းအစီအစဉ်တွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းမှ တိုင်းရင်းဆေး သမားတော်ကြီးများ ဖြစ်ကြသော ဦးမောင် ဥာဏ်၊ ဦးသန်းညွန့်နှင့်  ဦးပေါညိမ်းတို့က ဆောင်ရွက်ကြသည်။


ရှေးဦးစွာ သဘာပတိ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က အမှာစကား ပြောကြားသည်။ယင်းနောက် ညီလာခံအဆိုပြုချက်များဖြစ်သော ''တိုင်း ဒေသကြီး/ ပြည်နယ်များတွင် ဝန်ထမ်းများ နှင့် ပြင်ပတိုင်းရင်းဆေးပညာရှင်များပူးပေါင်း၍ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာ အဆင့်အတန်း တိုးတက်မြင့် မားလာစေရန်''၊ ''တိမ်မြုပ်ပျောက်ကွယ်လုနီးပါဖြစ်နေသော တိုင်းရင်းဆေး ပညာရောဂါရှာဖွေနည်း စနစ်များအား ပြန်လည်ဖော်ထုတ်၍ လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်''၊ '' မြန်မာ့တိုင်းရင်း ဆေးပညာ၏ သမားစဉ်ကုထုံးနည်းစနစ်များနှင့် အစွမ်းထက်ဆေးဝါးများကို တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေး ကုသဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်'' စသည့် အဆို(၃)ရပ်ကို ညီလာခံ ကိုယ်စားလှယ်များက အဆိုတင်သွင်းခြင်းနှင့် ထောက်ခံဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြရာ သဘာပတိက ပြန်လည်သုံးသပ် ဆွေးနွေးသည်။

ညီလာခံနေ့လယ်ပိုင်းအစီအစဉ်တွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်ကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးကောင်စီဝင် ဦးသန်းထွန်းနှင့် ဦးဝင်းကို၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းမှ ဦးဝထွန်းနှင့် ဦးထင်ကျော်တို့က ဆောင်ရွက်ကြပြီး အဆိုပြုချက်(၂)ရပ် ဖြစ်သော ''မိမိတို့ပတ်ဝန်းကျင်ရှိ ပရဆေး ပင်များအကြောင်းကို ပြည်သူလူထုက သိရှိနားလည် အသုံးပြုလာနိုင်စေပြီး တိုင်းရင်းဆေးဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုတိုးတက်ဖော်ဆောင်နိုင်စေရန်''''အရည်အသွေးစစ်မှန်သော ပရဆေးကုန်ကြမ်း ပစ္စည်းများ ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် အဆင့်မှစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည် အထိ ပညာပေးစည်းရုံးဆောင်ရွက်ရန်'' စသည့်အဆို(၂)ရပ်ကို ညီလာခံကိုယ်စားလှယ် များက အဆိုတင်သွင်းခြင်းနှင့် ထောက်ခံဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြသည်။


ထို့နောက် သဘာပတိက ညီလာခံမှချမှတ်သည့် ဆုံးဖြတ်ချက်များအား ညီလာခံ ကိုယ်စားလှယ်များထံမှ ဆန္ဒရယူခဲ့ပြီး အဆိုပြုချက်များအား မှတ်တမ်းတင်အတည်ပြုသည်။ ယင်းနောက် သဘာပတိ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က အမှာစကားပြောကြားကာ (၁၆)ကြိမ်မြောက်မြန်မာ့တိုင်းရင်း ဆေးသမားတော် များညီလာခံကို ညနေပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး မြန်မာ့တိုင်းရင်း သမားတော်များ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ(၃၀)ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment