နေပြည်တော် ဒီဇင်ဘာ
၂၉
ပြည်ထောင်စုလွှတ်တော်
၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က
ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ အထူးကုန်စည်ခွန် ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေးခြင်းတို့ ဆောင်ရွက်သည်။
ယနေ့အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးကိစ္စနှင့်
စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးကြသည်။
ရွှေပြည်သာမဲဆန္ဒနယ်မှ
ဦးတင်မောင်ဦးက ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်ကြေညာကာ အမိန့်ကြေညာစာ ထုတ်ပြန်သည့်ကိစ္စသည်
နိုင်ငံတော်နှင့် ရခိုင်ပြည်နယ် အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း၊
လက်ရှိအစိုးရ အဖွဲ့၏ ကျန်ရှိသည့် သက်တမ်းအတွင်း
စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိနိုင်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ၏
အစိုးရသက်တမ်းငါးနှစ်တွင် ကာလတို စီမံကိန်း များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သော်လည်း
ကာလလတ်၊ ကာလရှည် စီမံကိန်းများ ဆောင်ရွက်ရာတွင် အစိုးရအဆက်ဆက် လွှဲပြောင်းရမည်မှာ လုပ်ငန်း
သဘာဝဖြစ်ပါကြောင်း၊ ယခုစီမံကိန်းနှင့် ပတ်သက်၍ နယ်နိမိတ်သတ်မှတ် ခြင်းကို ပြည်ထောင်စုလွှတ်တော်၏
အဆုံးအဖြတ်ရယူသင့်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ခြင်းကို လာမည့်အစိုးရလက်ထက်တွင် ပိုမိုပြည့်စုံစွာဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတော်အတွက် အကျိုးရှိ အောင် အစိုးရအဆက်ဆက်
လွှဲပြောင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
ပုလဲမဲဆန္ဒနယ်မှ
ဒေါ်ခင်စန်းလှိုင်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း သည် နိုင်ငံတော်နှင့် ရခိုင်ပြည်နယ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့သော် စီမံကိန်းလုပ်ငန်းပမာဏ
ကြီးမားသည့်အတွက် စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ နိုင်ငံနှင့်
ပြည်သူအကျိုး အတွက် ပြုလွယ်ပြောင်းလွယ်သည့် သဘောတူညီမှုများ ရှိရန်လည်း လိုအပ်ပါကြောင်း
ဆွေးနွေးသည်။
ရခိုင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအေးမောင်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် သဘာဝက ထူးခြားစွာပေးထားသော
တန်ဖိုးရှိသည့် ရေနက် ဆိပ်ကမ်းတစ်ခုဖြစ်သည့်အတွက် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ဆောင်ရွက်ခြင်း ကို ကြိုဆိုပါကြောင်း၊
ထို့ပြင် ကျောက်ဖြူရေနက် ဆိပ်ကမ်းသည် BICM Economic Corridor ၏ လမ်းကြောင်းတွင် တည်ရှိပါကြောင်း၊
ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် မဟာဗျူဟာမြောက် မိတ်ဖက်၊ နိုင်ငံရေးမိတ်ဖက်၊
စီးပွားရေး မိတ်ဖက်စသည့် ဆက်စပ်မှုများကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်ပါကြောင်း၊ ထို့ပြင်
နိုင်ငံတကာ မိတ်ဖက်ကောင်းမွန်သည့် ကုမ္ပဏီများ၏ ပါဝင်မှုကို ထည့်သွင်းစဉ်းစား သင့်ပါကြောင်း
ဆွေးနွေးသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်မှ
ဒေါ်စန္ဒာမင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင် တိုင်းရင်းသားများအပြင် ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်
လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် နောင်လာမည့်အစိုးရသည်
ယခုသဘော တူညီချက်များကို ဆက်လက်တာဝန်ယူကာ နိုင်ငံသားများ အကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်အောင်
ပြုလွယ်ပြောင်းလွယ်နိုင်သည့် သဘောတူညီချက်များ ထည့်သွင်းရေးဆွဲပေးရန် လိုအပ်ပါကြောင်း
ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏
ဆွေးနွေးမှုများအပေါ် ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမြင့်သိန်းနှင့် အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့က ပြန်လည်
ရှင်းလင်းဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်
စပ်လျဉ်း၍ လွှတ်တော်နာယက က ယခုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် စီးပွားရေးဇုန်တည်ဆောက်မှုကို
လိုလားနှစ်ခြိုက်ပါ ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေညာသည့် အမိန့်
ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ သဘောတူမတူ ဆုံးဖြတ်ရန်ဖြစ်ပါ ကြောင်း၊
ကျန်သည့် Business Model မှာ နောင်တက်လာမည့် အစိုးရနှင့် အဖွဲ့ အစည်းများက ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ်
သတ်မှတ်ကြေညာသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ
ထောက်ခံ ဆန္ဒမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ
ပေးပို့သော အထူးကုန်စည်ခွန်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာလင်းအောင်က ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များနှင့်အညီ အတည်ပြုပေး
စေလိုကြောင်းရှင်းလင်းကာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ဆွေးနွေးပြီး
တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယနေ့အစည်းအဝေးတွင်
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်
ဖားကန့်ဒေသ၌ ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်မည့် နည်းလမ်းသုံးခုနှင့်စပ်လျဉ်း၍
ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်၍ အကျိုးရှိမည့် နည်းလမ်းများကို အလေးအနက်ထား ပြန်လည်သုံးသပ်စီမံဆောင်ရွက်ပေးနိုင်ပါရန်
နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ ထားကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။



No comments:
Post a Comment