Tuesday, December 29, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂ဝ၁၅ ခုနှစ်တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ တက်ရောက် လာကြပါသော တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင်အပေါင်းတို့ ခင်ဗျား။

ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သော မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံကြီးသည် ယခုနှစ်တွင် (၁၆)ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအကြိမ်ဆိုလျှင် နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြသော တိုင်းရင်းဆေးပညာရှင်ကြီးများအချင်းချင်းနှင့် မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်တို့ ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံ၊ ဆွေးနွေး၊ နှီးနှောဖလှယ်ခွင့် ရရှိခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုခွဲပင် ကျော်လွန်လာခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ အခါသမယတွင် ညီလာခံကိုယ်စားလှယ်တော်ကြီးများ အားလုံးကို ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သအပ် ပါသည်။


ညီလာခံကိုယ်စားလှယ် တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင်အပေါင်းတို့သည် ညီညွတ်ချစ်ခင်စွာ ဆုံစည်းကြပြီး ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်စေရေးကို ရည်မှန်းလျက် မိမိတို့၏ အတွေ့အကြုံ၊ အတွေးအခေါ်နှင့် စေတနာမှန်၍ အပြုသဘော ဆောင်သော အမြင်များကို ဖလှယ်ကြ၊ ဆွေးနွေးတိုင်ပင်ကြရင်း ကောင်းမွန်သော မြန်မာ့တိုင်းရင်းဆေး သမိုင်းအမွေအနှစ် များကို ချန်ရစ်ထားနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

ယခုလို မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံအဆက်ဆက်တွင် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ စီမံခန့်ခွဲရေးနှင့် ကုသရေးကို ဆောင်ရွက်ပေးရသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီဝင် ကိုယ်စားလှယ်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာအသင်းမှ ကိုယ်စားလှယ်များ၊ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်း ဆေးပညာရှင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးနှင့်နှီးနွှယ်သော ပညာရှင်ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖလှယ်ကြပြီး မြန်မာ့ တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ဖွယ်ရာများကို ဖော်ဆောင်နိုင်ခဲ့ကြ မည်မှာ မလွဲဧကန်ဖြစ်မည်ဟု ယုံကြည်မိပါသည်။

လူ့အဖွဲ့အစည်းတစ်ခု၏ ကဏ္ဍနယ်ပယ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရသည်မှာ အချိန်တိုအတွင်းဆောင်ရွက်နိုင်သည်များ ရှိသလို အချိန်ကာလနှင့်ရင်းပြီးမှပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ကြ ရသည်များလည်း ရှိတတ်ကြပါသည်။ နိုင်ငံတော်အစိုးရအဆက်ဆက်မှာလည်း မိမိတို့၏ ဘိုးဘွားအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းခဲ့ကြသည်သာ ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းဆေးပညာရှင်တို့က စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်ပါသည်။ သို့မှသာ မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေးနှင့် ဂုဏ် သိက္ခာမြင့်မားတိုးတက်မှုနှင့်အတူ ပြည်သူလူထု ကျန်းမာရေးကို ပိုမို စောင့်ရှောက်လာနိုင်မည်ဖြစ်ပါသည်။

တိုင်းရင်းဆေးသမားတော်ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား-

ယနေ့ခေတ်ကာလသည် မိမိတို့နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒများ၊ ပြည်သူလူထု၏ လက်တွဲညီညီပူးပေါင်းမှုများနဲ့အတူ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လျက် ရှိပါသည်။ ယခုညီလာခံကြီး တက်ရောက်လျက်ရှိသော တိုင်းရင်းဆေး သမားတော်ကြီးများသည် မိမိတို့နိုင်ငံနှင့် ပြည်သူလူထုကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကျန်းမာကြံ့ခိုင်သော ပြည်သူများဖြစ်အောင် ကိုယ်စားလှယ်ကြီးများ တတ်မြောက်သည့် တိုင်းရင်းဆေးပညာဖြင့် ပိုမိုစောင့်ရှောက်နိုင်ရေးကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ပါသည်။ မြန်မာပြည်သူတို့သည် မြန်မာ့တိုင်းရင်းဆေး ပညာကို အားကိုးအားထားပြုခဲ့ကြ၊ ပြုနေဆဲဖြစ်ပြီး နောင်တွင်လည်း တိုင်းရင်းဆေးအပေါ်မှီခိုအားထားမှု ပြုနေကြဦးမည်သာ ဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် မြန်မာလူမျိုးတို့သည် မိမိတို့၏ လူမျိုး၊ ဘာသာ၊ သာသနာတို့ကို ဘိုးဘွားအမွေအနှစ်အဖြစ် ယုံကြည်မြတ်နိုးစွာ လက်ခံကျင့်သုံးတတ်သော အမျိုးအနွယ်များ ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာ သည် မိမိတို့အတွက် အရေးပါသော ဘိုးဘွားအမွေအနှစ် ဆေးပညာရပ် ဖြစ်ပါသည်။ သို့ပါသောကြောင့် မြန်မာ့တိုင်းရင်းဆေးပညာရပ် ထိန်းသိမ်းစောင့် ရှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ညီလာခံကိုယ်စား လှယ်များအားလုံးက လက်တွဲပူးပေါင်းဆောင်ကြဉ်းကြပါရန် တိုက်တွန်းအပ်ပါ သည်။

မြန်မာ့တိုင်းရင်းဆေးသမားတော်ညီလာခံ ကိုယ်စားလှယ်ကြီးများ ခင်ဗျား-

ယနေ့ခေတ်ကာလအထိ မြန်မာ့တိုင်းရင်းဆေးလောက ခိုင်ခံ့တည်မြဲ အောင် အခြေခံတည်ဆောက်ထားခဲ့ပြီး အခြေအနေများရှိနေပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေးပညာရှင်မျိုးဆက်တို့ စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင် မွေးထုတ်ရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်ကို ထူထောင်နိုင်ခဲ့ပြီးဖြစ်ပါသည်။တိုင်းရင်းဆေးပညာရှင်များ မိမိတို့တတ်မြောက်သောပညာဖြင့် ပြည်သူလူထု အား ကျန်းမာရေးစနစ်တကျ စောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းဆေး ကောင်စီဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ပြည်သူလူထုကို အရည်အသွေး စစ်မှန်သော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး ပံ့ပိုးနိုင်ရေးအတွက် တိုင်းရင်းဆေးဝါးဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများ ကိုအဆင့်မြှင့်သင့်သည်များ အဆင့်မြှင့်၊ တိုးချဲ့ဖွင့်လှစ်သင့်သည်များကိုလည်း တိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းကြီးကိုပါ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး ဆေးဆရာများ၏ ညီညွတ် ပေါင်းစည်းမှုဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးရှေးရှုလုပ်ကိုင် ဆောင်ရွက် လျက်ရှိပါသည်။ ဤကဲ့သို့သော အခြေခံကောင်းများသည် တိုင်းရင်းဆေးပညာ ဖြင့် ပြည်သူ့ကျန်းမာရေးရှေးရှု၍ ဆတက်ထမ်းပိုး ကြိုးစားအားထုတ်နိုင်ကြဖို့ အခွင့်အလမ်းကောင်းများ တည်ဆောက်ပေးထားခြင်းပင် ဖြစ်ပါသည်။

ယနေ့ခေတ်အခါတွင် ခေတ်မီဆေးသိပ္ပံနည်းစနစ် စွမ်းပကားဖြင့် လူသားတို့တွင်ဖြစ်ပေါ်နိုင်သော ရောဂါဝေဒနာ အမျိုးမျိုးကို ရှာဖွေ၊ သိရှိ၊ ကုစားနိုင်သော အနောက်တိုင်းဆေးပညာရပ်ကို အားကိုးအားထားပြုကြရ သကဲ့သို့ အခြားတစ်ဖက်တွင်လည်းသမုဋ္ဌာန် လေးပါးဟု ခေါ်ဆိုသော ကံ၊ စိတ်၊ ဥတု၊ အာဟာရညီညွတ်မျှတအောင် နေထိုင်ကျင့်ကြံစားသောက် ကြရသည့်သဘော၊ ဥတုဘောဇနသင်္ဂဟကျမ်းလာ ပူခြင်း၊ အေးခြင်းတည်းဟူသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် နေထိုင်စား သောက်ကြရသည့် သဘောတို့ကို လမ်းညွှန်ပြဆိုထားသော မြန်မာ့တိုင်းရင်း ဆေးအနှစ်သာရများကလည်း ရောဂါဘယမဖြစ်ပွားဘဲ ကျန်းမာသက်ရှည် ရေးအတွက် မဖောက်မပြန် မှန်ကန်သော အားကိုးထိုက်သည့် ပညာရပ် သဘောတရားများပင် ဖြစ်ပါသည်။ ယနေ့ခေတ်ကာလတွင် မြန်မာတို့ သာမက ကမ္ဘာ့လူမျိုးအသီးသီးတို့သည် သဘာဝဆေးပညာနှင့် သဘာဝ အစားအစာ၊ ဆေးဝါးများကို ပိုမိုအားကိုးလာသည်ကို သတိပြုနိုင်ကြပါသည်။ သို့ဖြစ်၍ သဘာဝဆေးများဖြင့် ဖော်စပ်သော တိုင်းရင်းဆေးဝါးများနှင့်တကွ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများ တတ်မြောက်သည့် မြန်မာ့တိုင်းရင်း ဆေးပညာ၏အခန်းကဏ္ဍသည် တစ်စထက်တစ်စ ပိုမိုကြီးမား ကျယ်ပြန့်လာပြီလို့ ဆိုရမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရှင်များအချင်းချင်း တွေ့ဆုံကြုံကြိုက်ခွင့်ရကြသည့် (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် ညီလာခံအခါသမယတွင် ညီလာခံ ကိုယ်စားလှယ်ကြီး များသည် မိမိ တို့ ကိုယ်တိုင်ပါဝင်သော ပြည်သူလူထုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးနှီးနှောဖလှယ် နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။


မင်္ဂလာရှိသော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံအခါ သမယတွင် ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်လည်း နှလုံးစိတ်ဝမ်းအေးချမ်း ကြပါစေကြောင်း၊ ပြည်သူလူထုအားလုံးသို့လည်း ကျန်းမာသုခပြည့်စုံ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

No comments:

Post a Comment