Tuesday, December 29, 2015

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမှတ်(၁၃) အကြီးစား စက်ရုံခွဲ (မြင်းခြံ)နှင့် အမှတ်(၂၅) အကြီးစားစက်ရုံ(မြိုင်)တို့အား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ (၂၉)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒီဇင်ဘာ(၂၈)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမှတ်(၁၃)အကြီးစား စက်ရုံခွဲ၊ ကုန်တင်ယာဉ်ဘီးဝင်ရိုး ထုတ်လုပ်မှုစီမံကိန်း(မြင်းခြံ)သို့ ရောက်ရှိပြီး စီမံကိန်း ရှင်းလင်းဆောင်၌ အထွေထွေမန်နေဂျာ ဦးကံချွန်က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်း လိုအပ်ချက်များကို မှာကြားပြီး Forging Shop အတွင်း စက်များတပ်ဆင်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုန်တင်ယာဉ်ဘီးဝင်ရိုး ထုတ်လုပ်မှုစီမံကိန်း(မြင်းခြံ)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ စက်မှုဝန်ကြီးဌာနတွင် ယခင်က စက်ရုံ၊ အလုပ်ရုံ (၁၄၄)ရုံရှိရာမှ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စက်ရုံ (၃၀)ရုံအား ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချခြင်းနှင့် စက်ရုံ(၅၈) ရုံအား ပုဂ္ဂလိကသို့ ငှားရမ်းခဲ့ပါကြောင်း၊ Automobile Industry နှင့် ဆက်စပ်သည့် စက်ရုံများကိုလည်း အခြားဝန်ကြီးဌာနသို့ ထပ်မံလွှဲပြောင်း ပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ လုပ်ဆောင်ချက် စိတ်ရင်းစေတနာများကို သိရှိနားလည်ပြီး ခံယူချက် မှန်ကန်ရန် လိုအပ်ကြောင်း၊ မိမိတာဝန် မိမိကျေပွန်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုက်သင့်သည့် စီမံမှုများဖြင့် ဆောင်ရွက်ပေးနိုင်သည်ကို ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို အထူးကြိုးစား ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

ဆက်လက်၍ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၅) အကြီးစားစက်ရုံ(မြိုင်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

No comments:

Post a Comment