နေပြည်တော် ဒီဇင်ဘာ
၂၉
(၁၆)ကြိမ်မြောက်
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း တက် ရောက် အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းဆေးသမားတော်ကြီးများ၊
တိုင်းရင်းဆေး ကောင်စီနှင့်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနား၌
ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံကို နှစ်စဉ်ကျင်းပခဲ့သည်မှာ
ယခုနှစ်ဆိုလျှင် (၁၆)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပနိုင်မှုဖြင့် ကျေနပ်တင်းတိမ်မနေကြဘဲ ညီလာခံ
အဆက်ဆက်၌ ခေတ်ကာလနှင့် လိုက်လျော ညီထွေမှုရှိသည့် အဆိုပြုချက်၊ ထောက်ခံချက်၊ ဆွေးနွေးချက်များ
ပြုလုပ်ပြီး ချမှတ်ပေး သည့် လုပ်ငန်းစဉ်များကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်အောင်
စုပေါင်း အားထုတ်ကြရန်လိုအပ်ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်လာမှုအဆင့်ဆင့်ကို
ပြန်ကြည့်မည် ဆိုပါက ၁၉၅၃ ခုနှစ်တွင် တိုင်းရင်းဆေးမြှင့်တင်ရေးရုံးကို ကျန်းမာရေးဦးစီးဌာန
အောက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင်
ကျန်းမာရေးဝန်ကြီးဌာန၌ တိုင်းရင်း ဆေးပညာ ဦးစီးဌာနကို သီးခြားဌာနအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။
၁၉၇၆ ခုနှစ်တွင်
တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး အတွက် မန္တလေးတိုင်းရင်းဆေးသိပ္ပံကျောင်းကို
ဖွင့်လှစ်ပြီး ဒီပလိုမာအဆင့် ပညာရှင် များ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင်
တိုင်းရင်းဆေးကောင်စီဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး တိုင်းရင်းဆေးဆရာ (တဆ)လက်မှတ်များ
ထုတ်ပေးခဲ့ပါကြောင်း၊ ထို့နောက် ၂၀၀၁ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်လှစ်ပြီး
ဒီဂရီဘွဲ့အဆင့် ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။
၂၀၁၄ ခုနှစ်တွင်
၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းဆေးဝါးဥပဒေကို ပထမအကြိမ်ပြင်ဆင်ခဲ့ပြီး ယင်းဥပဒေနှင့်အညီ
အမျိုးအစားနှင့် အရည်အသွေး မှန်ကန်သည့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်
ထုတ်လုပ်ရေးလိုင်စင်များကို စိစစ်ထုတ်ပေးခဲ့ပါကြောင်း။
တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့်
ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ (၃)ရုံ၊
ခုတင်(၅၀)ဆံ့ ဆေးရုံ(၉)ရုံ၊ (၂၅) ခုတင်ဆံ့ ဆေးရုံ(၄)ရုံ၊ (၁၆)ခုတင်ဆံ့ ဆေးရုံ(၄)ရုံ၊
ခရိုင်တိုင်းရင်းဆေးပညာဦးစီး ဌာနမှူးရုံး(၅၀)နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန(၂၁၀)ကို
ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့သော် တိုင်းရင်းဆေးဆိုင်ရာ
လုပ်ဆောင်ဖွယ်ရာများစွာ ကျန်ရှိနေပါကြောင်း၊ ၎င်းတွင် မြန်မာ့တိုင်းရင်းဆေး ကုထုံးစနစ်နှင့်
တိုင်းရင်းဆေးဝါးများ၏ အစွမ်းထက်မြက်မှု အပေါ်
သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
သုတေသနပြုသည်ဆိုသည်မှာ
အထောက်အထားခိုင်လုံအောင် ပြနိုင်ရန်ဖြစ်ရာ တိုင်းရင်းဆေးဆရာများ အနေဖြင့် မိမိကုထုံးစနစ်ကို
မှတ်တမ်းမှတ်ရာ သေချာစွာထား ရှိပြီး ကုထုံးစနစ်၏
အားသာချက်၊ အားနည်းချက်များကို ရိုးသားစွာ မှတ်တမ်းပြုစု ကြရန်လိုအပ်ပြီး ၎င်းမှတ်တမ်းမှတ်ရာများကို
စနစ်တကျ ပြုစု၍ သက်သေ အထောက်အထားများနှင့် တင်ပြနိုင်ရန် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း
သိပ္ပံသုတေသီပညာရှင်များအနေဖြင့် သဘာဝတိုင်းရင်းဆေးဝါးများ၏ အန္တရာယ် ကင်းရှင်းမှု၊ အရည်အသွေး
အဆင့်အတန်းနှင့် အာနိသင် ရှိမှုနှင့် မရှိမှုများကို သုတေသန ပြုလုပ်ကြစေလိုပါကြောင်း၊
ယင်းမှတစ်ဆင့်တက်ပြီး ဆေးဝါးဗေဒ၊ သစ်တော၊ စိုက်ပျိုးရေး၊ ဆေးပညာစသည့် နှီးနွယ်သောဘာသာရပ်အသီးသီးမှ
ပညာရှင်များနှင့်ပေါင်းစပ်၍ သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။
တစ်ချိန်တည်းတွင်
မြန်မာနိုင်ငံ၏ ရေမြေတောတောင်အတွင်း ပေါက်ရောက်
သည့် အစွမ်းထက်ဆေးပင်များကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးပွားရန်နှင့် စိုက်ပျိုး
ထုတ်လုပ်အသုံးချနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတထံမှ (၁၆) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံသို့
ပေးပို့သည့် ဂုဏ်ပြု သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဖတ်ကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည်
အဆိုပါအစည်းအဝေးခန်းအတွင်း၌ ခင်းကျင်း ပြသထားသော တိုင်းရင်းဆေးသမားတော်များ ထုတ်လုပ်ထားသည့်
တိုင်းရင်းဆေး ဝါးများကို လှည့်လည်ကြည့်ရှုသည်။
ဖွင့်ပွဲအပြီးတွင်
(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ညီလာခံတွင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် ၀န်ထမ်းများနှင့် ပြင်ပတိုင်းရင်းဆေးပညာရှင်များပူးပေါင်း၍ စဉ်ဆက်မပြတ်
တိုင်းရင်းဆေး ပညာဆိုင်ရာ ဆွေးနွေးပွဲများဆောင်ရွက်ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေး
ပညာရှင်များ၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တိမ်မြုပ်
ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိုင်းရင်းဆေးပညာရောဂါ ရှာဖွေနည်းစနစ်များအား ပြန်လည်ဖော်ထုတ်၍
လက်တွေ့အသုံးချနိုင်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ် ကုထုံးနည်းစနစ်များနှင့်
အစွမ်းထက်ဆေးဝါးများကို တိုင်းရင်းဆေးရုံနှင့် တိုင်းရင်း ဆေးကုဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး
ကြိုးပမ်းဆောင်ရွက်ရန်၊ မိမိတို့ပတ်ဝန်း ကျင်ရှိ ပရဆေးပင်များအကြောင်းကို ပြည်လူလူထုက
သိရှိနားလည် အသုံးပြုလာနိုင် စေပြီး တိုင်းရင်းဆေးဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို
ပိုမိုတိုးတက်ဖော် ဆောင်နိုင်စေရန်၊ အရည်အသွေးစစ်မှန်သော ပရဆေးကုန်ကြမ်းပစ္စည်းများရရှိရေး
အတွက် တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နိုင်သည်အထိ ပညာပေး
စည်းရုံးဆောင်ရွက်ရန် စသည့် အဆိုပြုချက်(၅)ချက်ကို တင်သွင်းခြင်း၊ ထောက်ခံ ဆွေးနွေးခြင်းနှင့်
ဆုံးဖြတ်ချက်ရယူခြင်းတို့ ဆောင်ရွက်ကြပြီး ဒီဇင်ဘာ ၃၀ ရက်တွင် လည်း အဆိုပါခန်းမ၌ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ
နှီးနှောဖလှယ်ပွဲကို ဆက်လက် ကျင်းပမည်ဖြစ်သည်။
ညပိုင်းတွင် (၁၆)ကြိမ်မြောက်
တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ
တိုင်းရင်းဆေး သမားတော်ကြီးများအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌
ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။



No comments:
Post a Comment