Monday, December 28, 2015

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့)ပညာ သင်ကြားနေသော ကျောင်းသား/သူများနှင့် တွေ့ဆုံ


၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်တွင် ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့)ပညာ သင်ကြားနေသော ပထမ နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/သူများနှင့် တွေ့ဆုံ၍ အားပေး စကားပြောကြားခဲ့ပါသည်။


အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုးဖွံ့ဖြိုး တိုးတက်နေချိန်တွင် ခရီးသွားလုပ်ငန်းပညာရပ်များအား စိတ်ဝင်စားဖွယ် ကြိုးစားသင်ယူနေကြသော မောင်/မယ်များ အားလုံးကို ဝမ်းမြောက် ဝမ်းသာကြိုဆိုပါကြောင်း၊ ခရီးသွားလုပ်ငန်းပညာအား စိတ်ဝင်တစား အပတ်တကုတ် ကြိုးစားကြ၍ နောက်ဆုံးနှစ်သို့ ရောက်ရှိနေကြသော ကျောင်းသား/သူများအား ဂုဏ် ယူသကဲ့သို့ ယခုမှစတင်၍ ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူများလည်း အနာဂတ်တွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမည့်ခရီးသွားလုပ်ငန်းနယ်ပယ် အတွင်း ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် ယခုကတည်းကပင် ကြိုးစားလေ့လာ ဆည်းပူးကြရန် မှာကြားလိုပါကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ်ပြု စိတ်ဝင်စားလာကြသည်နှင့်အညီ မိမိတို့ အပိုင်းက ဝန်ဆောင်မှုအဆင့် မြင့်မားလာစေရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လည်း အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့မှလည်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ အရည်အသွေး ပြည့်မှီ၊ ကျွမ်းကျင်သော ဝန်ထမ်းများကို မွေးထုတ်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့စနစ် တကျအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ခရီးသွားလုပ်ငန်းပင်မစီမံကိန်း တွင်လည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်သည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်၍ ပြည်တွင်းမှ ပညာရှင်များသာမက ပြည်ပအဖွဲ့အစည်း များကပါ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ လူဇင်ဘတ်နိုင်ငံမှ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပညာရေးကဏ္ဍများအတွက် အဓိကထား၍ (၅)နှစ် စီမံကိန်းဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းပညာ ရေးတွင်လည်း လက်ရှိသင်ကြားနေသော ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့)မှ မဟာဘွဲ့ သင်တန်းများအထိ ပို့ချပေးနိုင်ရန် အတွက် စီစဉ်လျှက် ရှိပါကြောင်း၊ ဦးစွာပထမ ဆရာ/ဆရာမများအား လေ့ကျင့်သင်ကြားပေးပြီး နောက်တစ်ဆင့်အနေဖြင့် ကျောင်း သား/သူများ အတွက်လည်း ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အာဆီယံအတွင်း သာမက နိုင်ငံတကာအဆင့်မှီရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား/သူများ အနေဖြင့် လက်ရှိ သင်ကြားနေသော ဘာသာရပ်ဆိုင်ရာများအား တတ်သိနေရုံမျှမက ဘာသာစကားများနှင့် ခေတ်မှီသတင်း၊ အချက်အလက်နည်းပညာရပ် များတွင်လည်း ထူးချွန် ပြောင်မြောက်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း အကျယ် တဝင့်ပြောကြားသွားခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/သူများမှ သိရှိလိုသည်များအား မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး မှ ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်မှ ကျောင်း အုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့)ဘာသာရပ်တွင် ပညာသင်ကြားနေ သော ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

No comments:

Post a Comment