Monday, December 28, 2015

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဒီဇင်ဘာ  ၂၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် အစီအစဉ် ၁၃ခု ဖြင့်ကျင်းပရာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာခဏဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်း၊ ဖားကန့်ဒေသသို့ ရောက်ရှိနေသော စွမ်းအားကြီးမား သည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာဝ သယံဇာတများ ထုတ်လုပ် နေခြင်းတို့အပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံး ရှင်းလင်းဖြေကြားပေးရန် ကိစ္စ နှင့် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ် နိုင်ရေးကိစ္စ တို့အား ရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေကြမ်း ၄ ခု ကို ဖတ်ကြားဆွေးနွေး အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေး၌ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသည့် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေကြမ်းရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေကြမ်း နှင့် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများ ကို ပူးပေါင်းကော်မတီအတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမဲဆန္ဒနယ်မှ ဦးစောလှထွန်းက ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲသည့် ရာဇ ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပူးပေါင်း ကော်မတီတွဲဖက်အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ မြတ်ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ တင်ပြချက်အပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက်   ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာခဏ ဆုံးရှုံးမှုဖြစ်ပေါ်နေခြင်း၊ ဖားကန့် ဒေသသို့ ရောက်ရှိနေသော စွမ်းအားကြီးမားသည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်း နှင့် သဘာဝ သယာံတများ ထုတ်လုပ်နေခြင်းတို့အပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံး ရှင်းလင်းဖြေကြားပေးရန်ကိစ္စ နှင့်စပ်လျဉ်း၍ သတ္ထုတွင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန်းထွန်းအောင်က မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် လက်ရှိ အသုံးပြုနေသည့် စက်ယန္တရား အရေအတွက်မှာ ဘက်ဟိုး ၁၈၇၂ စီး၊ မြေသယ်ယာဉ် ၃၃၂၇ စီး ဖြစ်ပါကြောင်း၊ ရတနာနယ်မြေ အသီးသီးတွင် လုပ်ကိုင်ခွင့်ရ လုပ်ကွက်အကျယ် အ၀န်း(ဧက)အလိုက် အသုံးပြုသင့်သော စက်ယန္တရား အရေအတွက်နှင့် စက်ယန္တရားများ ၏ ၀န်ဆောင်နိုင် စွမ်းအားကို သတ်မှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်နေပါကြောင်း။

ထို့ပြင် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် ဥရုချောင်းနှင့် ချောင်းလက်တက်များ အတွင်းတွင်လည်းကောင်း၊ ချောင်း နှင့် ပေ ၃၀၀ အတွင်းတွင်လည်းကောင်း၊ လူနေအိမ်များနှင့် နီးကပ်သဖြင့် ဘေးအန္တရာယ် ရှိသည့် နေရာများအတွင်းတွင် လည်းကောင်း ကျရောက်လျက်ရှိသည့် လုပ်ကွက်များကို ပယ်ဖျက်ခဲ့ပါကြောင်း၊ ပယ်ဖျက်ခဲ့သည့် လုပ်ကွက်အရေအတွက်မှာ အကျိုးတူလုပ်ကွက် ၂၆ ကွက်၊ ဧရိယာ ၁၂၃၆ ဒသမ ၅၀ ဧက၊ ပုဂ္ဂလိကလုပ်ကွက် ၃၁၇ ကွက်၊ ဧရိယာ ၃၁၇ ဧကရှိပါကြောင်း၊ ပယ်ဖျက်ခဲ့သည့် လုပ်ကွက်များကို မြေပြန်လည်ဖို့စေပြီး ဒေသနှင့် ကိုက် ညီသော သစ်ပင်များကို ပြန်လည် စိုက်ပျိုးစေလျက်ရှိပါကြောင်း။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ရှိ အောက်ခံကျောက်သားများ သည် ယေဘုယျအားဖြင့် အရှေ့ဘက်သို့ ငိုက်စောင်းလျက်ရှိရာ အရှေ့ဘက်အရပ်သို့ ဆင်ခြေလျောရှိသော လျှိုများသည် သဘာဝတရားကြောင့် မြေပြိုကျရန် အလားအလာ ပိုမို ရှိသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ၁ရက်တွင် ကျောက်စိမ်း တူးဖော်မှုလုပ်ငန်းများ ပြန်လည်ခွင့်ပြုခဲ့သည့် အချိန်မှစတင်၍ ကုမ္ပဏီများ၏ တရားဝင်လုပ်ကိုင်ခွင့်ရ ကျောက်စိမ်း လုပ်ကွက်များ အတွင်းတွင်လည်းကောင်း၊ စွန့်ပစ်မြေစာပုံများ အနီးတွင် လည်းကောင်း တရားမ၀င် ကျောက်စိမ်းရိုင်းရှာဖွေသူ(ရေမဆေး)များ၏ ကျူးကျော်တဲများနှင့် ပျံကျဈေး ဆိုင်များသည် ဘေးအန္တရာယ် ဖြစ်ပွားနိုင်သဖြင့် တားဆီးဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် သတ္ထုတွင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း) အနေ ဖြင့် သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ပါကြောင်း၊

မြေစာများ စွန့်ပစ်စုပုံခြင်း လုပ်ငန်းအပါအ၀င် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေးအတွက် တူးဖော်ရာတွင် လှေကားထစ် ပုံသဏ္ဍာန် တူးဖော်စေခြင်း၊ အန္တရာယ်ရှိသည့် ကမ်းပါးယံများအနီး အဆောက်အအုံများ ဆောက်လုပ် နေထိုင်မှုမရှိစေခြင်း၊ လုပ်ငန်းခွင်ဝင်/ထွက်ရာ လမ်းကြောင်းများ မြေသားတည်ငြိမ် ကျစ်လစ်မှုရှိရန် ပြုလုပ်စေခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် မြေပြိုလေ့ရှိတတ် သဖြင့် တူးဖော်မှုလုပ်ငန်းများနှင့် မြေစာစွန့်ပစ်မှု လုပ်ငန်းများ ရပ်နားထားစေခြင်းနှင့် ပြိုကျ နိုင်သည့် နေရာများ၊ ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် နေရာများတွင်း ကန့်သတ်ဧရိယာမသွားရဧရိယာ ဆိုင်းဘုတ်များ စိုက်ထူခြင်းစသည့် အချက်များကို လိုက်နာဆောင်ရွက် သွားရန် ကြပ်မတ်သွားမည် ဖြစ်ပါကြောင်း။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရေး လုပ်ငန်း များကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီစနစ်တကျ စီမံခန့်ခွဲနိုင် ရေးအတွက် လည်းကောင်း၊ ရေမဆေးရှာဖွေသူများကို ထိရောက်သော အရေးယူဆောင် ရွက်မှုများ ပြုလုပ်၍ ဖယ်ရှားရှင်းလင်းနိုင်ရေး အတွက် လည်းကောင်း၊ ရတနာနယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးရှိစေရန်အတွက် အုပ်ချုပ်မှုအာဏာ သက်ရောက်မှုရှိရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်မှုအာဏာ သက်ရောက် ကောင်းမွန်ရန် အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့တို့သည် တပ်မတော်၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နည်းလမ်း(၁) လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း (သို့မဟုတ်) နည်းလမ်း (၂) ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း (သို့မဟုတ်) နည်းလမ်း(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဆောင်ရွက်ခြင်းဆိုသည့် နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း ရှင်းလင်းတင်ပြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၀ဦးက ဒေသ အတွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရေးနှင့် ရေမဆေးကျောက် ရှာဖွေသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ စသည်တို့ကို အကြံပြု ပါဝင်ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော်နာယကက မှတ်တမ်းတင်ကြောင်း ကြေညာ သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အဖြစ် သတ်မှတ်နိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စိတ်ကူးစီမံချက် ရေးဆွဲခြင်း၊ အကြံပေး ကုမ္ပဏီအား အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း၊ ရင်းနှီးတည်ထောင်သူများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းနှင့် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်းစသည့် အဆင့်(၄) ဆင့် ဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိပါကြောင်း။

အကောင်အထည်ဖော် လုပ်ဆောင်သည့် ၄ နှစ်တာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအနေဖြင့် ပထမအဆင့်ဖြစ်သည့် စိတ်ကူးစီမံချက် ရေးဆွဲခြင်းနှင့် ဒုတိယအဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီကို အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်၍ တတိယအဆင့် ဖြစ်သည့် ရင်းနှီး တည်ဆောက်သူများကို နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်ဖြစ်သည့် တင်ဒါရလာဒ်အား ကြေငြာရမည့် နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ စိတ်ကူးအစီအစဉ်ကို ရေးဆွဲရာတွင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် အတွေ့အကြုံရှိ ကျွမ်းကျင်သူ များ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများ၊ ဒေသခံပြည်သူ လူထုများ၏ ဆွေးနွေးအကြံပြုချက်များအရ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် အထူး စီးပွားရေးဇုန်ဖြစ်ရန်၊ အရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေသော အထူးစီးပွားရေးဇုန်ဖြစ်ရန်နှင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှု စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးသည့် အထူးစီးပွားရေးဇုန်ဖြစ်ရန်စသည့် မူများကို အခြေခံလမ်းညွှန်မူဝါဒများ အဖြစ်သတ်မှတ်၍ နောင်အကောင်အထည် ဖော်လာမည့် လုပ်ငန်းတိုင်းကို လမ်းညွှန်ပဲ့ထိန်း လုပ်ဆောင်ခဲ့ပါကြောင်း။

ထို့ပြင် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအတွက် ပိုမိုကောင်းမွန်သောလူနေမှု အဆင့်အတန်း (သင့်တင့်မျှတသော လျော်ကြေးငွေပေးခြင်း၊ မူလ၀င်ငွေထက် မနည်းသော အလုပ်အကိုင်များ အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခြင်း၊ မူလအနေအထားထက် တိုးတက်ကောင်းမွန်သောလူနေမှု အဆင့်အတန်းများ)ကိုပိုင်ဆိုင်နိုင်ရန် အစီအမံများ ပါရှိသည့် ကမ္ဘာ့ဘဏ်၏ Involuntary Resettlement Sourcebook ပါ လမ်းညွှန်ချက် စံချိန် စံညွှန်းများ နှင့်အညီ ပြန်လည်နေရာချထားခြင်းဆိုင်ရာ အစီအစဉ်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

၎င်းပြင် ဒေသခံများအတွက် ကျွမ်းကျင်မှုမြှင့်တင်သည့် သင်တန်းများညှိနှိုင်းဖွင့်လှစ် ပေးခြင်းတို့ကို စီစဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာအကဲဖြတ်ချက်၊ လူမှုဘ၀ အကျိုးသက်ရောက်မှု အကဲဖြတ် ချက်နှင့် ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်ချက် အပြည့်အစုံကိုရင်းနှီး တည်ဆောက်သူများမှ စီမံကိန်းများ အဆိုပြုသည့်အခါ တင်ပြကြရမည်ဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးအဆိုပြုဆောင်ရွက်ချက်သည် ယခင်အစိုးရများ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်း တာဝန်ဖြစ်သကဲ့ သို့ လာမည့်အစိုးရအဆက်ဆက် အတွက်လည်းလမ်းခင်းပေးခြင်းဖြစ်ပါကြောင်း။

ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက် ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများတည်ထောင်နိုင် ရေးအတွက် လိုအပ်သည့်မြေ ၄၂၈၉ ဒသမ ၃၂ ဧကနေရာသည် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအခန်း(၆)ပုဒ်မ ၁၂ ပါ အထူးစီးပွားရေးဇုန် တည်ထောင်ရန် လိုအပ်သည့် အခြေခံအချက်(၈)ချက်စလုံးပြည့်စုံသဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နမိတ်ဧရိယာအဖြစ် သတ်မှတ် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေငြာသည့် အမိန့် ကြေညာစာထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ရှင်းလင်းတင်ပြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့ကပါဝင် ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က ဆက်လက်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ဒီဇင်ဘာ၂၉ ရက်  နံနက်ပိုင်းတွင် ဆက်လက် ကျင်းပသွားရန် လျာထား ကြောင်း သိရသည်။

No comments:

Post a Comment