Tuesday, December 22, 2015

ဖားဆောင်းမြို့နယ်တွင် စက်မှုဇုန် သို့မဟုတ် စက်မှုရပ်ကွက်တစ်ခု တည်ဆောက်ပေးရန်နှင့်စပ်လျဉ်း၍ မေးမြန်း ဖြေကြား



ပြည်သူ့လွှတ်တော်အစည်းအဝေး
နေပြည်တော် ဒီဇင်ဘာ ၂၁
ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခု ပြည်ထောင်စုလွှတ်တော်၏ အဆုံး အဖြတ်ရယူရန် ဆုံးဖြတ်ခြင်း၊ ဥပဒေကြမ်း(၂)ခု ဆွေးနွေးရန် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ဥပဒေကြမ်း(၁)ခု
 

ရုပ်သိမ်းကြောင်း ဆုံးဖြတ်ခြင်း၊ ဥပဒေကြမ်း(၁)ခု ပြန်လည်ဆွေးနွေးရန် ဆုံးဖြတ်ခြင်း၊ ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်းနှင့် ဥပဒေကြမ်း(၁)ခု အမျိုးသားလွှတ်တော်၏ ပြင်ဆင် ချက်များအတိုင်း အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ရခိုင် တိုင်းရင်းသားများဖြစ်ကြသော မြိုနှင့်ခမီ တို့အား သီးခြားလူမျိုးများအဖြစ် အသိအမှတ်ပြုပြီးဖြစ်ရာ မြို(ခ)ခမီ(သို့) မြို/(ခ)ခမီဟု သုံးနှုန်းခြင်းသည် တရားဝင်မှု ရှိ/မရှိနှင့် မြို(ခ)ခမီအဖွဲ့အစည်း (မြို(ခ)ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့)ဟု ဖွဲ့စည်းထားခြင်း အပေါ် မည်သို့ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံ၌ ကောက်ယူခဲ့သော ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုးစု(၈)မျိုးတွင် တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးရှိ မြိုလူမျိုးနှင့် ခမီလူမျိုး များကို စိစစ်ရာတွင် ရခိုင်လူမျိုးစု(၇)မျိုး၌ မြိုလူမျိုးနှင့် ''ခမွီး''လူမျိုးများကိုသာ တွေ့ရပါကြောင်း၊ ခမီလူမျိုးသည် ချင်းလူမျိုးစု(၅၃)မျိုးတွင် ပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ မြိုလူမျိုးနှင့် ခမီလူမျိုးတို့သည် တိုင်းရင်းသားလူမျိုးစု တစ်ခုစီမှ သီးခြားလူမျိုးတစ်မျိုးစီသာ ဖြစ်သည်ကိုသာ တွေ့ရပါကြောင်း။
ထို့ပြင် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တိုင်းရင်းသား လူမျိုးစာရင်း ကြမ်းထွက်လာချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူပြီး သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ တိုင်းရင်းသား လူမျိုးအမည်များ သတ်မှတ် ပြီးမှသာလျှင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်သို့ အတည်ပြုချက်ရယူ၍ ထုတ်ပြန်ရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်မှ မြိုနှင့် ခမီတို့အား သီးခြားလူမျိုးများအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ရာ မြို(ခ)ခမီ (သို့) မြို/ခမီဟု သုံးနှုန်းခြင်းသည် တရားဝင်မှု ရှိ/မရှိနှင့် စပ်လျဉ်း ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြို(ခ)ခမီအမျိုးသား ညီညွတ်ရေး ပါတီ (မ.ခ.မ.ည.ဖ)အား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီမှ (မ.တ.ဖ.ပ)အမည်သို့ ပြောင်းလဲ သတ်မှတ်ထားပြီးဖြစ်ပါ ကြောင်း၊ မြို(ခ)ခမီ အမည်ပါ နိုင်ငံရေးပါတီဟူ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားခြင်း မရှိပါကြောင်း ဖြေကြားသည်။
ဖားဆောင်းမဲဆန္ဒနယ်မှ ဦရဲထွဋ်တင်(ကိုယ်စား) မယ်စဲ့မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်းက ကယားပြည်နယ်၊ ဘောလခဲခရိုင်၏ အဓိကအချက်အချာ ဒေသတစ်ခုဖြစ်သော ဖားဆောင်းမြို့နယ်တွင် စက်မှုဇုန် သို့မဟုတ် စက်မှု ရပ်ကွက်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ဖားဆောင်းမြို့နယ် သည် ကုန်းလမ်းခရီးဖြင့်ကောင်းမွန်နေပြီး စီးပွားရေး အဓိကကျသည့်မြို့ဖြစ် သော်လည်း မြေအနေအထားအရ စက်မှုဇုန်တည်ထောင်နိုင်ရန် မြေလုံလောက်မှု မရှိသဖြင့် မြို့ပြစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပါက စက်မှုဇုန် သို့မဟုတ် စက်မှုရပ်ကွက်တစ်ခု ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။
လက်ရှိအချိန်တွင် ပြည်နယ်၏မြို့တော်ဖြစ်သော လွိုင်ကော်မြို့တွင် စက်မှု ရပ်ကွက်အား စက်မှုဇုန်အဖြစ် တိုးမြှင့်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသော ကြောင့် လတ်တလောဆောင်ရွက်ပေးရန် မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ထို့ပြင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ''ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့ အစည်းများ ဥပဒေကြမ်း''နှင့် အမျိုးသား လွှတ်တော်က အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပေးပို့ လာသည့် ''ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာ တူးမြောင်းဥပဒေကြမ်း''တို့ကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကအတည်ပြုသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပေးပို့သည့် ''လျှပ်စစ် နည်းပညာများ''နှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး လွှတ်တော်အခွင့် အရေး ကော်မတီက တင်သွင်းသည့် ''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေကြမ်း''ကို ပြည်သူ့လွှတ်တော်က ရုပ်သိမ်းကြောင်း ဆုံးဖြတ်သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့ သော ''အခြေခံပညာဥပဒေကြမ်း''ကို ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကဆုံးဖြတ်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့ သော ''ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေကြမ်း''ကို လက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိ ပေးပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ''မြန်မာနိုင်ငံ မီးပြတိုက်အက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း''ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း လွှတ်တော်က ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနက ''နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေ ကြမ်း''ကို တင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းပေး တင်သွင်းနိုင် ကြောင်း ကြေညာသည်။

No comments:

Post a Comment