Monday, November 30, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမရက်မြောက်နေ့ ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပရာ မေးခွန်း(၃)ခုမေးမြန်းခြင်း၊ အစီရင်ခံစာ(၂)ခု တင်သွင်းခြင်း၊ ဥပဒေကြမ်း(၄)ခု လက်ခံ ရရှိကြောင်းကြေညာခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီက အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့် မြန်မာ့ ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေ(မူကြမ်း)ပေါ်တွင် မည်သည့်ဥပဒေ၊ နည်းဥပေဒများကိုအခြေခံ၍ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မည်သို့လုပ်ကိုင်ခွင့်ပြုနေသည်ကို သိလိုခြင်းအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက မြန်မာ့ပင်လယ် ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ သတ်မှတ် ပြဌာန်းထားသော ဥပဒေစည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိကို စစ်ဆေးကြပ်မတ် နိုင်ရေးအတွက် တပ်မတော်မှ စစ်ဆေးရေးမှူးတာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ အဖွဲ့ရုံးမှ ထုတ်ပြန်တာဝန်ပေးအပ်ထားပြီး ပင်လယ်ပြင်အတွင်း တရားမ၀င်ငါးဖမ်းဆီးမှုများနှင့် ပင်လယ်ဖြတ် ကျော် ရာဇ၀တ်မှု(မူးယစ်ဆေးဝါး)များကို စစ်ဆေးကာကွယ်တားဆီးနိုင်ရန် ရေကြောင်းရဲတပ်ဖွဲ့အား ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်း ဥပဒေကို အသစ်ရေးဆွဲပြဌာန်းရန် ဆောင်ရွက်လျက်ရှိပြီး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါ ကြောင်း၊ အဆိုပါမူကြမ်းအား လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီနှင့် ပြည်သူ့လွှတ်တော်သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိမြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် တရားမ၀င် ငါးဖမ်းဆီးမှုများအပေါ် တည်ဆဲမြန်မာ့ပင်လယ်ငါး လုပ်ငန်းဥပဒေဖြင့်သာ အရေးယူဆောင်ရွက် လျက် ရှိပါကြောင်း။

နိုင်ငံသားရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ပညာရှင် ရေလုပ်သားများ ငှားရမ်း လုပ်ကိုင်ခွင့်ပြုပါရန် တင်ပြလာပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ သဘောထားတောင်းခံခြင်းအပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ရယူပြီး ငါးဖမ်းရာသီ တစ်ရာသီသာ စမ်းသပ်ခန့်ထားခွင့်ပြုခြင်းဖြစ်ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးအောင်က ဘီးလင်းမြို့နယ်အတွင်းရှိမု သင်ကျေးရွာ၊ လိပ်ခုံးကျေးရွာ၊ ညောင်ပလ္လင်ကျေးရွာအုပ်စုများရှိ စိုက်ပျိုးမြေများအား ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကမ်းပါတ် တမံများ အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဘီးလင်းမြစ်သည် ပင်လယ်နှင့်ဆက်စပ်နေပြီး ဒီရေအတက်၊ အကျရှိ၍ ဘီးလင်းမြစ်ကမ်းပတ်တာအား ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာမှ ရွှေလှေကျေးရွာအထိ အလျား(၁၃ ဒသမ ၆)မိုင် တည်ဆောက်ပေးရမည်ဖြစ်ပြီး အဆိုပါကမ်းပတ်တာ တစ်လျှောက်ရှိ ရေနုတ်မြောင်းများနှင့် သဘာဝရိုး ချောင်းများပေါ်တွင် ရေထိန်းတံခါးများ၊ ရေထုတ်ပေါက်များ ထည့်သွင်းတည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ကမ်းပတ်တာ ထတည်ဆောက်ခြင်းသည် လုပ်ငန်းပမာဏကြီးမားပြီး အသေးစိတ်စူးစမ်းလေ့လာမှုများ အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်၍ လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ရှင်းလင်း ပြောကြား သည်။ 

ယင်းနောက် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီနှင့် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့က အစီရင်ခံစာများ ဖတ်ကြားတင်ပြကြသည်။ ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်းတို့ကို လက်ခံရရှိကြောင်း အသိပေးသည်။


ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာနက ဘက်စုံပို့ဆောင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုတင်သွင်းပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက တင်သွင်းသည့် တိရစ္ဆာန်ဆေးပညာ ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ချက်ဖြင့်အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

No comments:

Post a Comment