Monday, November 30, 2015

ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ





နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်း ၃ ခုအား မှတ်တမ်းတင်ခြင်း၊ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးရေးကိစ္စ ၃ ခုနှင့်စပ်လျဉ်း၍ဆွေးနွေးခြင်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဆွေးနွေး ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေး၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က သဘော တူညီ ထားသည့် အမြန်လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းလမ်းနှင့်တံတား အသုံးပြုခြင်း ဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် လမ်းမကြီးများ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ပေကျင်းကနဦးစာတမ်းကို မြန်မာနိုင်ငံ က ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ပေကျင်းကနဦးစာတမ်းကို မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ဘင်္ဂလားဒေ့ရှ် - တရုတ် - အိန္ဒိယ - မြန်မာ ၄ နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် စွမ်းအင်အသုံးချရေးတို့တွင် ဒေသတွင်း အစိုးရ များအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းစာတမ်းတွင် စည်းနှောင် မှုရှိသောအချက်များ ပါဝင်ခြင်းမရှိဘဲ ဆွေးနွေးပွဲ၏ရလဒ်အနေဖြင့် ဆွေးနွေးမှုများကို မှတ်တမ်းတင်၍ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများကို ဖော်ပြခြင်းသာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း  ကြေညာသည်။

ယင်းနောက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍  လွှတ်တော်ကိုယ်စား လှယ်များ၏ နိုဝင်ဘာ ၂၄ ရက်က ဆွေးနွေးချက်များအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်တွင်းအခွန်များဦးစီးဌာန၏ ၆ လပတ် အခွန် ကောက်ခံရရှိမှု နှိုင်းယှဉ်ချက်နှင့် ပြည်ပကြွေးမြီကိစ္စရပ်များကို  ပြန်လည်ရှင်းလင်းတင်ပြ သည်။ (ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ရှင်းလင်းတင်ပြချက်များမှ ပြည်ပကြွေးမြီကိစ္စရပ် ဆိုင်ရာများကို သီးခြားဖော်ပြထားပါသည်။)

ယင်းနောက် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် မြန်မာ-အစ္စရေး ကာကွယ်ရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ နှင့် မြန်မာ-အစ္စရေး လုံခြုံမှု အဆင့်အတန်းရှိသော သတင်းအချက်အလက် ကာကွယ်ရေးဆိုင်ရာ သဘောတူညီ ချက် တို့တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးကြပြီး အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ဆက်လက်၍  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း၏ မူနှင့်အခြေခံသဘော အပါအ၀င် ရငွေသုံးငွေများ နှင့်စပ်လျဉ်း ၍ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့က ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်ကိုယ်စားလှယ်များ ၏ ဆွေးနွေးချက်များသည် ရငွေ၊ သုံးငွေအပေါ် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးခြင်း မရှိသည့်အတွက် ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောနှင့်သက်ဆိုသည့် အကြောင်းများ အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းဆွေးနွေးခြင်းများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် စတင်ဆောင်ရွက်ရန် လျာထားကြောင်း အသိပေးကြေညာ သည်။


ယနေ့အစည်းအဝေးကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရပ်နားလိုက်ပြီး အစည်းအဝေး ဆဋ္ဌမနေ့ကို ဒီဇင်ဘာ (၁) ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရန် လျာထားကြောင်း သိရသည်။ 

No comments:

Post a Comment