Monday, November 30, 2015

အသိပေးနှိုးဆော်စာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အသိပေးနှိုးဆော်စာ

နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက်  အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ   နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့အမည်စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ(၂၀)ဖြင့် တင်သွင်းကြရမည် ဖြစ်သည်။


ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ  အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်းခံရမည် ဖြစ်ပါသည်။

ယနေ့အချိန်ထိ နိုင်ငံရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များသည် လည်းကောင်း၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည်လည်းကောင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း  တင်သွင်းသူဦးရေမှာ နည်းပါးလျက် ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့်  ရွေးကောက်ပွဲ ကုန်ကျစရိတ်အား သတ်မှတ်ရက် အတွင်း အမြန်ဆုံး တင်သွင်းကြရန် နှိုးဆော်အပ်ပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment