''အောက်မြန်မာပြည် လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်းဝင်
စပါး(၁)၊ စပါး(၂) စီမံကိန်းကာလတုန်းက တည်ဆောက်ခဲ့တဲ့ ကျွန်းပတ်တာတွေ၊ ရေငန်တားတာတွေနဲ့
ရေတံခါး တွေသတ်မှတ်ဒီဇိုင်း နှစ်(၃ဝ)ကျော်ခဲ့ပြီမို့ ပြောင်းလဲမှုတွေရှိလာလို့ပဲလား။
ဒါမှမဟုတ် သဘာဝချောင်းတွေ၊ တူးဖော်ထားတဲ့မြောင်းတွေ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောလာလို့ပဲ
လားမသိဘူး။ ဒီအခြေအနေတွေကြောင့် ပင်လယ်ရေငန်တားတာတစ်ခုဖြစ်တဲ့ ဘုရားကြီး ရိုးဇင်း ပေါင်တာအတွင်း
နွေပိတ်၊ မိုးချိုး၊ ချောင်းပိတ် စနစ်နဲ့ စိုက်ပျိုးကြတဲ့လယ်တွေ ဒီနှစ်မိုးစပါး၊ နွေစပါးစိုက်ပျိုးရေး
အဆင်ပြေပါ့မလားတောင် မသိဘူး''ဟု ၂ဝ၁၄ ခုနှစ် နှစ်ဦးပိုင်းက သမိန်ထော-သိမ်ကုန်းကျေးရွာမှ
လယ်သမားကြီး ဦးစံသိန်း၏ စိုးရိမ်သံကိုပြန်လည်ကြားယောင်မိသည်။
လယ်သမားကြီး ဦးစံသိန်းတစ်ယောက် ယခုကဲ့သို့ ညည်းမည်ဆိုလည်း
ညည်းချင်စရာ။ သပြေကန်-သိမ်ကုန်းဧရိယာသည် ယခင်နှစ် များအတွင်းက အချိန်ခါမဲ့ ပင်လယ်ရေငန်တက်၍
မိုးစပါးခင်းတော်တော်များများ ပျက်စီးခဲ့ရဖူးပြီ။ ရှိရင်းစွဲရေထုတ်အဆောက်အအုံများ၏
ကြံ့ခိုင်မှု အားနည်းလာသဖြင့်လည်း နွေစပါးအောင်ရေအတွက် အခက်ကြုံခဲ့ရဖူးပြီ မဟုတ်ပါလား။
သပြေကန်- သိမ်ကုန်းဧရိယာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်
သမိန်ထော- သိမ်ကုန်း ကွင်းသည်ပင်လျှင် တောင်သူ လယ်သမားကြီးများ ယခုကဲ့သို့ ညည်းတွား
စိုးရိမ်ပူပန်မှု ဖြစ်ရသည်အထိ စိုက်ပျိုးရေးအတွက် အဘက်ဘက်မှအခက် အခဲဖြစ်ပေါ်ခဲ့ရပါသည်။
ထို့ကြောင့်ပင်လျှင် ထိုဒေသ၏ စိုက်ပျိုးရေး မြန်ဆန်စွာ ပြောင်းလဲ တိုးတက်ရေးနှင့် လယ်ယာကဏ္ဍ
ဖွံ့ဖြိုးရေးအတွက် ဒေသခံ လယ်သမားများက သက်ဆိုင်ရာသို့ တောင်းဆိုလာရာ ဧရာဝတီတိုင်းဒေသကြီး
ဆည်မြောင်းဦးစီးဌာနမှ လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် ဆည်မြောင်းဦးစီးဌာနမှ သဘာဝချောင်း
တစ်ခုဖြစ်သည့် ဦးလုံချောင်းပေါ်တွင် ဦးလုံ ရေတံခါး(၄ ပေx ၄ ပေ = ၅ပေါက်) တည်ဆောက် ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် အောက်မြန်မာပြည်လယ်ယာမြေဖော်ထုတ်
ရေးစီမံကိန်းဝင် ကျွန်းပတ်တာ(Polder)များဖြစ်သည့် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ၊ ဘန့်ဘွေးစုကျွန်းပတ်တာ၊
ဇင်းဘောင်ကျွန်းပတ်တာ၊ ဒေါ်ငြိမ်း ကျွန်းပတ်တာ၊ မြို့ကုန်းကျွန်း ပတ်တာ၊ လက်ပန်ပင်ကျွန်းပတ်တာနှင့်
ဒေးဒလူ ကျွန်းပတ်တာဟူ၍ လည်းကောင်း၊ ပင်လယ်ရေငန်တား တာတမံ (Embankment) များဖြစ်သည့်
ဘုရားကြီး ရိုးဇင်းဘောင်တာနှင့် ငါးကြီးရိုး တာတမံဟူ၍ လည်းကောင်းရှိရာ ယခုဆောက်လုပ်သည့်
ဦးလုံရေတံခါးသည် ဘုရားကြီး ရိုးဇင်းဘောင်တာဧရိယာရှိ သမိန်ထော- သိမ်ကုန်းကျေးရွာအုပ်စုတွင်
တည်ရှိသော (Flap Gate & Slide Gate) နှစ်မျိုးပါ ပင်လယ်ရေငန်တား၊ ရေချိုထိန်း၊
မိုးရာသီတွင် ကွင်းရေနုတ်စနစ် ပါသော ရေတံခါးတစ်ခု ဖြစ်ပါသည်။ အဆိုပါ ရေတံခါးသည် အကျိုးပြုဧရိယာ
ဧက ၂ဝဝဝ ခန့်အား မိုးရာသီရေကြီး နစ်မြုပ်ခြင်း၊ နွေရာသီ ပင်လယ်ရေငန် ဝင်ရောက်ခြင်းများမှ
လျှော့ချကာကွယ် သွားနိုင်စေရေးအပြင် နွေစပါး အောင်ရေ ထိန်းနိုင်စေရေးနှင့် စိမ်းလန်းစိုပြည်ရေး
အတွက် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
'' အဓိကဦးတည်ချက်ကတော့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်
မိုးစပါးအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဦးစားပေးပေါ့။ နောက်တစ်ချက် ကတော့ ပြောင်းလဲလာနေတဲ့
သဘာဝဖြစ်စဉ်တွေ၊ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာတဲ့ ရာသီဥတုဖြစ်စဉ်တွေ၊ တိမ်ကောလာနေတဲ့
မြစ်တွေ၊ ချောင်းတွေ၊ နှစ်ကာလကြာမြင့်မှု အရပြောင်းလဲလာတဲ့သဘာဝဖြစ်စဉ်ကြောင့် ရေငန်ကာကွယ်မှု
လျော့ပါးလာတဲ့ တာတမံတွေ၊ ရေနုတ်နိုင်စွမ်း လျော့နည်းလာတဲ့ ရေထုတ် အဆောက်အအုံတွေရဲ့
အချိုးမညီတော့တဲ့ သဘာဝဂေဟဗေဒစနစ် (EcoSystem)တွေရဲ့အခြေ အနေအရ တည်ဆောက်ပေးရတာပါ။ လုပ်ငန်းစတင်
ဆောင်ရွက်တဲ့နေ့က တော့၂ဝ၁၅ ခုနှစ် ဇွန် ၁၆ ရက်ကပါ။ လေးပေပတ်လည် (၅)ပေါက်၊ Sill
Level{RL(-3)ft above M.S.L} ထားရှိပြီး Discharge (80)ft3/sec နဲ့ဒီဇိုင်းပုံစံထုတ်ပြီး
တည်ဆောက် ပေးထားတာပါ။ ဒီရေတံခါးမှာထူးခြား Fiber Glass ရေတံခါးရွက်ကို အသုံးပြုပြီး
သံချေးမတက်အောင် ဆောင်ရွက်ထားတာပါ။ ပင်လယ်ဆားငန်ရေကြောင့် သံချေးကိုက်ခြင်း ကာကွယ်ရန်နဲ့
နှစ်ရှည်ခံနိုင်အောင် Fiber Glass ရေတံခါးရွက်များကို ရေငန် ဒေသမှာပထမဆုံး အသုံးပြုခြင်းဖြစ်ပါတယ်။
အခု ဦးလုံရေတံခါး တည်ဆောက်မှု အားလုံးပြီးစီးသွားပါပြီ''ဟု ဆည်မြောင်းဦးစီးဌာန လက်ထောက်
ညွှန်ကြားရေး မှူး(မြို့ပြ) ဦးဇော်ဇော်က ပြောသည်။
ယခုအခါ ဦးလုံရေတံခါး တည်ဆောက်ပြီးစီးပြီဖြစ်၍
သမိန်ထော- သိမ်ကုန်းကျေးရွာအုပ်စု အပါအဝင် ကွန်ဒိုင်းကျေးရွာအုပ်စု၊ သမိန်ထော- သိမ်ကုန်းကျေးရွာအုပ်စုများရှိ
စိုက်ဧက၂ဝဝဝ ခန့်အား နွေစပါးအတွက် အောင်ရေ ထိန်းပေးနိုင်မည့်အပြင် မိုးရာသီရေကြီး နစ်မြုပ်ခြင်း၊
နွေရာသီ ရေငန်ဝင်ရောက် ခြင်းများမှ ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျွန်းပတ်တာအပြင်
ဘက်ရှိ ဇင်းဘောင်ချောင်းနှင့် ဦးလုံချောင်းများ တိမ်ကောလာသဖြင့် ရေပိုထုတ် လွှတ်မှုနှောင့်နှေး
ကြန့်ကြာရသည့် အခက်အခဲများမှလည်း လျော့ပါးသွား နိုင်မည်ဖြစ်ကြောင်း အဆိုပါရေတံခါး တည်ဆောက်ရေး
တာဝန်ခံ တစ်ဦးထံမှ သိရသည်။
''လာမယ့်နှစ်တော့ မိုးများပြီး ရေကြီးနစ်မြုပ်တဲ့ဒုက္ခ၊
ရေငန်ရောက်လို့စပါး ပျက်ရတဲ့ဒုက္ခတွေက သက်သာ လာလိမ့်မယ်လို့ ပြောနိုင်ပြီဗျာ။ ဘာလို့လည်းဆိုတော့
ပြီးခဲ့တဲ့နှစ်တွေက ခုလိုရေတံခါးလည်း မရှိတော့ စပါးစိုက်ပျိုးဖို့အတွက် နွေပိတ်၊ မိုးချိုးစနစ်နဲ့
သွားရတာလေဗျာ။ ဒီစနစ်ကလည်း ရေရှည် အဆင်မပြေ ပါဘူး။ မြေကြီးကအနီးအနားမှာ မရှိဘူး။ မြေယူဖို့
လယ်မြေကလည်း အဆင်မပြေတော့ဘူး။ ပြီးတော့အလုပ်သမား၊ မျောတိုင်၊ အုန်းပင်၊ ထန်းပင်နဲ့
ဝါး စတာတွေက ဆောင်ရွက်ဖို့ လိုသေးတယ် မဟုတ်လား။ ခုတော့ ဒီအခက်အခဲ တွေကလွတ်ပြီဗျာ။ ဒီလိုသာရေတံခါးတွေ
လိုအပ်တဲ့နေရာတွေမှာ ထပ်မံတည် ဆောက်ပေးမယ် ဆိုရင်တော့ လာမယ့်နှစ်တော့ ကျွန်တော်တို့
ဖျာပုံမြို့ကအစိမ်း ရောင်ကမ္ဗလာ ပတ်ချာလည် ကာရံထားတဲ့မြို့၊ ဆန်ရေစပါး ပေါများတဲ့ ထမင်းဈေးမြို့ကြီးအဖြစ်
ကမ္ဗည်းတပ်ရမှာ သေချာတယ်ဗျ။ လက်ရှိယခုရေတံခါး ဆောင် ရွက်ပေးနိုင်ခြင်း မရှိပေမယ့်လည်း
နွေပိတ်၊ မိုးချိုး တုတ်တန်းရိုက် ချောင်းပိတ်ပြီး နွေစပါးစိုက်ပျိုးနေရတဲ့ ငါးကြီးရိုးချောင်း၊
ရွာလယ်ချောင်း၊ အဖောင်ပင်မ ချောင်း၊ အဖောင်လက်ဝဲချောင်း၊ အဖောင်လက်ယာ ချောင်းများကိုလည်း
တစ်နှစ်ချင်း ရေတံခါးများ ဆောက်လုပ်ပေးမည် ဆိုပါက လယ်သမားတွေ ရေငန်ဝင်မှာ မပူရဘဲ နွေစပါးစိုက်ပျိုးနိုင်မှာမို့
ပံ့ပိုးကူညီပေးဖို့ အစိုးရကို မေတ္တာရပ်ခံလိုပါတယ်။ ရွှေကိုမလို ရေချိုသာလိုသည်၊ ရေငန်မဝင်ဖို့လိုသည်
ဆိုတဲ့ ကျွန်တော်တို့ လယ်သမားတွေ အတွက် ရေမှာဆိုဦးလုံ (ဦးလုံရေတံခါး)ကို အထူးယုံလိုက်
ပါလို့ပြောရမယ်ဗျို့ ''ဟု လယ်သမားကြီး ဦးစံသိန်းကအားပါးတရပြောသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်မြောင်းလုပ်ငန်းများ
စဉ်ဆက်မပျက် ဆောင်ရွက်ပေးနေရသည့် ဖျာပုံခရိုင်တွင် ကျွန်းပတ်တာ အလျား စုစုပေါင်း ၃၅၅
ဒသမ ၁၆ မိုင်၊ ရေတံခါး ၆၂လုံး၊ ရေထုတ်ပေါက် ၃၈၇ ပေါက်၊ ရေထိန်းတံခါးပေါက် ၁၄၉ ပေါက်၊
ကျွန်းတွင်း ဆက်သွယ်ရေး အဆောက် အအုံလေးခု၊ ရေနုတ်မြောင်းအလျား ၃ဝ၇ ဒသမ ၄၄ မိုင်နှင့်
ရေဘေး ကာကွယ်ဧရိယာ ဧက ၂၇၅ဝဝဝ ခန့်ဖြစ်ကြောင်းနှင့် လယ်သမားများ မိုးစပါး၊ နွေစပါးများ
အောင်မြင်စွာစိုက်ပျိုးနိုင်ရေးကို ဆည်မြောင်း ဦးစီးဌာနမှ ကြိုးစား ဆောင်ရွက်ပေးလျက်
ရှိကြောင်း သိရသည်။
သပြေထွန်း
No comments:
Post a Comment