Monday, November 30, 2015

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘော ခရီးစဉ် ကျောင်းသားလူငယ်များ ယဉ်ကျေးမှု ဖလှယ်ပွဲ တက်ရောက်ပြီး ပြန်လည် ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၂၉
(၄၂)ကြိမ်မြောက် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ ခရီးစဉ် (၂၀၁၅) ယဉ်ကျေးမှု ဖလှယ်ပွဲနှင့် ညစာ စားပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ (၆)နာရီခွဲက ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တက်ရောက် လာကြသည့် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ ခရီးစဉ်တွင် ပါဝင်သူများကို ညစာ စားပွဲအကြို နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi က နှုတ်ခွန်းဆက် စကား ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဂျပန် သင်္ဘော အုပ်ချုပ်ရေးမှူးတို့ အပြန်အလှန် လက်ဆောင် ပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီးက မလေးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ National Leader တစ်ဦးချင်းစီအား လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာ အကများနှင့် အာဆီယံ အထိမ်းအမှတ် တေးသီချင်း အကများဖြင့် လည်းကောင်း၊ သင်္ဘော ခရီးစဉ်တွင် လိုက်ပါလာကြသည့် (၁၁)နိုင်ငံမှ ကျောင်းသား ကျောင်းသူများက မိမိတို့ နိုင်ငံအလိုက် ရိုးရာ တေးသီချင်း အကများဖြင့် ယဉ်ကျေးမှု ဖလှယ်ပွဲတွင် သီဆို ဖျော်ဖြေကြကာ ညစာကို အတူတကွ သုံးဆောင်ကြသည်။
သင်္ဘော ခရီးစဉ်တွင် လိုက်ပါလာကြသည့် လူငယ်များသည် အုပ်စုအလိုက် ခွဲ၍ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ် (၈)ခုသို့ သွားရောက် လေ့လာခဲ့ကြရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ စကား ပြောကြားကြသည်။

မြန်မာနိုင်ငံတွင် (၃)ရက်တာ ရောက်ရှိနေသည့် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ လိုက်ပါလာသော သင်္ဘော ခရီးစဉ် သင်္ဘောကြီးသည် ယနေ့ ညနေ (၃)နာရီခွဲတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန် ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြပြီး ကျောင်းသား ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေ နှုတ်ဆက် ဂုဏ်ပြုခဲ့ ကြကြောင်း သိရသည်။

No comments:

Post a Comment