Wednesday, November 25, 2015

ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုမှ သေဆုံးသူတစ်ဦး ထပ်မံရှာဖွေတွေ့ရှိ


နေပြည်တော် နိုဝင်ဘာ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကမ်ခမ်ကျေးရွာတွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက စွန့်ပစ်မြေစာပုံပြိုကျရာမှ လူများ မြေစာပိသေဆုံးခဲ့သည်။ ယနေ့တွင် မြေစာပုံ အတွင်းမှ သေဆုံးသူတစ်ဦး ထပ်မံရှာဖွေတွေ့ရှိခဲ့ သည်။


အဆိုပါစွန့်ပစ်မြေစာပုံ ပြိုကျရာနေရာတွင် ပြည်နယ် အစိုးရအဖွဲ့များ၊ တပ်မတော်နှင့်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စွန့်ပစ်မြေစာပုံပြိုကျရာနေရာတွင် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လုံးခင်း ရဲစခန်းမှ စခန်းမှူး ဦးထင်ကျော်အား ဆက်သွယ်မေးမြန်း မှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။ဖားကန့်မြို့ မြေစာပုံပြိုကျမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေလေး သိချင်ပါတယ်။

ဖြေ။ ။ဒီနေ့တော့ ကျွန်တော်တို့ ဘတ်ဟိုးယာဉ် ၂၁ စီးနဲ့ ရှာဖွေမှုတွေလုပ်ပါတယ်။ လူမှုကူညီရေးအဖွဲ့တွေရော အားလုံးလူအင်အား ၄ဝဝ လောက်ပါတယ်။ ဒီနေ့ကတော့ သေဆုံးသူအမျိုးသားတစ်ဦးကို ထပ်မံရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း အခင်း ဖြစ်တဲ့နေရာကို ဒီနေ့ ၁ နာရီအချိန်လောက်မှာ ရောက် ပါတယ်။ နောက်ပြီးတော့ ဆိပ်ဖြူကျေးရွာမှာရှိတဲ့ မဏိ သုခကျောင်းတိုက်မှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို အထောက်အပံ့တွေ ပေးပါတယ်။ ထောက်ပံ့ကြေးအနေနဲ့ ကတော့ သေဆုံးသူသိတဲ့မိသားစုတွေကို ငွေကျပ်ခြောက်သိန်း နဲ့ ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာ ထောက်ပံ့ပါတယ်။ သေဆုံးသူမသိသေးတဲ့မိသားစုတွေကို ငွေကျပ် လေးသိန်း၊ ဆန်တစ်အိတ်နဲ့ ဆီနှစ်ပိဿာကို လျာထားပြီးတော့ ပေးအပ်သွားမှာဖြစ်ပါတယ်။

မေး။ အခု ဒီနေ့အတွက်ကတော့ တစ်ယောက်ပဲ ရှာဖွေတွေ့ရှိတယ်ဆိုတော့ အရင်နေ့နဲ့ ပေါင်းလိုက် ရင် သေဆုံးသူဘယ်နှစ်ဦးဖြစ်သွားပြီလဲ။

ဖြေ။ ဒီနေ့ဆိုရင် လေးရက်မြောက်နေ့ရှိပါပြီ။ ပထမ ဦးဆုံးနေ့က ၇၉ ဦး၊ ဒုတိယနေ့မှာတော့ ၂၆ ဦး၊ တတိယနေ့မှာတော့ ရှစ်ဦး၊ ဒီနေ့ လေးရက်မြောက် နေ့မှာတော့ ကျားတစ်ဦး စုစုပေါင်းအနေနဲ့ကတော့ ၁၁၄ ဦး ရရှိထားပါပြီ။

မေး။ ရှာဖွေတွေ့ရှိတာ ဒီနေ့အထိ ၁၁၄ ဦးရှိပြီ ဆိုတော့ မြေစာပုံပိသွားတဲ့အိမ်ခြေက ဘယ်လောက် ရှိနိုင်ပါသလဲ။


ဖြေ။ မြေစာပုံပိသွားတဲ့ အိမ်ခြေက ၃ဝ နဲ့ ၅ဝ ကြား ပတ်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

မေး။ မြေစာပုံတွေက ဘယ်ကနေဖြစ်လာတာ ပါလဲ။

ဖြေ။ ဖားကန့်မှာ နိုင်ငံတော်ကို တရားဝင်ခွင့်ပြုချက် လျှောက်ပြီးတော့ ကုမ္ပဏီတွေနဲ့ နိုင်ငံတော်နဲ့ အကျိုးတူ ကျောက်မျက်လုပ်ကွက်တွေ အများကြီး ရှိပါတယ်။ ဧကမိုင်ဆယ်ဂဏန်း ပတ်လည်လောက် ရှိပါတယ်။ အဲဒီလိုရှိတဲ့အခါ မြေစာပုံစွန့်မယ့်နေရာ တွေကိုလည်း နိုင်ငံတော်ကို ကုမ္ပဏီတွေက တရားဝင် တောင်းခံပါတယ်။ တောင်းခံပြီးတော့ စုပုံပါတယ်။ စုပုံတဲ့အခါမှာ သူတို့ အကျိုးတူကုမ္ပဏီတွေကနေပြီး တော့ ရှာပြီးသွားတဲ့မြေကြီးတွေပါ။ အဲမြေစာတွေကို သတ်မှတ်စွန့်ပစ်နေရာမှာ ကျွန်တော်တို့ စွန့်ပစ်ပါ တယ်။ စွန့်ပစ်တဲ့အခါမှာ မြေစာထဲမှာ ကျောက်အချို့ ကျန်ပါတယ်။ အဲဒီကျောက်တွေကလည်း တချို့ဆိုရင် သိန်းဂဏန်း၊ သောင်းဂဏန်း နောက်ပြီးသိန်းရာ ဂဏန်းအထိရတဲ့ အနေအထားတွေ လည်းရှိပါတယ်။ အဲဒါတွေကို ကျောက်နားလည်တဲ့ အနယ်နယ် အရပ်ရပ်က လူတွေက ရေမဆေးကျောက်လို့ ခေါ်ပါတယ်။ အဲဒါတွေကို လာရောက်ပြီးတော့ ရှာဖွေကြတာပါ။ ရှာဖွေရင်းနဲ့ သူတို့က ကျေးရွာ မြို့တွေနဲ့လည်း ဝေးတဲ့အခါကျတော့ အဲဒီ နားလေးမှာပဲ တဲထိုးပြီးတော့ နေကြတာပါ။ နေတဲ့ အချိန်မှာ အခုလိုဖြစ်သွားတာပါ။

မေး။ ဒီလိုမျိုးအန္တရာယ်တွေ ဖြစ်နိုင်တယ်ဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက တားဆီးတာတွေ ရော ရှိပါသလား။

ဖြေ။ ရှိပါတယ်။ ကျွန်တော်တို့ မကြာမကြာ ရှင်းလင်းတာတွေလုပ်ပါတယ်။ ဒါပေမယ့် ကျောက် တစ်လုံးအတွက် ရရှိတဲ့တန်ဖိုးကလည်း မက်မော စရာဖြစ်နေတော့ တော်တော်လေးကို ခက်ခက်ခဲခဲ ရှိပါတယ်။ နားလည်သဘောပေါက်ဖို့ကတော့ တော်တော်လေး ပြည့်ဝဖို့လိုအပ်ပါတယ်။

မေး။ အရင်တုန်းကရော မြေစာပုံပြိုတာတွေ ဖြစ်ဖူးပါသလား။

ဖြေ။ မနှစ်ကတော့ အခုလောက်နီးပါး အနေအထား တစ်ကြိမ်ကြားသိရပါတယ်။ ကြားထဲမှာလည်း အခုလို တစ်ယောက်စ၊ နှစ်ယောက်စ မြေစာပုံ ပိတဲ့ဖြစ်စဉ်လေးတွေလည်း ကျွန်တော်တို့ ကြုံတွေ့ ရပါတယ်။

မေး။ အဲဒီလိုကြုံခဲ့ဖူးရဲ့သားနဲ့ ဒီလိုတွေဖြစ်တာ ဆိုတော့ ဘယ်လိုတွေ တားဆီးထားလဲဆိုတာကို ပြောပြပေးပါဦး။

ဖြေ။ အမှန်ကတော့ သူတို့က သိတော့သိပြီးသားပါ။ ဒီမှာ အဓိကတော့ လုပ်ငန်းခွင်နေရာကို သူတို့မချဉ်း ကပ်ဖို့ ပြောဆိုထားတာတွေရှိတယ်။ ကျွန်တော်တို့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကလည်း စုပေါင်းပြီး တော့ ရှင်းတဲ့အနေအထားတွေရှိတယ်။ ရှင်းလိုက်ပြီ ဆိုရင်လည်း ခဏပဲ။ လုပ်ကွက်တွေက မြို့နဲ့ဆိုရင် ၁ဝ မိုင်ကျော်အကွာမှာရှိကြတယ်။ သွားရေးလာ ရေးကလဲ ခက်တယ်။ သူတို့ကတော့ အဲဒီမှာပဲ ဖြစ်သလို အချိန်ပြည့် တဲလေးတွေထိုးပြီးတော့ နေကြတာပါ။ လူနေတယ်ဆိုတော့ မုန့်ဆိုင်လေးတွေ လည်းရှိပါတယ်။ အဲဒီမှာသူတို့က မှီတွဲပြီးတော့ မပြန်ကြဘဲ နေကြတာပါ။

မေး။ အခုလိုမျိုး အသက်ပေါင်းများစွာဆုံးရှုံးသွားတယ်ဆိုတော့ နောက်တစ်ခါ ‘ဒီလိုမဖြစ်အောင် ဆရာတို့အနေနဲ့ ဘယ်လိုတားဆီးမှုတွေ ပြုလုပ် သွားမယ်ဆိုတာကို ပြည်သူတွေသိအောင် ပြောကြား ပေးပါဦး။

ဖြေ။ ဒါကတော့ ကုမ္ပဏီတွေဘက်ကလည်း စနစ် တကျနဲ့ အန္တရာယ်မရှိနိုင်တဲ့ အနေအထားမျိုးတွေမှာ သူမြေစာပုံတဲ့လုပ်ကွက်တွေရယူဖို့ လိုအပ်သလို၊ မြေစာပုံတွေနားမှာလဲ ရေမဆေးကျောက်သမားတွေ ဟာ အခြေချပြီးတော့ နေထိုင်မှုမရှိဘူးဆိုရင် အဆင်ပြေသွားမှာပါ။ အဲဒီအသိတရားကို နှစ်ဖက် လုံးက ရှိဖို့လိုပါတယ်။


သတင်းအဖွဲ့

No comments:

Post a Comment