Wednesday, November 25, 2015

နိုင်ငံရေးမူဘောင်မူကြမ်းရေးဆွဲရန်အတွက် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်ရှစ်ဦးကို လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုရွေးချယ်မည်


ရန်ကုန် နိုဝင်ဘာ ၂၄
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ (NCA) စာချုပ်ကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ စာချုပ်ပါအချိန် သတ်မှတ်ချက်အရ လက်မှတ်ရေးထိုးထားပြီးနောက်ပိုင်းရက်ပေါင်း ၆ဝ မတိုင်မီ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲ များ တရားဝင် စတင်နိုင်ရန်လိုအပ် သည်။ လက်မှတ်ရေးထိုး ပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ များစတင်နိုင်ရန်အတွက် ဇန်နဝါရီ ၁၄ ရက်မတိုင်မီ အချိန်အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သည်။

ထို့ကြောင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် မူကြမ်းရေးဆွဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အကောင် အထည်ပေါ်လာစေရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အား ဖွဲ့စည်းခဲ့သည်။
နိုင်ငံရေးမူဘောင် မူကြမ်းရေးဆွဲရန်အတွက် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အတည်ပြုရွေးချယ်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တွင်ပါဝင်သည့် နိုင်ငံရေး ပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးအနက်မှ နိုင်ငံရေး မူဘောင်မူကြမ်းရေးဆွဲရန်အတွက် ရှစ်ဦးကို လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံရေးပါတီအစုအဖွဲ့မှ သီးသန့် အစည်းအဝေးပြုလုပ်ပြီး အတည်ပြုရွေးချယ်သွားနိုင် မည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ ကျင်းပသည့် စုံညီအစည်း အဝေးအပြီး သတင်းစာရှင်းလင်း ပွဲ၌ (အပေါ်ယာပုံ)အစုအဖွဲ့သုံးခု၏ ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးလှမောင်ရွှေ (MPC) ၊ ဦးခွန်မြင့်ထွန်း(PNLO)နှင့် ဦးစိုင်းကျော်ညွန့် (SNLD) တို့၏ နိုင်ငံရေး မူဘောင် မူကြမ်းရေးဆွဲရေးနှင့် ပတ်သက်ပြီး ပြောကြား ခဲ့သည်များကို ကောက်နုတ်ဖော်ပြပါသည်။
ဦးစိုင်းကျော်ညွန့်
(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD)

ပါတီတွေဘက်ကတော့ မူကြမ်းရေးဆွဲရေးကော်မတီ အတွက် အကြမ်းဖျင်း ရှစ်ဦးကို ရွေးချယ်ပြီးပါပြီ။ ဒီရှစ်ဦး ဟာ ကော်မတီဝင် ၁၆ ဦးထဲကနေပဲ ရွေးချယ်မှာပါ။ ရွေးချယ်ဖို့အတွက် အချို့ပါတီတွေရဲ့ ဆုံးဖြတ်ချက် ပါမလာသေးလို့ ၂၇ ရက် မနက်ပိုင်း အစည်းအဝေးမှာ နိုင်ငံရေးအစုအဖွဲ့က သီးခြားတွေ့ဆုံဆွေးနွေးပြီး အတည် ပြုမယ်။ ပြီးရင် အကြံပေးအဖွဲ့တွေရဲ့ အခန်း ကဏ္ဍတွေ၊ နည်းပညာအထောက်အကူပြုအဖွဲ့တွေကို ဘယ်လိုဖွဲ့စည်း မယ်ဆိုတာကို နိုင်ငံရေးအစုအဖွဲ့က သီးခြားတွေ့ ဆုံ ဆွေးနွေးမယ်။ ပြီးရင်အတည်ပြု နိုင်ပါလိမ့်မယ်။
မူဘောင်ကတော့ အချိန်ကာလလည်း တိုတောင်းတဲ့ အချိန်မှာ ဘယ်လောက်ထိလုပ်နိုင်မလဲပေါ့။ ဒါပေမယ့် နောက်တက်လာမယ့်အစိုးရနဲ့ ပြုလွယ်ပြင်လွယ်ဖြစ် အောင် လက်ရှိလုပ်ဆောင်သွားတဲ့ အဖွဲ့အစည်းတွေက ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဝိုင်းဝန်းစဉ်းစားကြမှာပါ။ နောက်ဆိုရင် အစိုးရဘက်မှာလည်း အပြောင်း လဲရှိသွား မယ်။ နောက်တိုင်းရင်းသား လက်နက်ကိုင် ဘက်မှာလည်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာတဲ့အခါမှာ rigid ဖြစ်သွားတယ်ဆိုရင် သူတို့ပါဝင်ခွင့်မရှိအောင် လုပ်ခဲ့မိသလိုမျိုးဖြစ်ပြီး ကျွန်တော်တို့ အခုပါဝင်နေကြတဲ့ လူတွေရဲ့အပြစ် ဖြစ်သွားပါလိမ့်မယ်။ မူကြမ်းရေး ဆွဲမယ့် သူတွေက အတတ်နိုင် ဆုံးနောင်လာမယ့် အခင်းအကျင်းနဲ့ လည်းသင့်တော်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ဖြေရှင်း ချက်ကိုပါ ထည့်သွင်းစဉ်းစားပြီး အားသွန်ခွန်စိုက် လုပ်သွားမယ်လို့ ပြောချင်ပါတယ်။
ဦးလှမောင်ရွှေ (အထူးအကြံပေး၊MPC)
''ဒီနေ့ဆွေးနွေးပွဲမှာ နိုင်ငံရေးမူဘောင်ကို သွားနိုင် ဖို့အတွက် အစုအဖွဲ့တစ်ဖွဲ့စီကို ကိုယ်စားလှယ် ရှစ်ဦး ပါဝင်တဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးကော်မတီကို စတင် ဖွဲ့စည်းခဲ့တယ်။ လာမယ့် ၂၇ ရက်မှာ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲအတွက် လိုအပ်တဲ့အစည်းဝေးတွေကို စတင်ပါမယ်။''
ဒီနေ့ဆုံးဖြတ်တာ ၁ဝ ခုလောက်ရှိပါတယ်။ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)က ပြဋ္ဌာန်း လိုက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ဆိုတဲ့ အမြင့်ဆုံး အစည်းအဝေး ရှိတယ်။ သူကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ဆိုတာ ဖွဲ့စည်းပေးလိုက်တာ ဖြစ်တယ်။ အဲ့ဒီကနေ နိုင်ငံရေးပါတီက ကိုယ်စားလှယ် ၁၆ ဦးနဲ့ အကြံပေး ရှစ်ဦးပါလာပြီ။ ၂ဝ၁၅ နိုဝင်ဘာ ၂၇မှာ နိုင်ငံရေးပါတီက ရှစ်ဦး၊ တိုင်းရင်းသားလက်နက် ကိုင်က ရှစ်ဦးနဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော် က ကိုယ်စားလှယ် ရှစ်ဦးပါတဲ့ မူကြမ်းရေးဆွဲရေးကော်မတီ ကစပြီးတော့ ရေးဆွဲပါမယ်။ ဒီဆွေးနွေးပြီးတာတွေကို ပြင်ဆင်ပြီးရင် ဒီဇင်ဘာလဆန်းမှာ နေပြည်တော်မှာ JICM အစည်းအဝေးရှိမယ်။ UPDJC အစည်းအဝေး ရှိပြီးရင် အဲ့ဒီမှာ ကျွန်တော်တို့ အပြီးသတ်နိုင်လိမ့်မယ် လို့ ထင်တယ်။
မူဘောင်ရေးဆွဲတဲ့ အခါမှာ အခက်အခဲလည်း ရှိနိုင် တယ်။ နိုင်ငံရေးမူဘောင်ဆွေးနွေးရာမှာ ရှေ့မှာဆွေးနွေး ခဲ့ပြီးတာတွေကို ဘာတွေကိုဆွေးနွေးကြမယ်။ ဘယ်သူ တွေတက်ရောက်မလဲ။ ဘယ်လိုအရေအတွက်နဲ့ တက်ရောက်ကြမလဲ။ ဒီလိုမျိုးဆွေးနွေးပွဲတွေကို ဘယ်လို ပုံစံမျိုးနဲ့ ကျင်းပမလဲ (ဆိုလိုတာက National Level မှာ လုပ်သလို Regional Level မှာ လုပ်သလား)ဆိုတာတွေ ပါမယ်။ နောက်ဆုံးကတော့ ဆုံးဖြတ် ချက်ချခြင်းပါ။ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင်တော့ ဘယ်လိုပုံစံနဲ့ ဆုံးဖြတ်ကြမလဲပေါ့။ ဒါတွေကို JICM နဲ့ UPDJC မှာက အစိုးရနဲ့ လက်နက်ကိုင်တွေမှာ ဆွေးနွေးခဲ့ပြီးပြီပါ။ ဒါကို နိုင်ငံရေးပါတီတွေရဲ့ လာမယ့်နိုဝင်ဘာ ၂၇ ရက်နေ့ ဆွေးနွေးပွဲမှာ ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြု ကြမှာပါ။
ဦးခွန်မြင့်ထွန်း (ဥက္ကဋ္ဌ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO)
မူကြမ်းရေးဆွဲရေးကော်မတီမှာ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ရဲ့ ၁၆ ဦးထဲက တစ်ဖွဲ့ကို တစ်ဦးစီ ရွေးချယ်ထားပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ က လက်ရှိအနေအထားမှာ လက်မှတ်မရေးထိုး သေးပေမယ့် လက်ရှိNCA စာသားအပေါ်မှာ အငြင်းမထွက်ပါဘူး။ NCA စာသားတွေ အားလုံးအပေါ်မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အားလုံးပါဝင်ရေးမူမှာတော့ အဓိပ္ပာယ်ဖွင့်ဆို မှုတွေက အနည်းနဲ့အများ မတူညီ ခဲ့ကြ တွေရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်ရင် အားလုံးပါဝင် ရေးမူလို့ အဓိပ္ပာယ်ဖွင့် ဆိုချင်တဲ့ သူတွေရှိသလိုNCA ကို အားလုံးလက်မှတ်ထိုးမှ အားလုံးပါဝင်ရေးမူလို့ အဓိပ္ပာယ် ဖွင့်ဆိုချင်တဲ့ သူတွေလည်း ရှိနေပါတယ်။ NCA မှာ ကျန်တဲ့အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့ အပြည့်အဝမျှော်လင့်ထားတယ်။ လက်ရှိအခြေအနေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေ အပေါ်မှာ မူတည်ပြီး ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတာကို နားလည်နိုင်တယ်။ သူတို့ပါဝင်နိုင် ဖို့လည်း လမ်းဖွင့်ပြီးဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာ လက်မှတ် ရေးထိုး ထားတဲ့အဖွဲ့တွေက လက်ရှိစစ်ပွဲတွေကို လျှော့ချဖို့၊ ရပ်ဆိုင်းဖို့ တပ်မတော်ဘက်ကို ပန်ကြားခဲ့တာ တွေရှိတယ်။ ညှိနှိုင်းဆွေးနွေးခဲ့တာတွေရှိတယ်။ လာမယ့်ကာလမှာတော့ အစိုးရရော၊ တပ်မတော်ပါ အလေး အနက်ထားပြီး ဆောင် ရွက်သွားမယ်လို့ မျှော်လင့်ပါတယ်။
လက်ရှိတွင် နိုင်ငံရေးမူဘောင် မူကြမ်းရေးဆွဲရန် အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့က ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးခင်ရီ၊ MPC မှ အထူးအကြံပေး ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေ တို့အား ရွေးချယ်ထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ကရင်အမျိုး သား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ချင်းအမျိုးသားတပ်ဦး(CNF) မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ အထူးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) မှ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက်အထွေထွေ အတွင်း ရေးမှူး(၂) ပဒိုမန်းမန်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဗဟိုကော်မတီဝင် ခွန်ထွန်းတင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ အထူးအကြံပေး စိုင်းခွမ်မိန်းတို့ ပါဝင်သည်။
သတင်း-ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment